အာရုံများ စေစားရာဖြစ်သော လူ့သဘာဝမှာ ..
အချိန်တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေသော စိတ်အစဉ်တန်းကို .. ဖြတ်တောက်နိုင်ခြင်းမရှိပဲ …
ရေဆုံး ကုန်းဆုံးအထိ လိုက်တွေးတတ်လေသည် ။
မနက်သည် ၊ ပြီးခဲ့တဲ့ မနေ့သည် ၊ ဟိုး အတိတ်တွေသည် စသဖြင့် မလိုအပ်တဲ့ စိအာရုံတွေပေါ်မှာ မောဟ ဟုခေါ်သော ကိုယ်ဘာတွေးလို့ တွေးနေမှန်းမသိတဲ့ စိတ်များဖြင့် ကုန်ဆုံးခဲ့လေသည် ။
ထိုအရာတွေသည်ပင် ယခု ကျွန်ုပ်တို့တတွေ ရောက်ရှိနေသာ နေရာ၏ ၊ ရောက်ရှိနေသော စိတ်နေစိတ်ထား၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်လေသည် ။
မိမိတို့ဘဝတွေနဲ့ ပတ်သက်လို့ လူတိုင်း ကြီးမြတ်ချင်သည် ။ ကြီးပွားချမ်းသာလိုကြသည် ။ ဇိမ်ခံပစ္စည်း မြောက်များစွာဖြင့် ဇိမ်ခံပြီး နေချင်ကြသည် ။ မိမိဟာ စိတ်သဘောထား ပြည့်ဝသူ အဖြစ်လည်း ဖြစ်ချင်ကြပါလိမ့်မည် ။ ဒါတွေသည် … သမန်ကာ ရှန်ကာ အတွေးမျှသာဖြစ်သည် ။
တကယ်တန်း လူတစ်ယောက်စိတ်ထဲမှာ .. သူအများဆုံးတွေးထင်စိတ်စွဲခဲ့တာတွေသည် သူရဲ့ ပုံသဏ္ဍန်ဖြစ်လာဖို့ ထုဆစ်မည့် ကိရိယာတန်ဆာပလာများပင်ဖြစ်သည် ။ ထိုအရာကို လူတော်တော်များများ သိသည် ။ သို့သော် လက်တွေ့ မိမိတို့ စိတ်ထဲမှာ ရှိနေတဲ့ အမှိုက်သရိုက်စိတ်အလိုဆန္ဒတွေကိုတော့ ဖျက်နိုင်ခြင်း မဲ့နေကြသည် ။ ထို့ကြောင့် ကျွန်ုပ်တို့တွေ ယခုလို ဘဝမှာ ရှိနေခြင်းပင် ဖြစ်လေသည် ။
ထိုသို့ မဖြစ်လေအောင် … အချိန်တိုင်းမှာ ဖြစ်ပေါ်နေတဲ့ .. မိမိရဲ့ အာရုံကို စောင့်ကြည့်တတ်ဖို့လိုလေသည် ။ ထိုအရာကို သတိလို့ ခေါ်ပါသည် ။ လူတစ်ယောက်သည် မိမိဘာတွေးသည်ကို သိလိုက်သည်နှင့် ဒီအတွေးသည် ကိုယ့်အတွက် အကျိုးရှိသလား မရှိဘူးလားဆိုတာကို အလိုလို ခွဲခြားနိုင်လိမ့်မည် ။ ထို့နောက် ထိုအတွေးစကို ရပ်ပစ်လိုက်သည်အထိ ကြိုးစားလိမ့်မည် ။ ထိုမှ မိမိလိုရာ စိတ်အာရုံကို ဆွဲငင်ထားနိုင်မည် ။ အာရုံစူးစိုက်မှုလည်း ပိုပြင်းလာမည် ။ ဖြောင့်မတ်တည်ကြည်လာမည် ။ ရင့်ကျက်လာမည် ။
ဒီလိုနဲ့ ထိုသူသည် ပြောင်းလဲခြင်းလမ်းပေါ်သို ရောက်ရှိသွားမည် ။ ထိုအချိန်သည် ထိုသတိရှိသောလူအတွက် လူ့လောကမှာ နေရတာ နေပျော်လာမည် ။ ကျေနပ်လာမည် ။ ထို့နောက် တန်ဖိုးရှိသော အကျိုးရှိသော အလုပ်များဖြင့် ဘဝကို ဖြတ်သန်းနိုင်ပါလိမ့်မည် ။
ယခု ကျွန်ုပ်သည်ပင်လည်းကောင်း ၊ သင်သည်ပင်လည်းကောင်း ထိုသို့ မလိုအပ်သော အာရုံများဖြင့် အချိန်တိုင်း ကြုံတွေ့နေရသည် ။ ထိုတချိန်ခဏမှာတင်ပဲ အမျှင်တန်းလိုက်တွေးမနေပဲ ဖြတ်တောက်ထားနိုင်ပါက .. ကျွန်ုပ်တို့တတွေသည်ပင် ကြီးမြတ်သူများ ဖြစ်လာကြပါလိမ့်မည် ။
ဘာနေ
၈ရက် ၊ ဇန်နဝါရီ ၊ ၂၀၁၃
ကြိုးစားကြည့်ပါမယ် အကို
အေးဗျာ .. အားပေးပါတယ် .. တကယ်လုပ်ရင်တော့ အဟုတ်ဖြစ်မှာပါ .. မလုပ်ပဲနေကြလိုသာ ဘာမှ ထူးခြားမှု ဖြစ်မသွားကြတာပါ .. ကြိုးစားပါ ။