သစ်ကြို

တောရွာတစ်ရွာမှ ကျွန်ုပ် ကြီးပြင်းခဲ့ရသည် ။ ဒါကြောင့် တောသားဟု ကျွန်ုပ် မိမိကိုယ်ကို အသိအမှတ်ပြုသည် ။ တောရွာတွင် တောင်ယာလုပ်ငန်းတွေဖြင့် အသက်မွေးသည်မို့ ကျွဲနွားတွေဖြင့် ရင်းနှီးမှု ရှိခဲ့သည် ။ ကျွန်ုပ်မွေးနယ်သည် နွားများကိုသာ အများအားဖြင့် ခိုင်းလေ့ရှိသည် ။ အိမ်တိုင်းတွင် နွားထီး နှစ်ကောင်နှင့် ထို့ထက်ပို၍ ထားလေ့ရှိကြသည် ။ ထို့ပြင် နွားမအုပ်တွေလည်း မွေးမြူထားကြသေးသည် ။ ဤအရာသည် ကျွန်ုပ် မွေးဖွားခဲ့သော ကျေးရွာဓလေ့ရဲ့ သဘာဝပင်ဖြစ်သည် ။

တနေ့ ကျွန်ုပ် စိုက်ခင်းတွေကနေ အလုပ်လုပ်ပြီး အပြန် မောပန်းတာမို့ အိမ်ကို အမြန်ရောက်ရန် စိတ်ကူးဖြင့် မျှော်ကိုးတကြီးဖြင့် ဝင်လာလိုက်သည် ။ ရေဆာနေသဖြင့် ရေအိုးနားသို့ ရောက်လေသည် ။ ရေတခွက်ခပ်ပြီး အဆာပြေအထိ သောက်လိုက်သည် ။ ထိုရေခွက်ကို ပြန်အချ မျက်စိက ရေအိုးဘေး ထရံကြားကို ကြည့်လိုက်မိလေသည် ။ ထရံကြားတွင်ကား ဒူးယား စီးကရက် ဆေးလိပ် တစ်လိပ် နေရာကျလျှက်ရှိသည် ။ ကျွန်ုပ်၏မိခင် အမေသည် စီးကရက် ဆေးလိပ်အား တခြားသူမှ ဖြစ်စေ လာပေးလျှင် ထို့သို့ ထရံကြား၌  ညှပ်ထားလေ့ ရှိသည်  .။

အိမ်တွင် ဆေးလိမ်သောက်သူမှာ အဖေပဲ ရှိသည် ။ အဖေဆေးလိပ်သောက်လျှင် ဖက်ကြမ်းတွေသာ သောက်လေ့ရှိသည်မို့ ဒီဆေးလိပ်သည် ထူးသည်ဟု စိတ်ထဲ ထင်မိတဲ့နောက် ကျွန်ုပ်မိခင်ဖြစ်သူအား မေးလိုက်မိသည်။ အမေ .. ဒီဆေးလိပ် ဘယ်ကလဲ လို့ စပ်စုသည့် အတွေးဖြင့် မေးလိုက်မိသည်။ အမေမှ အဲ့ဒါ ဘိုးလေးတို့အိမ်က လာပြီး  ဖိတ်ခြင်းဖြစ်သည်ဟု ဖြေလေသည် ။ ဖိတ်ခြင်းမှာကား မနက်ဖန်သစ်တိုက် လိုက်ပေးပါရန်ဆိုပြီး ဖိတ်လိုက်သည်ဟု ရှင်းပြလေသည် ။ ထိုအချိန်မှာ ကျွန်ုပ် နားလည်သွားသည်မှာ သစ်တိုက်ဟူသည် မနက်အစောကြီး ထသွားရသည်ဟု သိလိုက်သည် ပင် .. ။ ထို့အတွက် အိပ်ရေး ပျက်ပေလိမ့်အုံးမည် ။

မနက် 2 နာရီလောက်တွင် သစ်တိုက်မည့်နွားများကို ထကျွေးရန် အမေမှ ညဦးကတိုင် သတိပေးလေ သည် ။ ကျွန်ုပ်သည် ကျွန်ုပ်၏ နွားများ အစာမဝမှာကို စိုးရိမ်သောကြောင့် အမေ့အမှာကို မလွဲစေရန် ညဦးမအိပ်ခင်ကတည်းကတိုင် နွားစားခေါင်းထဲသို့ မြက်ခြောက်နှင့်ုမြက်စိုကို ရော၍ နှစ်ခါထည့်စာ ထည့်ထားလိုက်သည် ။ ပြီး ထိုနေ့အတွက် ညဦး အိပ်ချိန်ကို မနက်သစ်တိုက်ထွက်မည့်အကြောင်းအရာနှင့် စပ်လျှင်း၍ စဉ်းစားနေမိလိုက်တော့သည် ။

သစ်တိုက်ဟု ဆိုရာတွင် .. ကျွန်ုပ်တို့ရွာရှိ တစ်ဦးတစ်ယောက်အိမ်မှ .. အိမ်အသစ်ဆောက်လိုသည်ဖြစ်စေ နွားစာတင်ရန် စင်တစ်ဆောင် ဆောက်လုပ်လိုသည်ဖြစ်စေ တခြားအရပ်မှ အိမ်တိုင် သစ်များ၊ အဆောက်အဦးတိုင်များကို ဝယ်၍ သုံးရသည် ။ ထိုအရပ်မှ သယ်ရန်အတွက်မူ  ရွာသို့ ကားလမ်းမပေါက်ပေ ။ ထို့ကြောင့်  နွားလှည်းလမ်းများသာရှိ၍ နွားလှည်းကိုသာ အမြဲသုံးရလေ့ ရှိသည် ။ နွားလှည်းများသည် တစ်အိမ်တွင် တစ်စီးခန့်စီ ရှိသည်မို့ အိမ်တစ်ဆောင်စာအတွက် နွားလှည်း အစီး ဆယ်စီး ဆယ့်ငါးစီးဆိုရင် လုံလောက်ပေသည် ။ သစ်တိုက်ရန်အတွက် နွားလှည်းများကို  ငှားခြင်းတော့ မဟုတ် ကူညီခြင်းဖြင့်သာ အချင်းချင်း အဆင်ပြေအောင် စီစဉ်ကြရသည်။ ဤအရာသည်ကားလည်းပဲ ကျွန်ုပ်မွေးဖွားခဲ့တဲ့ တောရွာဓလေ့ ဖြစ်ပေသည် ။

သစ်တိုက်အိမ်မှ သစ်တိုက်မည့်ရက် နှစ်ရက်အလိုကတိုင် နီးစပ်ရာ အဆင်ပြေမဲ့ အိမ်တွေကို လိုက်အသိပေးရသည် ။ ဒါကလည်းတောရွာရဲ့ ဓလေ့ ဖြစ်နေလေသည် ။ သစ်တိုက်အပြီး ပိုင်ရှင်အိမ်မှ သစ်တိုက်လိုက်သူများကို ထမင်းကျွေးလေ့ရှိသည် ။ သစ်တိုက်ပြီး အပြန်တွင်လည်း ရွာထဲသို့ သစ်တိုက်လာသောလှည်းများ မဝင်မှီမှာ ရွာရှိ အိမ်တိုင်းမှ အိမ်ရှင်မများ သို့မဟုတ် အမျိုးသမီးငယ်များသည် .. သစ်လှည်းတွေအတွက် သစ်ကြိုအဖြစ် မုန့် ၊ ဆေးလိပ် ၊ ချိုချဉ် ၊ ဇီးထုပ် ၊ ထန်းလျှက် ၊ ပေါက်ပေါက်ဆုပ် စသော စားစရာများကို စီတန်း၍ ကမ်းလေ့ရှိသည် ။ ထို ကမ်းလေ့ရှိသော အမျိုးသမီးတွေကိုလည်း သစ်တိုက်အတွက်ဟု အစချီကာ စားစရာများ ကမ်းဖို့ ကြိုတင်ဖိတ်ထားရသေးသည် ။ ဒီလိုဖြင့် တစ်အိမ်နဲ့ တစ်အိမ် ကူညီလေ့ရှိကြသည် ။ ထိုဓလေ့သည်ပင် ကျွန်ုပ်အတွက် အမှတ်ရစရာ ဖြစ်ခဲ့သည် ။

မနက် အိပ်ယာ ၂ နာရီ ထိုးခါနီး ကျွန်ုပ်သည် တ.တီ.တီ .. တ. တီ. တီ ..ဟု အော်နေသော စားပွဲတင် နှိုးစက်ကြောင့်  အိပ်ယာမှနိုးသည် ။ နာရီကို ကြည့်လိုက်တော့ ၂နာရီ ထိုးတော့မည်မို့ အိပ်ယာဘေးမှ ဓါတ်မီးကို ယူကာ နွားတင်းကုတ် ဘက် အိပ်ချင်မူးတူးဖြင့် သွားကြည့်လိုက်သည် ။ ဓါတ်မီး တစ်ချက်အဝှေ့အောက်တွင် နွားနှစ်ကောင်မှာ အိပ်နေရင်း စားမြုပ်ခပ်နေလေသည် ။ ကျွန်ုပ်သည် သူတို့အနားသို့ လျှောက်သွားလိုက်သည် ။ ခြေသံကိုကြား၍ သူ့သခင် ကျွန်ုပ်ကိုမြင်တော့ အစာကျွေးမည်ကိုသိသောကြောင့် ကမန်းကတမ်း ထကြလေသည် ။ ပြီးနွားစားခေါင်း ကို ခေါင်းတည်ပြီး ကျွန်ုပ်အား အစာထည့်ပါရန် ခေါင်းညိမ့်ပြလေသည် ။ ထိုအပြုအမူကိုပင် ကျွန်ုပ် တော်တော်သဘောကျသည် ။ ကျွန်ုပ်သည် နွားများနှင့် နေသည်မို့လားမသိ နွားတွေကို ချစ်သည် ။ ဒါကြောင့် နွားတွေကို အစာကျွေးသည့်အခါ အားရပါးရ စားသည်ကို သဘောကျလေ့ရှိသည် ။ ကျွန်ုပ်သည် နွားစာပုပ်ထဲသို့ ခါးကိုင်း၍ နွားစာအစိုတဝက်နှင့် မျက်ခြောက်တွေကို ရောမွှေလိုက်သည် ။ ပြီး နွားစာထည့်သည့် ခြင်းကြားတစ်ခုဖြင့် အလိုက်သင့်ထည့်ကာ သယ်ယူလိုက်သည် ။ တို့နောက် နွားနှစ်ကောင်ကြားကနေ နွားစားခေါင်းထဲသို့ ခပ်မြန်မြန် မှောက်ထည့်လိုက်သည် ။ ဘာကြောင့် မြန်မြန်မှောက်ထည့်ရသည်မှာ နွားတွေသည် အစာအား စားချင်တဲ့ စိတ်ကြောင့် အစာကိုပဲ အတင်း စားဖို့ အားထားတတ်လေ့ရှိသည် ။ ထိုကြောင့် သူတို့ အတင်းတိုးလာချိန်တွင် ကျွန်ုပ်၏ ခြေထောက်အား တက်တင်းမိမည်ကို ဂရုစိုက်ရလေသည် ။ အဲ့ဒီအတွက် နွားကျွေးရာမှာ အမေက ဖြစ်ဖြစ် အဖေကဖြစ်ဖြစ် နွားကျွေးရင် ဂရုစိုက်ဖို့ ပြောလေ့ရှိခဲ့သည်။

နာရီသည် သုံးနာရီမှတ်ချက်သို့ ကျော်တက်သွားသည် ။ ထို့နောက် ခွေးသံတချို့ ဆူညံလာသည် ။ ပြီး နွားအော်သံအနည်းငယ်ထွက်လာပြန်သည် ။ လူသံတချို့သည်လည်း တစ်ခုခုကို ရှာမတွေ့၍ ဘယ်နားမှာ ဘာသွားယူဟု ညွှန်ပြသော လေသံတွေကိုလည်း ခပ်မဆိပ် ကြားရလေသည် ။ ထိုအချိန်တွင် ကျွန်ုပ်သည် အိပ်ယာထဲမှပင် နားစွင့်နေရင်း မှေးနေလိုက်သည်  ။ လေးနာရီ ထိုး တုန်းခေါက်သံ အပြီး နွားလှည်းများ ထွက်မည်ဟု အမေမှ ကျနော့်ကို ညဦးကတိုင် အသိပေးပြီး ဖြစ်သည်မို့ လေးနာရီ တုန်းမခေါက်ခင် အဆင်သင့် ဖြစ်နေရမည်ဟု စိတ်ထဲတွေးထားမိသည် ။ ခဏအကြာ ကျွန်ုပ် နာရီကိုကြည့်လိုက်သည် လေးနာရီထိုးဖို့ ဆယ့်ငါးမိနစ်လောက် အလိုဖြစ်နေသည် ။ အိပ်ယာမှထ၍  မျက်နှာသစ်ဖို့ စတင်ရတော့သည် ။ ပြီး နွားတင်းကုတ်ဆီသို့ ဓါတ်မီးတစ်ချက် ဝှေ့ထိုးလိုက်သည် ။ နွားနှစ်ကောင်လုံး ခေါင်းထောင်လျှက် ဓါတ်မီးလာရာ ကျွန်ုပ်ဆီသို့ မျက်လုံးအပြူးသားများဖြင့် အစာတောင်းနေတဲ့ပုံ  ။ ဒါကြောင့် နောက်ထပ် မြက်တစ်တောင်း ထပ်ထည့်ပေးလိုက်သည် ။ အဲ့ဒီလို အစာဝမှ သူတို့ ဝန်ဆွဲရတာ ပိုအားရှိမည်ဖြစ်သည် ။

ကျွန်ုပ်သည် မျက်နှာသစ်အပြီး ဓါတ်မီးတလက်ဖြင့် သစ်တိုက်ထွက်မည့်လှည်းအား ပြင်ဆင်ရလေသည် ။ သစ်ချည်မဲ့ ကျိုးတွေကို ညကတိုင် အဆင့်သင့် လုပ်ထားသည်မို့ လိုက်ရှာဖို့ မလိုပဲ အဆင်ပြေသွားသည် ။ နွားမောင်းနှင်တံ တစ်ချောင်း အိမ်အောက်ထပ် ကြွက်လျှောက် ဝါးမှ ဆွဲထုတ်လိုက်သည် ။ ပြီးလှည်းပေါ်သို့ ပစ်တင်လိုက်သည် ။ဒါဟာသည်းလည်း ကျွန်ုပ် လုပ်နေကျ ပုံစံ ။ ထို့နောက် သစ်တိုက်မည်မို့ အုန်းတုံးလိုသည် ။ အုန်းတုံးဆိုသည်မှာ သစ်တင်ရာတွင် သစ်တုံးနှင့် လှည်း တိုက်ရိုက် မထိစေပဲ ကြားခံ အဖြစ် ထားသော တုံးကို ဆိုလိုသည် ။ ထိုတုံးကို လည်း အရင် သုံးနေကြ လုပ်ထားပြီးသားရှိသည်မို့ ထားနေကြ နေရာ နွားစာစင် လှေကားချွတ်ခုံအောက်သို့ ဓါတ်မီးဖြင့် ဝှေ့ထိုးကြည့်လိုက်သည် ..။ တွေ့ပါလေပြီ ။ အုံးတုံးဆိုသည်မှာလည်း အလျား လေးပေသာသာ အနံ တစ်ထွာခန့်နှင့် ဒု လက်လေးသစ်မျှ ရှိလေသည် ။ ။ ဆွဲယူ၍ အသင့် လှည်းပေါ်သို့ တင်လိုက်သည် ။ ထိုအုံးတုံးကို လှည်းရဲ့ ဘေးနံရံ ( ရံပတိုင်ဟု ခေါ် ) သို့ ကျားကန်၍ တပ်ဆင်ရသော အရာ ဖြစ်သည် ။

ပြီး လမ်းခရီးမှာ လိုရမယ်ရ ကိုင်းခုတ်ဓါးတစ်ချောင်းပါ လှည်း ရံပတိုင်သို့ ကျကျနန ဖြစ်အောင် ထိုးထားလိုက်သည် ။ ထို့နောက် မကြာမီ ရွာဦးကျောင်းမှ အုန်းမောင်းသံ သည်လည်း အသံတိတ်ဖြစ်နေတဲ့ ညနှောင်းပိုင်းကို  သြဇာပေးနေသည့်အလား ရဲရဲဝင့်ဝင့် ထွက်ပေါ်လာလေသည် ။ အုံးမောင်းသံအပြီး တဖန်အသံများဆူညံလာပြန်သည် ။ ဤအရာသည် သစ်တိုက်ထွက်ဖို့ နွားတွေကို လှည်းမှာ တပ်တဲ့အသံဖြစ်သည် ။ ထိုသို့ သိသည်နှင့် ကျွန်ုပ်သည်လည်းပဲ နွားနှစ်ကောင်ရှိရာသို့ ဦးတည်လေပြန်ပြီ ။

နွားလှည်းတွင် ထမ်းပိုးတစ်ဖက်တချက်၌ နွားနှစ်ကောင်အား အတိုင်အလှည့် သတ်မှတ်ချက်ရှိသည် ။ နွားမောင်းသင်ခါစက ဦးလေးမှ သင်ပြထားတာ မှတ်သားထားမှု ရှိခဲ့သည် မို့ သိပ်ပြီး မခက်ခဲ့ပေ ။ ထိုသို့ တပ်ရာတွင်  ဘယ်တိုင် ညာလှည့် ဟု မှတ်ရမည်ဟု သိထားခဲ့သည် ။ ထို့ကြောင့်  နွားလှည်းမတပ်ခင် ကျွန်ုပ်မှာ ဘယ်နွားသည် အတိုင် ဘယ်နွားသည် အလှည့်ဟု သေချာအောင် ဓါတ်မီးဖြင့် နွားတွေအား ထိုးကြည့်ပြီးမှသာ တပ်ရလေသည် ။ နွားလှည်းတပ်အပြီး ခဏ ငြိမ်နေလိုက်သည် ။ ပြီး သစ်တိုက်အိမ်မှ ဦးလေးက “အဆင်သင့် ဖြစ်ပြီလား .. ဟေ့ ”ဆိုပြီး ထွက်ရန် လာအသိပေးလေသည် ။ တက်ခေါက်သံများဖြင့် နွားလှည်းများ စတင်ထွက်လေပြီ ။ လှည်းအီသံများသည်လည်း နွားမောင်းသံနှင့်တကွ ဆူညံသွားလေသည် ။ ဤကား သစ်တိုက် အထွက် ဖြစ်သည် ။

(ဆက်လက်ရေးပါမည် )

သစ်ကြို (၂ )

ဘာနေ

၎ ၊ ဂျူလိုင်၊၂၀၁၂

Advertisements

One thought on “သစ်ကြို

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s