ကဆုန်လပြည့်နေက ဖေ့ဘွတ်ပေါ်မှာ စာတိုလေးတွေ ရေးမိပါသေးတယ် .. ဘလော့ ကိုဖတ်တဲ့သူတွေအတွက်လည်း ဖတ်ဖြစ်ရအောင်လို့ ပြန်တင်ပေးပါတယ် .. ။
တကယ်တော့ ကဆုန်လပြည့်နေဟာ ဗုဒ္ဓနေ့ ဆိုပြီး ဗုဒ္ဓဘာသာဝင်တွေ သတ်မှတ်ခဲ့ကြပါတယ် ..။ သတ်မှတ်တဲ့ အကြောင်းတရားတွေကတော့ .. ဒီလိုရှိခဲ့လို့ပါပဲ ။
၁။ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူခြင်း။
၂။ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူခြင်း။
၃။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခြင်း။
၄။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ်လေသည်။
ခုလို ဗုဒ္ဓနေ့ကို အထူးအမြတ်ထားပြီး သတိတရ ရှိဖြစ်တဲ့အခါ ကိုယ်ကိုယ်တိုင်ဟာ တကယ်ပဲ ဗုဒ္ဓမြတ်စွာဘုရားသက်ရှိထင်ရှား ရှိစဉ်အခါကလို စိတ်ဖြင့် ရည်ညွန်းပြီး ကြည်ညိုမိပါတယ် …
ခု တင်ထားတဲ့ ပုံကိုကြည့်ရတာလည်း တော်တော်ကို ကြည်နူးဖို့ ကောင်းတယ် …
ဘုရားရှင်လက်ထက်တော်အခါက တရားဓမ္မတွေကို အဲ့ဒီလို ဟောပြောကြတာပါလားလို့လည်း တွေးမိပြန်ပါသေးတယ်
ဘယ်လိုအကြောင်းအရာပဲ ဖြစ်ဖြစ်လာပါစေပေါ့ ဘုရား ၊ တရား ၊ သံဃာ ဟု ဆိုအပ်သော သရဏဂုံသုံးပါးကိုတော့ အမြဲ ထာဝရ ရင်ဝယ်ကိန်းနေမှာပဲ ဆိုတာ ကိုယ့်ကိုယ်ကို အလိုလို သိသွားမိပါတယ် ..
လက်ရှိဘဝကို အနိစ္စ ဒုက္ခ အနတ္တ ရယ်လို့ .. ဆင်ခြင်ပြီး ဉာဏ်မျက်စိနဲ့ မြင်တတ်ဖို့ လမ်းညွန်သွားခဲ့တာမို့ ..
ကျေးဇူးကြီးလှပါပေတယ် .. ။

သတ္တလောကမှာ ဖြစ်နေသမျှဟာ
ဆင်းရဲခြင်း အကြောင်းတရားများသာ ဖြစ်တာမို့ ဒုက္ခသစ္စာလို့ ဖော်ပြသွားခဲ့တယ်
နှောင်တွယ်ရစ်ဖွဲ့ စွဲလမ်းမှုကြောင့် သံသရာ ရှည်နေရတာမို့ သမုဒယ သစ္စာလို့ ဖော်ပြသွားတယ်
နက်နဲတဲ့ အသိဉာဏ်ဖြင့် လောကဓမ္မကို သေချာသိမြင်နိုင်တဲ့ မဂ္ဂသစ္စာကိုလည်း လမ်းညွှန်သွားတယ်
ငြိမ်းချမ်းခြင်း ၊မဆုံးနိုင်တဲ့သံသရာဆင်းရဲကို ရပ်တန့်သွားခြင်း အစစ်အမှန် ဖြစ်တဲ့ နိဗ္ဗာန်ကို လမ်းပြသွားတယ် .. ဒါကြောင့် ကျေးဇူးတရားအား ကြီးမြတ်လှပါပေတယ် ။
အလွန်တရာ နှစ်သက် ကျေနပ်နေမိပြန်တယ် ..
ပြီးတော့လည်း ကိုယ့်အသိဉာဏ်ဖြင့် ထိုးထွင်းသိအောင် ပြုရတာမို့
ပြုမိလေသမျှ ပါရမီအကြောင်းတရားများအတွက် ပီတိဖြစ်မိပြန်ပါသေးတယ်
ခုလုပ် ခုချမ်းသာတဲ့ အကျိုး ချက်ချင်းသိရတာမို့ မွန်မြတ်ခြင်း အစစ်ဖြစ်ပါပေတယ်
နေရာ တစ်နေရာတည်း ထက် တလောကလုံးနှင့်ယှဉ်ပြီး ထူးမြတ်တဲ့ တရားတွေ ဖြစ်တာမို့ .. ကိုယ့်ကိုယ်ကိုလည်း ကံကောင်းပေစွလို့ မြင်မိပါသေးတယ်
သံသရာ ဝဲထဲမှာ .. အဝိဇ္ဇာမျက်နှာဖုံးစွပ်ပြီး လမ်းပျောက်နေရတာ ကြာခဲ့ပါပြီကော ..
ခုလို ကြုံကြိုက်ခဲတဲ့ ဘဝ ဝယ် … “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” ဆိုတဲ့ စကားလေးအား
ခပ်စိပ်စိပ်တွေးရင်း လောကရေယဉ်လှိုင်းတွေကြား ရင်တထိတ်ထိတ်နဲ့ ဖြစ်မိသွားပြန်ပါသေးတယ် ..။
ခုလို သတိတရား မမေ့အားဖို့ မှာကြားခဲ့လေသော နည်းလမ်းညွန်ပြခဲ့တော်မူသော မြတ်ဗုဒ္ဓအား ရှိခိုးပူဇော် ကန်တော့ပါ၏ ။
“အရံဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္တာ ဒေဝမနုဿနံ ဗုဒ္ဓေါ ဘဂဝါ ”
အဲ့ဒီလို ဂုဏ်တော်များဖြင့် ပြည့်စုံတော်မူသော မြတ်စွားဘုရား ..
ထိုဂုဏ်တော်တွေအားလုံးကို ကြည်ညိုမှု ရှိပြီး .. ဒီအချက်ကလေးကို သဘောကျမိပါရဲ့
“ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား” .. ဆိုတာလေးပါပဲ ..
ကျနော်တို့တတွေမှာ တစ်ကိုယ်တည်း ဆိတ်ကွယ်ရာမှာ ဆိုရင်ဖြင့် စိတ်အလိုအတိုင်း မကောင်းမှုလည်း ပြုဖြစ်မိသွားတတ်ပါတယ် ..။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်မှာ “ဆိတ်ကွယ်ရာအရပ်မှာတောင် မကောင်းမှုကို မပြုတော်မူသော” ဆိုတာလေးက တကယ်တွေးကြည့်တဲ့အခါ .. ဖြူစင်ခြင်း ဘယ်အထိ ပြီးသလဲ ဆိုတာ ထင်ပေါ်နေပါတယ် ။
ထိုအတူ အားလုံးသော ဗုဒ္ဓဘာသာဝင်များနှင့် သတ္တဝါအားလုံး ဟာဖြင့် မိမိသီလအကျင့်တရားကို ဖြူစင်သထက် ဖြူစင်အောင် စောင့်ထိန်းကြပါလို့ သတိပေးချင်ပါတယ်။ ခုလို လူ့ဘဝ နဲ့ ကြုံကြိုက်ခိုက်
မိမိအတွက် စစ်မှန်သော အကျင့်တရားများကိုသာ ရရှိအောင် ကြိုးစားကြပါလို့လည်း ထပ်ဆင့် ဆန္ဒပြုပါတယ် ။
အနှောင်အတွယ်များမှ ကျော်လွန်ရာ သံသရာစက်ဝန်းကနေ လွတ်မြောက်ခြင်း သို့ ရောက်ရှိနိုင်ကြပါစေသတည်း ။
( အပ္ပမာဒေန သမ္ပါဒေဌ = မမေ့မလျှော့သော သတိဖြင့် ဘဝကို ဖြတ်သန်းကြပါ တဲ့ ဗုဒ္ဓမှ နောက်ဆုံးမှာကြားသွားတာ )
ဘာနေ
၆ရက် ၊ မေလ ၊ ၂၀၁၂
ကောင်းပါ၏ ။ တရားကိုဆင်ခြင်တော့ ဘုရားကိုမြင်တာပေါ့ဗျာ ။
ဘုရားကိုမြင်တော့ မကောင်းမှု သိပ်မလုပ်ဖြစ်တော့ဘူးပေါ့ ။
သာဓု သာဓု ၊