သစ်ကြို (၂ )

ပထမပိုင်း ကို ဒီနေရာကနေ ( သစ်ကြို ) အရင် ဖတ်ပါ

ကျွန်ုပ်သည် ငယ်ငယ်က လှည်းမောင်းရာတွင် လမ်းဘေး သစ်ပင်ဖြစ်ဖြစ် အိမ်အဝင် တံခါးတိုင်ကိုဖြစ်ဖြစ် လှည်းဝန်ရိုးဖြင့် ချိတ်လေ့ရှိသည် ။ နွားများကို မထိန်းတတ်ပါက ပိုပြီး ဆိုးလေသည် ။ လမ်းအဖြောင့်ဆိုရင် ကိစ္စမရှိ လမ်းအကွေ့ရောက်ရင်ဖြင့် သတိထားရလေသည် ။ ယခုသစ်တိုက်ထွက်ရာမှာ မနက် လေးနာရီမို့ ပတ်ဝန်းကျင်ကို ဘာမျှ မမြင်။ အပင်အုပ်အုပ်ဆိုင်းဆိုင်း နေရာရောက်ရင်ဖြင့် ဘာမှန်းမသိတဲ့ တစ္ဆေသရဲကိုလည်း ကြောက်လိုက်ရသေးသည် ။ကြောက်သည်ဟုဆိုသော်လည်း မျက်စိက အငြိမ်မနေ မဲမဲမြင်ရာ လိုက်ကြည့်တတ်ပြန်သည် ။ သူများပြောစကားကြားပြီး လန့်ရတဲ့ နေရာမျိုးတွေလည်း ရှိသည်။  လှည်းအဖွဲ့တောင့်သည်မို့ ထိုအချိန်တွင် မည်သည့် သုတ်သာန်နေနရာက ဖြတ်ဖြတ် ကြောက်စိတ်တော့ နည်းသည်မှာ အမှန် ။ လှည်းပေါ်တွေတွင် တချို့က သီချင်းညီးသည် ။ တချို့က ဆေးလိပ်ကိုဖွာရင်း လိုက်သည် ။ တချို့က အိပ်ငိုက်ပြီးလိုက်သည် ။ ကျွန်ုပ်မှာတော့ လှည်းလမ်းဘေးတွေကိုပဲ ဟိုလှည့်ဒီလှည့် ဘယ်နေရာရောက်ပြီ ၊ ဒါဘယ်ရွာဟု  စူးစမ်းစိတ်ဖြင့်သာ လိုက်ပါရလေသည် ။

ခရီးအတော်အတန်ရောက်လို့ ရောင်ခြည်တွေလည်း လင်းစပြုလာပြီ ။ ထိုအချိန်ကို ဝေလီဝေလင်း အချိန်ဟု ခေါ်လေ့ရှိသည် ။ အာရုဏ်ဦးအချိန်ဖြစ်သည်မို့ အရှေ့အရပ် ရှေ့တော်ပြေး ရောင်ခြည်ကိုငေးရင်း သဘောကျနေမိသည် ။ ဤသည်မှာလည်းပဲ ကျွန်ုပ်အဖို့ အရသာ တမျိုး ဖြစ်နေသည် ။ လှည်းတန်းကြီးသည် ရွာစဉ် ရွာဆက် ဖြတ်လို့လာပါသည် ။ လမ်းဘေးပတ်ပတ်လည်များမှာတော့ သစ်ပင်တွေဖြင့် ကာရံထားသည် ။ အဲ့ဒီအလွန်မှာတော့ လယ်ကွင်းများ ဖြင့်သာ ပြည့်နေလေသည် ။ မနက်စောစောမို့ အိပ်တန်းထ ငှက်သံများကို အတိုင်းသား ကြားရလေသည် ။ လယ်ရိတ်ထွက်သော သူများကိုလည်း တွေ့ရသည် ။ ထိုသူတွေသည် ထမင်းထုတ်ကလေးတွေနှင့် တံဇဉ် တွေကို ကိုင်ကာ စီစီတန်းတန်း လယ်ကန်သင်းအတိုင်း လျှောက်နေကြသည် ။ လယ်ကွင်းပြင်မှာတော့ သီချင်းသံ နွားငေါက်သံ ၊ အချင်းချင်း စနောက်သံများဖြင့်သာ ပနံတင့်နေပါတော့သည် ။

နေရောင်လည်း ကျလာလေပြီ ၊ စိတ်ထဲမှာကလည်း မြင်နေကျ အမြင်မျိုးမဟုတ်ပဲ တခြားရွာနေရာတွေကို အလည်အဖြစ်ရောက်သည်မို့ ဆန်းသစ်နေသည် ။ ခေါင်းရွက် ဗျတ်ထိုးစျေးသည် စုစုတွေသည်လည်းပဲ တရွာနှင့် တရွာ စျေးရောင်းရရေး သုတ်ချေတင်နေလေသည် ။ ဒီလိုနဲ့ ကျွန်ုပ်တို့ လှည်းတသိုက်ရဲ့ ခရီးသည်လည်း သစ်တိုက်ဖို့နေရာကို ဆိုက်ရောက်လို့လာပါပြီ ။ လှည်းတွေအားလုံး ရပ်လိုက်ကြသည် ။ လှည်းဦးစီးတွေထဲက အကြီးဆုံး ဦးလေးတစ်ယောက်မှ ကဲကဲ နွားတွေကို ခဏဖြုတ်ထားပြီး မနက်စာ စားကြရအောင်ဟေ့ ဆို အော်ပြီးသတိပေးသံဖြင့် ပြောလေသည် ။ လှည်ကိုယ်စီကလည်း ကိုယ့်လှည်းကိုယ်ကို သင့်ရာ ခေါင်းလှည့် ဖင်ထိုး တည်ပြီးမှ နွားတွေအား တမ်းပိုးမှ ဖြုတ်လေသည် ။ နွားထီးတွေဖြစ်သဖြင့် သတိထားရသည် ။ တခြားနွားတွေဖြင့် တည့်ချင်တည့် မတည့်ရင် ခွေ့ကြသည် ။ နွားခွေ့ရင်ဖြင့် တော်တော်ကြောက်ရသည် ။ အရှိန်ဖြင့် ဝင်ဆောင့်မိရင် သို့မဟုတ် နင်းမိရင် ပေါ့သေးသေး ဒဏ်ရာ မဖြစ်တတတ် ။ ဒါကြောင့် သတိထားရသည် ။ မတည့်တဲ့နွားတွေဆိုရင် ခပ်ဝေးဝေးမှာ ချည်ရသည် ။ ဒါဟာလည်း နွားတွေဖြင့် နေရင် ရှောင်ရန်ဆောင်ရန်လေးတွေဖြစ်သည် ။

ရပ်နားကြပြီဆိုတော့ ထမင်းညမ်းအဖြစ် ဘိုးလေးတို့အိမ်မှ ကောက်ညှင်းပေါင်း ထုပ်ပေးလိုက်သည် ။ ဆီ ဆား နိုင်နိုင်ထည့်၍ ပဲပြုတ်ရောထားသော ကောက်ညှင်း ငချိတ် တွေဖြင့် သမအောင် နယ်ရင်း စားကြလေသည် ။ အိုးကို အလည်တည်ပြီး တစ်ယောက် တစ်လက် ဝိုင်းလွေးလေပြီ ။ မနက်စောစော ထရသည်မို့ ဝမ်းကလည်း ဟာနေသည် ။ စားရသည်မှာလည်း ခံတွင်းတွေ့သည်မို့ ဗိုက်ပြည့်အောင် ကြိတ်လေသည် ။ ဆာဆာနှင့်မို့ စားလို့ ကောင်းပါသည် ။ စားလို့ အပြီး ဝယ်ထားသော သစ်များကို စ၍တင်လေသည် ။ ဝါးများလည်း ပါသည်မို့ တစ်စီးပြီးတစ်စီး ဝိုင်းကူတင်ရသည် ။ အုံးတုံး ကို သေချာ ခံရသည် ။ ပြီး ကြိုးတွေဖြင့် ထိပ်တချက် နောက်တစ်ချက် သေချာ ကျနအောင် ချည်ရသည် ။ ဒါမှ လမ်းခရီးအပြန်တွင် ဟိုကျဒီကျ ကမောက်ကမ မဖြစ်ပြီ ။

လှည်းကိုယ်စီ တင်ပြီးတုပ်ပြီး အဆင်သင့် ဖြစ်ပြီမို့ လာလမ်းအတိုင်း အပြန်ခရီးနှင်လေသည် ။ ဝန်နှင့်မို့ နွားနှစ်ကောင်အတွက် အလာလောက်တော့ မသက်သာပေ ။ အတက်ခရီး တွေရောက်ရင်တော့ အားဖို့ကာ အတင်းမောင်းရသည် ဒါမှသာ အရှိန်ဖြင့် သူတို့အတွက် သက်သာမည် ။ နှင်တံကိုတော့ အမြဲကိုင်ထားရသည်။ နွားငေါက်သံများဖြင့် ဖုန်တလိမ့်လိမ့် လှည်းတန်သည် ရွာစဉ်ရွာဆက် အလာလမ်းအတိုင်း နေပြင်းပြင်း မပူခင် အိမ်ရောက်ဖို့အရေး ခပ်သွက်သွက် မောင်းရသည် ။

ရွာသို့ တဖြည်းဖြည်း နီးကပ်လာပါပြီ .. ။ စိတ်တွေကလည်း ပျော်သွားပါသည် ။ အကြောင်းမှာ သစ်ကြိုအတွက်ကမ်းမဲ့ မုန့်များ ရသည်မှာ ပျော်စရာ ကောင်းသောကြောင့် ဖြစ်ပေသည်။ ဦးထုပ်ပါသူက ဦးထုပ်ဖြင့် လည်းကောင်း ခမောက်ပါသူက ခမောက်ဖြင့်လည်းကောင်း လှည်းပေါ်မှ ကမ်းပေးရသည် ။ သစ်ကြိုကမ်းတဲ့သူများမှ တစ်စီး တစ်ခု ၊ တစ်လုံး စသဖြင့် ကမ်းကြသည် ။ မုန့်ပဲသွားရည်စာ များ အမျိုးစုံလေသည် ။ ချိုချဉ်ကိုလည်း ကမ်းကြသည် ။ ဇီးထုပ်ကိုလည်း ကမ်းကြသည် ။ ထန်းလျှက်ပေါက်ပေါက်ဆုပ်တွေကိုလည်း ကမ်းသည် ။ ပါးစပ်ကလည်း စားရင်း လက်ကလည်း ခမောက်ကို ကိုင်ရင်း ဖြင့် သစ်ကြိုတဲ့ အဖြစ်ကို ပျော်ပျော်ကြီး ကြုံတွေ့လိုက်ရသည် ။

ရွာထဲအဝင် ရှေ့ဆုံးလှည်းသို့ သန်ပြေခက်ဖြင့် ဆင်ပြီး ဝင်ရသည် ။ မင်္ဂလာယူတဲ့သဘောပင် ဖြစ်ပေသည် ။ အဲ့ဒီလိုနဲ့ ရွာထဲကိုဝင် ဘိုးလေးတို့အိမ်ထိ မောင်း တစ်စီးဝင် တစ်စီးထွက်ဖြင့် သစ်တွေကို ချကြသည် ။ သစ်တွေကို ချအပြီး ကိုယ့်အိမ်ကို အသီးသီး လှည်းပြန်ဖြုတ်ကာ နွားတွေအား အနားပေးလိုက်သည် ။ ခဏနေတော့ ဘိုးလေးတို့ အိမ်မှ .. သစ်တိုက်လိုက်တဲ့အတွက် ထမင်းစားဖို့ လာခေါ်ပါသည် ။ တော့ဓလေ့မို့ ဝိုင်းဖွဲ့ကာ စားရသည်မှာ ပျော်စရာလည်းကောင်းသည် ။  အမှတ်ရစရာအဖြစ်လည်း ကျန်ခဲ့သည် ။ ယခုတိုင် တောရွာတွေမှာ ထိုဓလေ့သည် ရှင်သန်နေဆဲဖြစ်သည် ။ လူတိုင်းလူတိုင်း အဲ့ဒီလို အမှတ်ရစရာလေးများ ဇာတိချက်ကြွေ မွေးရပ်မြေမှာ ရှိတတ်စမြဲပင် ဖြစ်သည် ။ အဲ့ဒီလို ရိုးသားတဲ့ တောသဘာဝကိုတော့ မတူခြားနားတဲ့ အရပ်ရောက်မှ ထင်သာမြင်သာ ရှိတတ်ပါသည် ။

ဒါသည်ပင် ကျွန်ုပ်၏ အမှတ်တရများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့လေသည်။

ဘာနေ

၄ ၊ ဂျူလိုင် ၊ ၂၀၁၂


6 thoughts on “သစ်ကြို (၂ )

  1. မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းကို ပြန်လည်လွမ်းမိသွားပါကြောင်း ။

  2. ကျေးလက်ရှုခင်းလေး ဖတ်ရတာ ပျော်စရာလည်း ကောင်းသလို လွမ်းစရာလည်း ကောင်းတယ်၊ သစ်ကြိုတဲ့ ဓလေ့နဲ့တော့ တခါမှ မကြုံခဲ့ဖူးဘူးဗျ၊ တစ်ယောက်ကို တစ်ရွာလုံးက ဝိုင်းကူကြတဲ့ ချစ်စရာ့ ရွာဓလေ့ ပါပဲ…။

    1. ဟုတ်ကဲ့ ကိုညီလင်းသစ် .. အဲ့ဒီဓလေ့လေးတွေက တကယ် ပျော်ဖို့လည်း ကောင်းသလို နှစ်သက်စရာအဖြစ်လည်း အမြဲ ကျန်ခဲ့တဲ့ အရာတွေပါ ..။

Leave a Reply to ညီလင်းသစ် Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s