နိဂုံးသို့ …

နိဂုံးသို့ …Meditation-leaf

လူ တစ်ယောက်ဖြစ်လာသည် လူတစ်ယောက် သေသွားသည် ။ထိုသို့ သေသွားသော အဆုံးနိဂုံးသို့ လမ်းကြောင်းကို မိမိရဲ့ အသိဥာဏ်အတွင်းမှာ နားလည်သလောက် ရှင်းပြ ဆွေးနွေးပြခြင်းသာပါ ။

ဓမ္မ

ဓမ္မ ဆိုသည်မှာ .. တရား .. .. ဘယ်လိုတရားလဲဆိုရင် အမှန်တရား …။ ဘယ်လိုမှန်တာကို ဆိုလိုသလဲ ဆိုရင်ဖြင့် . လောကီ ရော လောကုတ္တရာရော နည်းလမ်းနှစ်သွယ်ဖြင့် .. စစ်စစ်ပေါက်ပေါက် တွက်ချက် စစ်ဆေးနိုင်တဲ့ တရားပင်ဖြစ်သည်  ။ အဲ့ဒီလို စစ်ဆေးတဲ့အခါမှာလည်း လုံးဝ မှန်ကန်နေမှ ဓမ္မ လို့ ခေါ်ဆိုပါလိမ့်မည်  ။ လောကီ ဆိုသည်မှာ.. လူမှုရေးလောကထဲက သားရေး သမီးရေး စီးပွားရေး လူမှုရေးတွေကို ခေါ်ဆိုခြင်း ဖြစ်ပေသည် ..။ လောကုတ္တရာဆိုသည်မှာလည်း လောက လူ့သဘာဝ အတွက် ဆင်းရဲငြိမ်းရာ ၊ ဒုက္ခ လွတ်ရာ ၊ ငြိမ်းချမ်းခြင်း တည်ရှိရာ ၊ သေခြင်းတရားကို အောင်နိုင်ခြင်းသဘော စသည့် ဘဝရဲ့ အနှစ် ၊ သုံးဆယ့်တစ်ဘုံသားတွေရဲ့ အမြင့်မြတ်ဆုံးနေရာ ၊ ပညာရှိတို့ အလိုရှိအပ်တဲ့ အရာ .. အဲ့ဒီ နေရာကို တရားဓမ္မ သို့မဟုတ် လောကုတ္တရာ ရေးရာလို့ ခေါ်ဆိုပါသည် ။

ရုပ်နဲ့ နာမ်

ရုပ် ဆိုသည်က ထိတွေကိုင်တွယ် မြင်နိုင်စွမ်း ပေးနိုင်သောအရာအားလုံးကို ဆိုလိုပြီး နာမ်ဆိုသည်မှာက တွေးတောကြံစည် စဉ်းစားဆင်ခြင် ပိုင်းဖြတ်တတ်သည့် မမြင်နိုင်သော အာရုံခံအရာဟု ဆိုလိုပေသည်။ ရုပ်တိုင်းဟာ အကြွင်းမဲ့ မမြဲသောတရား  ။ ဖြစ်တည်လာတိုင်း ပြန်ပျက်သွားတာချည်းပင်ဖြစ်သည် ။ ထို့အတူ နာမ်တိုင်းဟာလည်း ဖြစ်တည်ပြီး ပြန်ပျက်တဲ့ အစားပင် ဖြစ်သည် ။ ဒီရုပ်နဲ့နာမ်ကို လူတိုင်းအသိအမြင်တွေထဲမှာတော့ အမြဲတစေ တည်ရှိနေမဲ့ အရာဟုသာ … မြင်နေကြလေသည် ။ ဒါဘာကြောင့်လဲဆိုရင် .. အသိဥာဏ်ရဲ့ နက်နဲမှု အပိုင်း အားမကောင်းသေးလို့သာပင် ဖြစ်သည် ။ သညာအသိ ဖြစ်တဲ့ အပေါ်ယံအသိတွေကြောင့် .. ပညာအသိထိ မထိုးထွင်း မမြင်နိုင်သမျှကာလပတ်လုံး .. ထိုသူသည် မိမိရဲ့ဘဝ မိမိရဲ့တည်ရှိနေခြင်းကို မြဲသည်ဟု အတွင်းစိတ်ပိုင်းက ယူဆနေပါလိမ့်မည် ။

ဘဝနှင့် ဓမ္မ

ဘဝ .ရှိလာသည် ။ မွေးဖွားခဲ့ပြီး ကြီးပြင်းလာပြီ … မကြာမှီ အိုမင်းလာကာ ပြန်လည် အဆုံးသတ် သေဆုံးသွားရပါလိမ့်မည် ။ ဒါကို ဘဝတစ်ခုဟု လူတိုင်း သတ်မှတ်ထားကြသည် ။ ထို့အထဲကမှ လူဟူတဲ့အသိနဲ့ ပညာမျက်စိတပ်ပြီး ထိုးထွင်းကြံဆကာ ဘဝထဲက ဓမ္မကို ထုတ်ဖော်တတ်ဖို့လိုပေသည် ။ ဘဝမှ ဓမ္မတရားသဘောကို သဘောမပေါက်သွားဘူးဆိုရင်ဖြင့် ခုလို ရရှိလာတဲ့ လူ့ဘဝဟာ ပစ္စည်းဥစ္စာတွေ တောင်လို ပုံပင် ပုံပါစေ  ၊ ဇိမ်ခံပစ္စည်းတွေလည်း ကမ္ဘာနှင့်အမျှ ပြည့်လောက်အောင် ပိုင်ဆိုင်ထားချင်လည်း ထားပါစေ .. ဘဝဖြစ်တည်မှု နဲ့ နှိုင်းဆလိုက်မယ်ဆိုရင် တန်ဖိုးခြင်းမှာ မယှဉ်သာအောင် ဓမ္မသဘောက အမြဲလိုလို ထိပ်ဆုံးမှာပင် ရှိနေပါလိမ့်မည် ။ အဲ့ဒီလို မြင်နိုင်ဖို့မှာကလည်း မြင်နိုင်စွမ်း ပညာ ရှိပါမှ မြင်နိုင်ပြီး လောဘမက်မော ကိလေသာ ထူပြောနေတဲ့ ပုဂ္ဂိုလ်တို့အတွက် မြင်နိုင်မှု မဲ့နေပါလိမ့်မည် ။

ဘဝနှင့် နေနည်း

ဘဝသည် ထိုသို့ ဖြစ်လျှက် ထိုသို့ပျက်တတ်သည်ဟု သိထားကြလေသည် ။ ထိုသို့သိပြီး ဓမ္မလမ်းကို အပြီးတိုင် လိုက်နာနိုင်မည် ဆိုလျှင်ကား ကောင်းပါ၏ ။ ထိုသို့မဟုတ်ပဲ .. လောကီဘက်လည်း လမ်းပြတ် လောကုတ္တရာဘက်လည်း မပေါက်မြောက်ဆိုရင်တော့ .. လူအများ ကဲ့ရဲ့စရာ ဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုပါ ကဲ့ရဲ့တတ်သည့်အထိ ဖြစ်လာပါလိမ့်မည် ။ သက်မဲ့ အသုံးအဆောင် ပစ္စည်းတွေသည် .. မိမိတို့မသေခင် အသုံးပြုလို့ရတဲ့ အထောက်အပံ့တွေသာပင် ။ သေသွားပြီဆိုတာနဲ့ ကျွန်ုပ်တို့ ချစ်လှပါပြီဆိုတဲ့ ဒီခန္ဓာ ဒီစည်းစိမ် နဲ့ ဒီမွေးချင်းမိဘ ပတ်ဝန်းကျင်တွေကို ထားခဲ့ရမှာ အမှန်ပင်ဖြစ်ပေသည် ။ ဒီတော့ ဆိုင်နိုင်တုံး ဆိုင်သည် မဆိုင်တဲ့အချိန် ဘာမှ မဆိုင်တော့တာမို့ … စွဲလမ်းမှု မပြင်းပြပဲ ဓမ္မသဘောတရားနဲ့သာ နှလုံးသွင်းနေတတ်ဖို့ လိုပေသည် ။ လူမှု ကိစ္စတွေလည်းလုပ် ဓမ္မသဘောတွေလည်း ဆင်ခြင်ရင်း .. အမြင့်မြတ်ဆုံးနေရာသို့တိုင် ချဉ်းကပ်စေချင်သည် ။

ဘဝရဲ့ ဓမ္မ

ဘဝနဲ့ ရင်းပြီး .. ဘဝနဲ့စာပြီး တွေးခေါ် ပိုင်းဖြတ် သုံးသပ်ကြည့်မယ်ဆိုပါက .. ဖြစ်ခဲ့တဲ့ အရာအားလုံး ၊ ရှိခဲ့တဲ့ ပိုင်ဆိုင်မှု အားလုံး မမြဲသော တရားများပင်ဖြစ်ပေသည် ။ ထို့အတူ ဖြစ်နေဆဲ ၊ ပိုင်ဆိုင်နေဆဲ အရာများသည်လည်း မမြဲတာတွေချည်းပင် ။ နောက်ဖြစ်လာမဲ့ အနာဂတ်ဆိုတာသည်လည်း အသစ်တွေထပ်ဖြစ်ရင်း မမြဲခြင်းတွေသည်သာ အစဉ် စိုးမိုး ဖြစ်ပေါ်လာမှာ မလွဲပါပေ ။ ခုလို ရလာတဲ့ ဒီဘဝ ပြန်လည်လို့ မပျက်သေးခင် အသိဥာဏ်အလင်း မလင်းလက်သွားဘူးဆိုရင်ဖြင့် … သံသရာမှာ ထပ်ထပ်ပြီး မျှောပေရုံပဲ ရှိပါလိမ်မည် ။

သံသရာ ဟူသည်

အဆက်မပြတ်ပဲ လည်ပတ်နေခြင်းကို ဆိုလိုပါသည် ။ ဘာကြောင့် အဆက်မပြတ်လဲဆိုရင် ကျွန်ုပ်တို့ရဲ့ စိတ်တွေကြောင့် ပင်ဖြစ်သည် ။ တချို့ကဆိုသည်   “သံသရာဆိုတာ စိတ်အစဉ်တန်းကြီးတဲ့ ”… ဟုတ်ပါလိမ့်မည် ။ စွဲလမ်းစိတ် အနှောင်အတွယ်ကြောင့် အသစ်အသစ်တွေထပ်ဖြစ်ရင်း ကပ်ညိကာ အချိတ်အဆက်တွေနဲ့ သံသရာလည်ပတ်နေမှုကို ဖြစ်ပေါ်စေပါသည် ။ သို့သော် ကျွန်တော်တို့ကိုယ်တိုင်မှာကား ထိုကဲ့သို့ ဖြစ်ပေါ်မှုကို မမြင်နိုင် ပျက်သွားခြင်းကိုလည်း မမြင်နိုင် ..။ မမြင်နိုင်ခြင်းဆိုသည်မှာ လိုချင်ခြင်းလောဘ ၊ တွေးခေါ်စဉ်းစားမှုကင်းခြင်း မောဟ ၊ အမြတ်ထွက်တတ်ခြင်း ဒေါသတွေကြောင့်ပင် မိမိတို့ရဲ့ ဖြစ်စဉ်ကို မမြင်နိုင်ပဲ ဖုံးလွှမ်းသွားခြင်းသာဖြစ်ပေသည်  ။ ဒီလိုနဲ့ ဘဝ သံသရာ လည်ခြင်း မဆုံးလေသည် ။

သံသရာတွင်းက ကံ

ကံဟူသည်က ပြုလုပ်ခြင်း ။ ပြုလုပ်ခြင်းကြောင့် သက်ရောက်မှု အကျိုး ဖြစ်ပေါ်လေသည် ။ ဒါကို ကံကံရဲ့အကျိုးဆိုပြီး အတိုကောက် ခေါ်ပေသည် ။ ထို ရရှိလာတဲ့ အကျိုးကို ထပ်ပြီး မိမိက ခံစားစံစားရင်း ဘဝတစ်ခုစာ ကုန်လေသည် ။ မိမိတို့ဆီမှာ ရရှိလာတဲ့ ဖြစ်ပေါ်လာတဲ့ … ကံဟာ ကောင်ခြင်း ဆိုးခြင်းသည်  မိမိပြုလုပ်ခဲ့သော အတိတ်ကံကြောင့်သာ ဖြစ်တည်လာရပေသည် ။ အလုပ်လုပ်ခြင်းကြောင့် ကြီးပွားသလို … ရိုးသားခြင်း ၊ ဖြောင့်မတ်ခြင်းကြောင့် လူရိုသေ ရှင်ရိုသေ ဖြစ်လာရပေသည် ။ ရေဆာတဲ့အခါ .. ရေသောက်ခြင်း ကံကြောင့် ရေဆာပြေခြင်း အကျိုးဆိုတာ ဖြစ်ပေါ်လာသလို လောကအတွင်းက ဘယ်အမှုဘယ်အရာမဆို ကံ ကံ၏အကျိုးဟု ခေါ်ဆိုအပ်သော လုပ်ခဲ့သော အကြောင်းကြောင့် ရရှိတဲ့ အကျိုးတွေသာပင် ဖြစ်ပေသည် ။

အဲ့ဒီတော့ ယခု မိမိပိုင်ဆိုင်တဲ့ ဘဝအတွက် .. အကောင်းဆုံး အမှန်ကန်ဆုံးနဲ့ ဖြစ်ပေါ်ဖို့ .. မိမိဘာလုပ်မလဲ ၊ ဘာတွေကို အလေးထားမလဲ ဆိုတာသည် သိသာထင်ရှား ပုံပေါ်နေပါသည် ။ အမှန်တကယ်တော့ လက်ရှိ ဖြစ်ဖြစ်လာတဲ့ ပစ္စုပ္ပန်အချိန်တိုင်းမှာ ရွေးချယ်တတ်ဖို့သာ လိုပေသည် ။ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မိမိအတွက် မိမိနှင့်သာဆိုင်ပြီး တခြားသူတွေအတွက် သူတို့ကိုယ်တိုင်နှင့်သာဆိုင်ပေသည် ။ ဝင်စွက်ဖက် ပြုပြင်လို့လဲမရ . ။ ကိုယ့်ကံကပေးတဲ့ အကျိုးရလဒ်ကိုလည်း ဖဲ့ပေးလို့လည်း မရ ။ သူ့ကံကြောင့် သူ့အကျိုး ကိုယ့်ကံကြောင့် ကိုယ့်အကျိုး အသီးသီး ရရှိနေခြင်းပင် ဖြစ်လေသည် ။ တကယ်တော့ ဘဝသည် ရိုးရှင်းလှသည် ။ မရိုးရှင်း ဖြစ်နေရသည်က လိုချင်လောဘ လူ့ရမ္မက်တွေကြောင့်သာ ဖြစ်ပေတော့သည် ။ ဒီတော့ လိုရာကိုသာ ဆောင်ယူတတ်စေဖို့ မိမိအသိဥာဏ်ကို မြင့်သထက် မြှင့်နိုင်ဖို့ လိုပေသည် ။

နောက်ဆုံး … အိုပြီ .. နာပြီ .. သေရပါတော့မည် .. ဆိုတော့မှ … ဘယ်သူတွေ ငါ့ကို ကယ်နိုင်မလဲ တွေးတောနေရမှုသည် ကိုယ့်ရဲ့ အသုံးမဝင်တော့ခြင်း နည်းလမ်းကို ချခင်းခြင်းပင် ဖြစ်လေသည် ။ တကယ်တော့ မိမိသည်သာ မိမိရဲ့ ကယ်တင်ရှင်သာ ဖြစ်ပေသည် ။ အရွယ်ရှိချိန် အချိန်ရတဲ့အချိန်တွေတုန်းက  သေရေးကို မကြောက်ပဲ တွေးတတ်ဖို့လိုခဲ့ပေသည် ။ အချိန်လွန် ထွက်ခွာချိန်နီးမှ သေဘေးကနေ ဘယ်တရားမှ မကယ်နိုင်ပြီ … ။ ဒီလိုနဲ့ .. ကံဇာတ်ဆရာ အလိုကျ လုပ်ခဲ့တဲ့ အကြောင်းများကြောင့် ရရှိခြင်း ဖြစ်ပေါ်ခြင်း အကျိုးတွေနဲ့ နောက်ဘဝများ ထပ်ထပ်ဖြစ်ကာ သံသရာဟူသည်လည်း ဖြစ်ပေါ်လာရပေသည် ။

သံသရာနဲ့ ပတ်သက်လို့ လင်းရမယ်ဆိုရင် … လည်ပတ်နေတဲ့ စက်တစ်ခုကို ရပ်တန်းက ရပ်စေလိုပါက ထိုစက်ရဲ့  ရပ်တဲ့ခလုတ် ၊ ရပ်စေမဲ့ အရာကသာ တတ်စွမ်းပါလိမ့်မည် ။ ထို့အတူပဲ သံသရာကို ရပ်တန့်ချင်ရင်တော့ သံသရာကို လည်စေတဲ့နေရာကိုသာ တွေ့အောင်ရှာပြီး ရပ်လိုက်မှ ဖြစ်ပေလိမ့်မည် ။ ဆင်းရဲ တဲ့သဘော မလိုချင်ပဲ ဖြစ်ဖြစ်နေရတဲ့ ဒုက္ခတွေက လွတ်ကင်းနိုင်စေဖို့ ဘဝအဆုံးသတ် နေမဝင်ခင် ရယူနိုင်ကြစေ .. ကြိုးစားနိုင်ကြစေ .. လုံးလဝီရိယတွေဖြင့် အားထုတ်နိုင်ကြပါစေလို့သာ ဆန္ဒပြုနိုင်ပါတော့သည် ။

ဘာနေ

၂၁ ၊ ဖေဖော်ဝါရီ ၊ ၂၀၁၃

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s