ပဥ္စသီလံ

ပဥ္စသီလံ

လူ့လောက ကြီးထဲမှာ .. နေနေရခိုက် .. ကျနော်တို့တတွေအတွက် တရားသော အမှု ၊ တရားသောအပြု ၊ တရားသော သဘောထားများ ရှိနေပါမှ .. စိတ်ထဲ သန့်ရှင်း အမှန်တကယ် ချမ်းသာခြင်းဆိုတာတွေ ပိုင်ဆိုင်မှာပါ .. ။ လူလို့ ခေါ်ဆိုခံထားရတဲ့ လူတိုင်း လူတိုင်းမှာ  စွမ်းရည်ရှိကြပါတယ် .. အဲ့စွမ်းရည်ကတော့ ကောင်းမြတ်ခြင်း မကောင်းမြတ်ခြင်း ကို ခွဲခြားနိုင်တဲ့ စွမ်းရည်ပါပဲ .. ။ အဲ့ဒီ စွမ်းရည်ဟာ ထူးမြတ်ခြင်းပါ .. အဲ့ဒီလို ထူးမြတ်တဲ့ အရည်အချင်းရှိတဲ့ ခုလို လူ့ဘဝ ရလာခိုက် .. အဲ့ဒီစွမ်းရည်တွေကို သုံးပြီး နေပါမှ .. ကျနော်တို့ရဲ့  ဘဝတန်ဖိုးဆိုတာဟာ ကိန်းဂဏန်းများသဖွယ် တန်ဖိုးများဖြင့် ရှိနေပါလိမ့်မယ် .. ။

လူ့ပြည်မှာ ရောက်လာတဲ့ လူတွေအားလုံးဟာ မွေးဖွားကြီးပြင်း အိုမင်း သေကြေ ပျက်စီး သဘောတည်း ဆိုတဲ့ နိယာမ အောက်မှ ကိုယ်စီ ဇာတ်ဝင်ခန်းတွေနဲ့ ကပြ တင်ဆက် အချိန်တန် ကလကာပိတ် ပြီးဆုံးသွားကာ ထိုရလာတဲ့ဘဝ အပြီးသတ် သွားသည်ပေါ့ .. ။ ဘဝမှာ သူသူကိုကို ပါပဲ .. အမြင့်မြတ်ဆုံး တန်ဖိုးကြီးတွေ မရနိုင်တောင်မှ သင့်တင့်တဲ့ တန်းဝင် လူ့အဆင့်အတန်းမှီတဲ့  တန်ဖိုးရှိတဲ့ဘဝလေးတော့ ရချင်ကြသား . ။ ဒါပေမဲ့  ယခု လူအများစု ဖြစ်နေတာက .. အပြည့်တင်ထားတဲ့ ဖရဲသီးလှည်း တစ်စီးကို နေရာရွေ့နေရသလိုပါပဲ .. တစ်လုံးချင်းစီ ရွေ့လို့ နိုင်နင်းပါလျှက် လှည်းတစ်စီးလုံးကိုမှ ရွေ့ချင်သူတွေများနေတော့ .. အားရှိသမျှ တွန်းပေမဲ့ မရွေ့နိုင်ပဲ အချိန်ကုန်လူပန်း စိတ်မောကြီးပေါ့ . ။

အဲ့ဒီ ဥပမာလိုပါပဲ .. လူ့လောကတန်ဖိုးရှိတာများကို အတုံးအတစ်လိုက် ချက်ချင်းလုပ်လို့ မရနိုင်ပါဘူး .. ဒီတော့ နည်းနည်းချင်းစီ နိုင်သမျှ တတ်သမျှ ရွေ့ယူရင်း တန်ဖိုးတွေ တဖြည်းဖြည်း မြှင့်ကြရမှာပါ .. ။ တကယ်တော့ ကျနော်အပါအဝင် ခုခေတ် လူငယ်တွေဟာ ဟိုအရင်ခေတ်က လူတွေထက် ပိုတော်ရရ မှာပါ .. ။ ဘာလို့လဲဆို အမှားတွေကို သူတို့ အရင် ဖြတ်သန်းပြီးခဲ့ပြီလေ .. ဖြတ်သန်းပြီးလို့ ရခဲ့တဲ့ အတွေ့အကြုံတွေကို ကျနော်တို့အတွက် စာဖြင့် ဖြစ်စေ ၊ သင်္ကေတဖြင့် ဖြစ်စေ ၊  လက်ဆင့်ကမ်းခြင်းဖြင့် ဖြစ်စေ ချန်ထားခဲ့ကြပါတယ် .. ။ ကျနော်တို့ဟာ ထိုစာတွေမှ တဆင့် သူတို့ပေးထားခဲ့တဲ့ အတွေ့အကြုံတွေကို ကြိုတင်သိရှိ ခန့်မှန်းရင်း နောက်ထပ် ပိုအဆင့်မြင့်တာတွေကို လုပ်ဆောင်ရပါမှ လူတော်တန်း ဝင်လာပါလိမ့်မယ် .. ။

ခေါင်းစဉ်မှာ ကျနော် ရေးထားတာက .. ပဥ္စသီလံ တဲ့ .. ဘာသဘောလဲ ဘယ်လိုအနက်လည်း ဖတ်မိသူများ ခွဲခြားတတ်ပါလိမ့်မယ် ..။ ခွဲခြားရာမှာလည်း စာဖတ်နည်းသူနဲ့ စာဖတ်ရင့်သူများအကြား အတွေးများ ကွဲပြားနေပါလိမ့်အုံးမယ် .. ။ တကယ်တော့ ပဥ္စ ( ငါးခု) သီလံ ( သီလ = အကျင့် ) ပေါ့ဗျာ .. ။ ငါးပါးသီလ လို့ ဆိုလိုချင်မိတာပါ ..။ ငါးပါးသီလ လို့ ကျနော် ပြောလို့ လူငယ်တွေများ .. တရားဘက်သဘောကြီးပါလို့ မမြင်စေချင်ပါ .. ။ ငါးပါးသီလ ဆိုတာက အဆင့်မြင့် လူတစ်ယောက်ရဲ့ အကျင့် သိက္ခါ ပါပဲ .. ။ လူတစ်ယောက် ဖြစ်လာပြီဆိုရင်တော့ အဲ့ဒီအကျင့်ကို ထိန်းနိုင်ရပါမယ် .. ။ ဒါမှ လူဟု ခေါ်ဆိုအပ်သော တန်ဖိုးရှိရှိ လူသား ဖြစ်လာမှာပါ ။ ( ပြောသာပြောရပါတယ် ထိန်းနိုင်သူ ရှားနေတဲ့ခေတ်ပါ ) ။

ခုခေတ် လူငယ်လေးများ ကို တော်တော် အားပေးချင်မိပါတယ် .. ။ လူကြီး လူလတ်များကိုတော့ ကိုယ့်ထက် တော်တတ် သူများအဖြစ် မှတ်ယူထားပါတယ် .. ။ ခု နောက်တက်လာမဲ့ ဆယ်ကျော်သက် ကလေးများဟာ .. တို့တိုင်းပြည်နဲ့ တို့လူမျိုး ဆိုတဲ့ နိုင်ငံတကာနဲ့ ယှဉ်ကာ အနာဂတ် အတွက် ချိန်ထိုးခံရတဲ့ သူများပါ ။ သူတို့တွေမှာ ရှိသင့်တာက . စောစောလေးက ပြောတဲ့ လူတစ်ယောက်ရှိသင့် ရှိထိုက်တဲ့ အကျင့်တွေပါပဲ ။ ဒါပေမဲ့ လူ့ဘဝမှာ အဲ့ဒါမရှိရင် အသက်မရှင်နိုင်ဘူးတဲ့လား ဆိုရင် ရှင်နိုင်ပါတယ်ဗျာ .. သို့သော် စိတ်ထားမှာတော့ ညစ်နွမ်းနေမှာ သေချာပါပဲ .. ။ ဒီတော့ သေချာ စဉ်းစားပြီး ဒို့တတွေ လုပ်သင့် လား လိုက်နာသင့်လား ဝေခွဲကြပေါ့ .. ။ ဒါမှ လူမည်မှာ ။

ငါးပါးသော လူ့ကျင့်ဝတ်မှာ .. ( ၁) သူများ အသက်ကို သတ်ခြင်း  ။ မလုပ်သင့်ပါဘူး သက်ရှိဆိုတာ သတ္တဝါတွေပါ .. တိရိစ္ဆာန်လည်း သက်ရှိ လူလည်း သက်ရှိ .. အားလုံး သော သက်ရှိတွေဟာ သတ္တဝါ တွေပါပဲ .. ။ ကျနော်တို့မှာ မိမိကိုယ်ကိုယ်အနေနဲ့ ကိုယ့်အသက်ကို တန်ဖိုးထားသလို သက်ရှိတိုင်းဟာလည်း သူတို့အသက်ကို တန်ဖိုးထားကြတာပါပဲ .. ။ ကိုယ်တွေမသေချင်သလို သူတို့တွေဟာလည်း မသေချင်ကြပါဘူး ။ ဒီတော့ သူများအသက်ကို မသတ်ပါဘူးဆိုတဲ့ အကျင့်ကလေး မွေးမြူသင့်ပါတယ် ။ ကိုယ်ဟာ အဆင့်အတန်းရှိလူရယ်လို့ သတ်မှတ်ထားရင်ပေါ့ … ။ မွေးမြူကြပါ ထိုအကျင့်ကို စောင့်ထိန်းကြပါ .. ကျနော်မှ အထူးတလည် လေးစားပါသည် ။

နံပါတ် ( ၂) အနေနဲ့  သူများပစ္စည်းဥစ္စာကို ခိုးယူခြင်း ။ ဒါကိုတော့ လူတိုင်းမကြိုက်တဲ့ အရာပဲ .. ။ ဘယ်သူမှ ကိုယ့်ပစ္စည်းကို သူများ ခိုးတာ မခံချင်ကြဘူး ထို့အတူ ကိုယ့်ကိုယ်ကိုလည်း  အများအလယ်မှာ သူခိုးဟု မထင်မြင်စေချင်ကြဘူး ။ သို့သော်လည်း ဇာတ်လမ်းတစ်ပုဒ်ထဲမှာ လူတော်လူကောင်း ရှိသလို လူဆိုးလူညံ့လည်း ရှိတာမို့ လူ့ပတ်ဝန်းကျင်မှာ  ခိုးတဲ့သူများ ရှိနေပြီး မကင်းနိုင်ပဲ ရှိနေပါသေးတယ်  ။ ခိုးခြင်းဆိုတာ ဘယ်လိုခိုးတာများလဲဟ လို့ မေးမယ်ဆိုရင် .. ။ သူများမသိအောင် လိုတာထက် ပိုပြီး အမြတ်ထုတ်ထားခြင်း .. အဲ့ဒါဟာ သူခိုးပဲ ။ တန်ရာတန်ကြေး ယူထားပြီး အလုပ်လုပ်ရာမှာ တန်ရာတန်ကြေး မလုပ်နိုင်သူများ ဟာလည်း သူခိုးပဲ ( ရေသာခိုခြင်းကို ဆိုလိုသည် ) ။ လူလိမ် တွေဟာလည်း သူခိုးပဲ ။ဟင် .. ဒါဆို သူခိုးချည်းပဲ ဖြစ်နေမှာပေါ့ လို့ ဆိုရင်  ဟုတ်တယ် သူခိုးချည်းပဲ .. ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် သူခိုး မဖြစ်စေဖို့  အချက်ကလေးပါပဲ .. ။ ဒီတော့ အဆင့်အတန်းမြင့် လူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတယ်မလား .. ဒါဆို ကိုယ် မရသင့်တာ သူများ မသိ ၊ ခွင့်မပြု ၊မကျေနပ် တာမျိုး မယူနဲ့ပေါ့ဗျာ .. ။ ဒါကိုလိုက်နာနိုင်ပြီဆိုရင်တော့ နှစ်ချက် လုံသွားပြန်ပြီ .. ။

နံပါတ် ( ၃) သူတပါး ကာမပိုင် သားမယားအား ပြစ်မှားကျူးလွန်ခြင်း  ။ ဟယ် .. ဒါကတော ကင်းကြဘူးဟ လို့ ဆိုလေမလား .. ။ ကင်းသည်ဖြစ်စေ မကင်းသည်ဖြစ်စေ လူကတော့လူပါပဲ .. ။ ကာမ ဘုံမှာ နေနေရတဲ့ ဖြစ်လာရတဲ့ ကျနော်တို့တွေဟာ ဒီစိတ်ဘယ်ကင်းမလဲ .. သို့သော် စောင့်စည်းခြင်းတော့ လူမှာ ရှိသင့်တာပေါ့ဗျာ  ။ လောကမှာ ကိုယ့်အတွက် ချစ်သူ ခင်သူ ဘဝအဖော်တွေဆိုတာ မရှားပါဘူး ( ရှားတဲ့သူလည်း ရှိကောင်းရှိမပေါ့  🙂 ) ဒါပေမဲ့ သင့်ရာ သင့်ရာ  ရှိကြပါတယ် .. ။ ဒီတော့ ကိုယ့်နဲ့ နီးစပ်ရာ မှာ ဆက်ဆံနေကြရတဲ့ သူများ သားမယား လင်ယောက်ျား တွေကို မပြစ်မှားဖို့ လိုအပ်ပါသဗျာ .. ။ ဒါတော့ စောင့်စည်းကြပါ ။ လူပဲ လုပ်နိုင်ရမှာပေါ့ .. ။ ကိုယ်က ကိုယ့်ကိုယ်ကို အဆင့်အတန်းရှိသတ်မှတ်ထားပြီးသားပဲ စောင့်စည်းပါ ။ အကယ်၍ စိတ်က အဲ့ဒီပစ်မှားတဲ့ဘက် ကိုယ်သတိမထားမိပဲ ယိုင်သွားတယ်ဆိုရင်တောင် နောက်ပြန်ဆုတ်ပါ ကိုယ့်ကိုယ်ကို သတိပေးပါ .. ငါဟာ အဆင့်အတန်းရှိတဲ့သူဆိုတာကိုပေါ့ .. ။ ဟုတ်ပါတယ် သင်ဟာ အဆင်အတန်းရှိတဲ့ သူတစ်ယောက်ပါ .. ။

နံပါတ် ( ၄ ) မုသားစကား ၊ မဟုတ်မမှန်သော စကား ။ ဒါကတော့ လူတိုင်းနည်းပါ း မကင်းကြဘူးတဲ့ ဟုတ်ပါတယ် ကျနော်လည်း မကင်းပါဘူး ဒါပေမဲ့ . ကင်းအောင် ထိန်းသိမ်းနေပါတယ် မုသားသုံးဖို့ အခွင့်ကြုံလာရင်တောင် အထက်က ကျနော်ဆိုခဲ့သလိုပဲ ငါဟာ အဆင့်အတန်းရှိတဲ့ လူတစ်ယောက်လား ဆိုတာ ပြန်မေးလိုက်ပါတယ် .. ။ တကယ်တော့ ကျနော်ကိုယ်တိုင် ကိုယ့်ကိုယ်ကို မြှင့်တင်ချင်မိတာပါပဲ ..။ အားလုံးလည်း ထို့အတူဖြစ်မှာပါ ။ မုသားမပါ လင်္ကာ မချော ဆိုတဲ့ စကားရှိပေမဲ့ ထိုစကားဟာ ပညာရှိစကား မဟုတ်လို့ မလိုက်နာသင့်ပါဘူး ။  မုသားသုံးလိုက်လို့ ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်ထက် စင်ကြယ်ခြင်းကို ၊  ဖြူစင်သန့်ရှင်းခြင်းကို ညစ်ထေးစေတာတော့ အမှန်ပါပဲ ။ အားလုံး မကင်းနိုင်ကြပေမဲ့ ကင်းသထက် ကင်းလာအောင်  ၊ အကျင့်ထူရာကနေ ပါးလာအောင်  ၊ ပါးရာကနေ လုံးဝမရှိသည့်တိုင်အောင် တဖြည်းဖြည်း ချဉ်းကပ် စောင့်စည်းကြစေလိုပါတယ် ။ ဒါမှသာ အများနှစ်သက်တဲ့ အဆင့်အတန်းရှိတဲ့သူ ဖြစ်လာပါလိမ့်မယ် ။

နံပါတ် ( ၅ ) သေရည်သေရက် သောက်စားမူးရစ်ခြင်း ။ ယောက်ျားများအားလုံးနီးပါ မကင်းတတ်ကြပါဘူး ။ ခုခေတ်မှာ မိန်းကလေးတွေပါ မကင်းတတ်သလို ဖြစ်လာပါတယ် ။ မူးရစ်စေသောအရာဟာ .. သောက်သူကို စိတ်ကျေနပ်သလိုလို ဖြစ်စေတတ်ပြီး .. စိတ်ရဲ ကိုယ်ရဲ ၊ အာရဲ လျှာရဲ ဖြစ်လာစေတတ်ပါတယ် .. ။ သွေးဆူပြီး ဒေါသထွက်လွယ်တတ်ပါတယ် ။ မူးပြီး ကောင်းတဲ့စိတ် မကပ်တော့ပဲ မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ ထိုသူအဖို့ အန္တရာယ်ပါပဲ ။ ဒီတော့ ထိန်းနိုင်သည်ဖြစ်စေ မထိန်းနိုင်သည်ဖြစ်စေ ရှောင်ရှားစေလိုပါတယ် ။  . ရှောင်ရင်း ရှောင်ရင်းကနေ လုံးဝ ရှောင်နိုင်ဖို့ လိုအပ်ပါတယ် ။ ခုခေတ်မှာ ပြောတတ်ကြတဲ့စကား  အဲ့ဒီ သေရည် အရက် မသောက်လိုက်လို့ လူဖြစ်ရှုံးမသွားပါဘူး ( ဒီလိုပြောလို့ကန့်လန့်တိုက်တယ်မထင်စေချင်ဘူးဗျ  .. ဘာလို့လဲဆို လူတွေက အများနဲ့ တစ်ယောက်ဆို မှားမှားမှန်မှန် အများဘက်က ပုံအော ထောက်ခံတတ်ကြလို့ပါ ) ။ ကဲ ဒီတော့ နောက်ဆုံးအချက်ဖြစ်တဲ့ မူးရစ်စေတဲ့ အရာများ အား ရှောင်ကျဉ်ခြင်း ကို ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ နေနိုင်ပါတယ် ။ လိုက်နာမယ်ဆိုလည်း လိုက်နာနိုင်ပါတယ်  .. ကိုယ်က အဆင့်အတန်းရှိ လူတစ်ယောက်လို့ သတ်မှတ်ထားမယ်ဆိုရင်တော့ လိုက်နာပြီး ထိန်းသိမ်းပေါ့ဗျာ .. ။ ဟုတ်ပါတယ် သင်ဟာ အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ပါ .. ။

ပဥ္စသီလံ ဆိုတဲ့ အကျင့်ငါးခု သို့မဟုတ် အများသိထားတဲ့ ငါးပါးသီလ ဆိုတာကို တင်ပြပြီးပါပြီ .. ။ လိုက်နာရင် အကျိုးရှိမယ် မလိုက်နာရင် လည်း ကိုယ်လုပ်ထားတဲ့အတိုင်း ရမယ်ပေါ့ဗျာ .. ။ ဘာပဲဖြစ်ဖြစ် ကိုယ်က အခရာ ကျတာမို့ .. ကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့ .. ။ ခုလိုခေတ်မှာ မွေးဖွားလာကြတဲ့  စာတတ်ပေတတ် ၊ စာဖတ်တတ် ဖတ်လေ့ရှိတဲ့ လူငယ်များ .. အနေဖြင့် ပညာရှိများရဲ့ လေးစားခံရခြင်းကို မျက်ကွယ် မပြုမိပါစေနဲ့လို့ ပြောချင်မိပါတယ် .. ။ အဲ့ဒီ လူ့ကျင့်ဝတ် သီလ ကို စောင့်ထိန်းဖြစ်သွားပြီဆိုရင်လည်း အန္တရယ်တွေဟာ တဖြည်းဖြည်း ကင်းလာပြီး စိတ်ကလည်း တဖြည်းဖြည်း ဖြူစင်လာပါလိမ့်မယ် ။ မိမိကို အများက နှစ်သက်လာသလို ကိုယ်ကိုယ်တိုင်ဟာလည်း မိမိကိုယ်ကို နှစ်သက်လာပါလိမ့်မယ် ။ ဒီတော့ ဘဝဟာ တိုးတက်လာသလို ပတ်ဝန်းကျင်မှတဆင့် အနာဂတ် နိုင်ငံဟာလည်း တိုးတက်လာပါလိမ့်မယ် ။ ဒါကြောင့် ကျနော်တို့ နိုင်ငံကို လူကောင်းများဖြင့် ၊ အဆင့်အတန်းရှိသော လူငယ်များဖြင့် ဖန်တီး တည်ဆောက်ထားတဲ့ နိုင်ငံတစ်နိုင်ငံအထိ မျှော်လင့်ရင်း ..  သတိပေးသလိုတမျိုး  .. စေတနာများဖြင့် တဖုံ … မိမိရော အားလုံးအတွက်ပါ ဗျို့ဟစ်လိုက်ရပါကြောင်း … မေတ္တာရှေ့ထား ရေးလိုက်ရပါသည် ။

ဘာနေ

၂၅ ၊ ဧပရယ် ၊ ၂၀၁၂


2 thoughts on “ပဥ္စသီလံ

  1. အကွပ်မဲ့တဲ့ကြမ်းပရမ်းပတာလို့ဆိုပါတယ် ။ လူလောကဆိုတဲ့ကြမ်းပြင်ကြီးဟာလဲ ကိုယ်ကျင့်တရားဆိုတဲ့ အကွပ်မဲ့သွားမယ်ဆိုရင် မတွေးရဲစရာပါ ။ ခုခေတ်မှာ လက်ရှိဘ၀ပြေဖို့သာအဓိကဆိုပြီး ကိုယ်ကျင့်တရားကိုပစ်ပယ်ထားတဲ့အယူအဆတွေပေါ်နေပါတယ် ။ စီးပွါးရေးအဆင်ပြေဖို့ အရက်သောက်တာအပြစ်မရှိ ။ သူများအိမ်ယာက ကိုယ့်ကိုအလိုရှိလို့ သူအိမ်ယာရဲ့ အာသာဆန္ဒကို ပြေပျောက်သွားစေတယ်ဆိုရင် ကိုယ့်မှာ အပြစ်မရှိ ။
    ကြောက်ဖို့ကောင်းတဲ့အယူအဆပါပဲ ။ စကားဝိုင်းတစ်ခုမှာ ဒီအကြောင်းအရာတွေပြောဖြစ်တော့ တစ်ယောက်ကပြောပါတယ် ။ မှန်သလိုလိုပဲတဲ့ သူဆန္ဒကို ဖြည့်ဆည်းပေးရတာပဲတဲ့ ။ ကျွန်တော်က ပြန်ပြောလိုက်မိပါတယ် ။ခင်များ မိန်းမရဲ့ဆန္ဒကို တခြားတစ်ယောက်က ဖြည့်ဆည်းပေးရင်ကောလို့ ။ အဲ့ဒီကြမှ သူကနောက်တာပါတဲ့။
    ငါးပါးသီလကို -လောကပါလ=လောကစောင့်တရားလို့ဖတ်ဘူးပါတယ် ။ ဒီလောကစောင့်တရားများကို
    တန်းဖို့ထားခဲ့ကြတဲ့ခေတ်အခါက ကျွန်တော်တို့နိုင်ငံက တံခါးမရှိတဲ့နိုင်ငံပါ ။ ဟိုနားဒီနားသွားလို့ ကိုယ့်အိမ်
    မှာ လူမရှိလို့ တံခါးပိတ်ထားပြီး သော့ခတ်ထားစရာမလိုလောက်အောင် ကိုယ်ကျင့်တွေမြင့်မားခဲ့ကြတဲ့
    နိုင်ငံပါ ။ ခုခေတ်မှာ ပြောနေကြပါတယ် ငါတို့လူမျိုးတွေက နိုင်ငံကြီးသားမပီသဘူးတဲ့ ။ ဒီအပြောမျိုးကြားရတိုင်း
    ရင်နာမိပါတယ် ။ ကျွန်တော်တို့လူမျိုး ကိုယ့်ကျင့်မြင့်မားခဲ့ချိန်က အဲ့ဒီနိုင်ငံကြီးသားဆိုတာတွေက ဘယ်လို
    လူတွေလဲဆိုတာ လေ့လာသင့်ပါတယ် ။ ကျွန်တော့်အဖေက ပြောဘူးတယ် သူတို့ငယ်ငယ်က တံငါလို့အပြောခံ
    ရမှာကြောက်လို့ တံငါမလုပ်ပဲ လယ်ကူလီပဲ လုပ်ခဲ့ကြတာ ခုတော့ ပင်လယ်ပြင်မှာ နေရာလုရလို့ ရန်ဖြစ်လောက်
    အောင်ပဲ တံငါလုပ်သူတွေပေါ်များနေပြီတဲ့ ။ အထက်ဒေသတွေမှာလဲ မုဆိုးလို့ခေါ်ခံရမှာ သားသတ်သမားလို့
    ခေါ်ခံရမှာ ကြောက်ခဲ့ကြတာကနေ ခုတော့——-
    ဒီလို ကိုယ်ကျင့်မြင့်မားတဲ့လူမျိုးတစ်မျိုးကနေ ကိုယ့်ကျင့်နိမ့်ပါးတဲ့ လူမျိုးတစ်မျိုးအဖြစ် ဘာဖြစ်လို့
    သက်ဆင်းသွားရတာလဲဆိုတာ အဖြေရှာကြည့်သင့်ပါတယ် ။ အူမတောင့်မှ သီလစောင့်မယ် ဆိုတဲ့
    အပြောတွေကလဲ နေရာတိုင်းမှာ ပလူပျံနေပါပြီ။ ခရီးသွားတဲ့အခါ မကြာခဏကြားနေရတဲ့စကားတစ်ခွန်းက
    လူတွေကိုက သောက်ကျင့်မကောင်းဘူး-တဲ့ ။ ကဗျာလေးတစ်ပုဒ်ကိုလည်း သတိရမိရဲ့ ။ ကဗျာဆရာတော့
    မေ့နေပါပီ-
    ခိုးမှဝှက်မှ
    ငါဝမ်းဝအောင်
    ဘ၀ဘာလို့တောင်းဆိုလဲ-
    ဟိုခေတ်က မောင်လေးအောင်ရဲ့ ကဗျာလေးကိုလဲ သတိရမိရဲ့ ။
    နိဗ္ဗာန်ရောက်ကြောင်း
    ဆုမတောင်းနှင့်
    ထမင်းဝကြောင်း
    ဆုကိုတောင်းလော့—တဲ့ ။
    ဘ၀ရပ်တည်မှုနဲ့ကိုယ်ကျင့်တရား ။ ဤကွန်းမန့်ရေးသူကတော့ လိပ်ပတ်လည်အောင်မရေးတတ်ပါ ။
    ထင်မြင်ချက်လေးတစ်ခုတော့ရှိရဲ့ ။ ကျွန်တော်တို့လူမျိုးတွေရဲ့ သွေးထဲသားထဲမှာ စိမ့်ဝင်နေခဲ့တဲ့
    “လောကပါလတရား” နဲ့ “ဗြဟ္မစိုရ်တရား” တွေက အထွက်များနေတဲ့ ချွေးတွေထဲပါသွားလို့များ သွေးထဲမှာ
    လျှော့သွားလေသလားလို့ ထင်မိတယ် ။ ဒီလိုလဲ မဟုတ်တန်ကောင်းဘူးဗျနော် ။ အအေးခန်းထဲထိုင်နေရလို့
    ချွေးသိပ်နေသူတွေ လောကပါလတရားနဲ့ ဗြဟ္မစိုရ်တရားတွေ ပျက်ပြားနေတာကြတော့ရောဆိုရင်——–။
    သင်္ကြန်ကာလက ဖတ်ခဲ့မိတဲ့တရားလေးကို လက်ဆောင်ပေးခဲ့ချင်ပါတယ် ။
    na pa ray sam vi law mar ni . na pa ray sam ka htar ka tam.
    attanawwa a wakkheya . ka tar ni a ka tar ni sa.
    သူတစ်ပါးရဲ့ကောင်းမှု မကောင်းမှု ပြုမပြုကို မရှုရာ၊
    မိမိသာလျှင် ကောင်းမှု မကောင်းမှု ပြုမိသလား
    မပြုမိသလားသာ ရှုရာ၏-တဲ့ ။
    မိမိကိုယ်ကို ဗဟိုရ်ပြု ရှုကြည့်နိုင်ကြပြီး ကိုယ့်ကျင့်တွေမြင့်လို့ လူမျိုးတင့်နိုင်ပါစေ ။
    (ထုံးစံအတိုင်းကွန်းမန့်ရှည်သွားပါကြောင်း)

    1. ကျေးဇူးဗျာ .. တန်ဖိုးရှိတဲ့ ကွန့်မန့် ပါပဲ .. ရှည်ချင်သလောက် ရှည်ပါစေဗျာ .. ကြိုက်ပါတယ် ..
      ချမ်းမြေ့ပါစေ ဗျာ ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s