ဘဝလှေငယ်

မနက်ခင်းနိုးထလာလို့ … ရောက်လာတဲ့ ဒီနေ့ ငါဘာတွေလုပ်မလဲ စဉ်းစားမိပါသည် ။ ဖြတ်သန်းခဲ့တဲ့ နေ့တွေမှာ အသုံးမကျခဲ့တာတွေ ရှိခဲ့သည် ။ စိတ်အလိုမကျခဲ့တာတွေ ရှိခဲ့သည်။ .. ဒါတွေကို ပြန်စဉ်းစားမိရင် ကိုယ့်ကိုယ်ကိုပဲ အပြစ်မြင်မိသည် ။ သို့ပေမဲ့ ပြီးခဲ့တာတွေက ပြီးခဲ့ပြီ .. ရှေ့ဆက်ရမဲ့ တာဝန်က ကိုယ့်တာဝန် ပဲဖြစ်သည် .. ။ ထို့ကြောင့် ကျနော်သည် ကျနော့်အတွက် တာဝန်အရှိဆုံး လူတစ်ယောက်ဖြစ်သည် ။

ဒီတနေ့ .. နေ့သစ်ဖြစ်သည် ။ ဒီတော့ ကိုယ့်ကိုယ်ကို ဘာတွေလုပ်ချင်လဲ မေးရပြန်သေးသည် ။ ဘာတွေလုပ်ချင်တာပါလိမ့်ပေါ့ .. ။ ငါ ဒီနေ့ကို သတိတရားနဲ့ နေမယ် .. စိတ်ကောင်းလေးမွေးနေမယ် .. တဖက်သူကို နားလည်ပေးမယ် ပြီး စိတ်ထဲမှာ သာသာယာယာကိုပဲ ထည့်တွေးမယ်  စသဖြင့် တွေးမိပါသည်။ ဒီလိုနဲ့ လုပ်စရာ ရှိတာလေးတွေ လုပ်ရင်း .. ဆက်စပ် ပတ်သက်နေသူတွေနဲ့ ပြောရင်း ဒီနေ့ဟာ မနေ့ကလိုပဲ ကုန်သွားပြန်ပါသည် ။ သတိတရားလည်း ခဏတရားအဖြစ် နေခဲ့ရပြီး .. လေထန်ရင် လှိုင်းလည်း ထန်တဲ့ စိတ်ကတော့  ရှိမြဲအတိုင်း ရှိနေခဲ့သည်.. ။

နေသည်လည်း တစ်လုံးပြီး တစ်လုံး ဝင်ဝင်သွားသည် ။  .. အချိန်တွေသည်လည်းပဲ တွေးရင်းတွေးရင်း ကုန်ကုန်သွားသည် ။ .. ဒီလိုနဲ့ အသက် အပိုင်းအခြားသည်လည်း ကြီးသထက်ကြီးလာသည်။ ဖြစ်တည်ခဲ့ပြီးပြီ ကြီးပြင်းလာနေပြီ .. ရင့်ရော်လာပြန်ပြီ ပြီးတော့ … ပြန်လည် သေဆုံးရအုံးမည် … ။ မပြောမဖြစ် .. မတီးမမည်တဲ့ စည်လိုပါပဲ .. အသက်နဲ့ ရပ်တည်နေရတဲ့ ဒီဘဝ အသက်ရဲ့အဆုံးသတ်  သေဆုံးခြင်းကိုတော့ ပြောရပါလိမ့်မည် .. ။

ဘဝတစ်ခုသည် .. ချမ်းသာချင်လည်း ချမ်းသာမည် ။ ဆင်းရဲချင်လည်း ဆင်းရဲမည် ။ စိတ်ချမ်းသာချင်လည်း စိတ်ချမ်းသာနေလိမ့်မည် ။ စိတ်ဆင်းရဲချင်လည်း စိတ်ဆင်းရဲနေလိမ့်မည် .. ။ မည်သို့ မည်ပုံပင် ရှင်သန် ရှင်သန် အသက်ရှိလေသောကြောင့် သူ့ရဲ့ ဝိဥာဉ်ချုပ်တဲ့ တနေ့နေ့ .. အရာအားလုံးကို လက်လွှတ်ရပါလိမ့်မည် ။ ဒါဆို ကျနော်တို့ ရှင်သန်နေရခြင်းမှာ ဘာကို တန်ဖိုး ထားနေရတော့မလဲ စဉ်းစားသင့်ပါသည် ။ လူတစ်ဦးကိုတော့ ကျနော်မေးဖူးသည် … ဘဝမှာ ဘာကို လိုချင်သလဲ ဟု မေးမိသည် ။ ပြန်ဖြေသည်မှာတော့ စိတ်ချမ်းချမ်းသာသာနဲ့သာ နေသွားချင်ပါသည် တဲ့ ။ ဟုတ်ပါသည် .. လူတိုင်း စိတ်ချမ်းသာ ရေးကိုပဲ ဦးစားပေးလိုချင်ကြသည် ။ သို့သော် .. စိတ်သာရှိသည် လုပ်ရပ်က မပါလာ .. ။

စိတ်ချမ်းသာဖို့ ဟူသည်မှာ အပင်တစ်ပင် စိုက်ရသည်နှင့်တူပါသည်။ မြေဆီနှင့် ပျိုးပင် ၊ ရာသီဥတု နှင့် ပြုစုမှု လိုအပ်မြဲ ဖြစ်သည် ။ စိုက်ပျိုးပြီးရင် ရေလောင်းပေါင်းသင် ပြုစု ပျိုးထောင်ပေးရသည် ။ ဒါမှသာ အပင် အဖြစ် ရှင်သန်မည် ။ စိုက်ရုံနှင့်လည်း မဖြစ်သေး .. ဆက်လက် စောင့်ရှောက်မှုလိုပါသည် ။ ထို့အတူ စိတ်ချမ်းသာမှုဟူသည်လည်း စိတ်ချမ်းသာအောင် နေလိုက်ပြီ လို့သာ ဆိုသည် .. နောက်ထပ် ပြောင်းလဲ လက်ခံပြီး ပြုပြင်မှု မရှိက ခဏပဲ ခံမည် ။ ပတ်ဝန်းကျင် အနှောက်အယှက်ကြောင့် ပြန်ပျက်သွားပါမည် ။ ဒီသဘောတရားသည် ရိုးရှင်းသည် ။ သို့သော် ကျနော်တို့ တတွေကသာ အရှုပ်လုပ်သည် ။ ထို့ကြောင့် စိတ်ချမ်းသာမှုသည် မလွယ်ကူဘူးဟုသာ ထင်နေရသည် ။

စိတ်ချမ်းသာဖို့အတွက်တော့ အပြောတော့ လွယ်ပါသည် .. အကျင့်မှာတော့ ခက်ပါသည် ။ အခက်ကြုံတိုင်း လက်မလွှတ်ပဲ ဆက်လက်လုပ်ကိုင်မှသာ  လိုရာကို ရောက်ပါမည် ။ တန်ရာ တန်ကြေးတော့ ကျုပ်တို့ ရရမည် ဖြစ်သည် ။ လုပ်သမျှသည် ပါရမီဖြစ်သည် ။ ပါရမီသည် အထောက်အပံဖြစ်သည် ။ ကျောက်ထုသမား တစ်ယောက်လို .. အချက်တရာထုတဲ့ထိတိုင် မကွဲတဲ့ ကျောက်တုံး အချက် တစ်ရာ့ တစ်ချက်မြောက်မှာ ကွဲသွားသည် ။ ထိုကျောက်တုံး ကွဲခြင်းသည် တစ်ရာ့ တစ်ချက်မြောက်  ထုချက်ကြောင့် မဟုတ် .. အချက်အားလုံးပေါင်း တစ်ရာ့ တစ်ချက်ကြောင့် ဆိုတာ လူတိုင်းသိသည် ။ ထို့အတူ ကိုယ့်ရဲ့ လုပ်ရပ် တိုင်းသည် နောက်ဖြစ်ပေါ်လာမဲ့ အရာအတွက် တပိုင်းတစ အထောက်အပံ့ ပါရမီပင်ဖြစ်သည် ။ တနေ့ သူ့အချိန်တန်ရင် အသီးအဖြစ် မြင်ရပါလိမ့်မည် ။ သို့သော် ကိုယ်စိုက်ပျိုးခဲ့သော အသီးသာ သီးလာပါလိမ့်မည် ။

ယခု ကျနော် အသက်ရှင်နေသည် ။ ဒီအသက်ရှိနေခြင်းသည် ကျနော့် ဘဝဖြစ်သည် ။ နေရထိုင်ရတာ လွယ်ကူသည်ဟု မထင်ပါ ။ အဲ့ဒီလို မပြေလည်ခြင်းသည်ပင် လူတစ်ယောက်ရဲ့ ဖြစ်လေ့ ဖြစ်ထရှိတဲ့  ဘဝ ဖြစ်သည် ။ မနက်ဖန်မှာ ကျွန်ုပ်သေမည် ။ ဘယ်နေ့ရဲ့ မနက်ဖန်ဟု မပြောတတ် ။ တနေ့နေ့တော့ ဖြစ်မည် ။ မသေခင် ဘာလုပ်မည် ဟု တွေးဖူးသည် ။ ထိုအရာသည် လုပ်လို့ ရချင်လည်း ရမည် မရဘူးဆိုရင်လည်း ကျွန်ုပ် ဘာမျှ မတတ်နိုင် ဖြစ်မည် ။ သို့သော် ယခု ခင်တွယ်နေသော ရုပ်သည် ပျက်စီးရမည် ဖြစ်သည် ။ ယခု နှစ်သက်နေမှုတွေအားလုံးမှာ ဘယ်အရာမှ ထာဝရ ပိုင်ဆိုင်ခွင့် ရမည် မဟုတ်ပါ ။ စိတ်သောက အပူအပင်ဆိုတာ လူတိုင်းရှိသည်မို့ အပူများ ဖွင့်မချချင်ပြီ .. ။

ဘဝဟာ လှေငယ်တစ်စင်းလို ဖြစ်သည် ။ ကမ်းမမြင်တဲ့ပင်လယ်ထဲ ထင်ရာစိုင်း လှော်ခတ်ရသည် ။ ဦးတည်ရာ မထားပဲ ဝဲလှည့်သလိုသာ လှော်မည်ဆိုပါက မော၍သာ ကျန်ခဲ့မည် ။ ဒုက္ခလှိုင်းတွေသည် ငြိမ်သည်လည်းတစ်လှည့် ထန်သည်လည်း တစ်ခါ ရှိနေပါမည် ။ အသက်ရှင်နေစဉ် အသိဥာဏ်ကိုသာ မသုံးပါက .. ဝဲလှည့်လှော်နေသည့် သူလိုသာဖြစ်နေမည် ။ အချိန်တွေလည်း ကုန်သွားမည် ။ နေသည်လည်း ဝင်လိမ့်မည် ။ အမောသာကျန်ခဲ့မည် ။  နေမဝင်မှီ ကမ်းကိုသာ မြင်ပါမှ ဒီဘဝဒုက္ခမှ ကင်းလွတ်မည် ။ လည်နေတဲ့ သံသရာသည်လည်း ရပ်လိမ့်မည် ။

အဆုံးမသတ်ခင် အချိန်သည် ကိုယ့်အချိန်ဖြစ်သည် ။

မသေသေးသ၍ ကိုယ့်ကိုယ်ကို ကိုယ်ပိုင်သည် ။ သေသွားရင်တော့ ကိုယ်ပြုခဲ့တဲ့ ကိုယ့်ကံက ပိုင်သွားပါလိမ့်မည် ။

ကံ .ဟူသည် အလုပ်ဖြစ်သည် ။ ကိုယ်လုပ်လိုက်တဲ့ အကြောင်းတရားမှ အကျိုးတရား ဖြစ်လိမ့်မည် ။ ကောင်းတာ လုပ်ခဲ့ရင် ကောင်းကျိုဖြစ်လာမည် ။ အဆိုးလုပ်ခဲ့က အဆိုးပဲ ဖြစ်လိမ့်မည် ။ ဒီဘဝ ဒီအခါမှာ ဒီအကြောင်းတရားတွေကို သိသာ သိလည်း  သတိသာ မရှိခဲ့ရင်တော့ … ကရွတ်ပေါ် ကင်းလျှောက်သလို လည်၍သာနေပါမည် ။ ယနေ့ ကျွန်ုပ် အသက်ရှင်နေပါသေးသည် ။ ဘဝလှေငယ်သည်လည်း လှိုင်းတံပိုးတွေကြားမှာ လူးလွန့်နေပါသေးသည် ။

ဘာနေ

၁၉ – စက်တင်ဘာ – ၂၀၁၂

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s