လောကထဲက ဘဝတစ်ခု
ဒီလောကကြီးထဲမှာ .. ဘဝပေါင်း မရေမတွက်နိုင်အောင် ရှိပြီး အသီးသီး သူ့အကြောင်းနဲ့ သူ ကျင်လည်နေကြရင်း သူတို့လုပ်ရပ်အတိုင်း သူတို့ အကျိုးခံစားကာ သံသရာ စက်ဝန်းပေါ်မှာ .. လည်ပတ်နေကြရပါတယ် … ။ သံသရာစက်ဝန်းပေါ်မှာ အဆင့်မြင့်မြင့်နေကြရတာရှိသလို .. အဆင့်နိမ့်နိမ့် နေကြရတာတွေလည်း ရှိကြပါတယ် .. ။ မြင်နိုင်မယ်ဆိုရင် .. ကိုယ့်ပတ်ဝနး်ကျင် ဘေးဝဲယာကို တချက် ငဲ့ကြည့်နိုင်ပါတယ် .. ။ ဖိနပ်အကောင်းစားတွေ လဲလှယ်စီးနိုင်သူတွေနဲ့ ဖိနပ်တစ်ရံရဖို့ ရုန်းကန်ရေသူတွေ ရှိသလို .. ဖိနပ်စီးဖို့အတွက် စိ်တ်ကူးထဲမှာတောင် မထည့်ထားသူတွေ ရှိကြပါတယ် .. ။ သို့သော်လည်း ကွာခြားမှု အကြောင်းကတော့ .. သရက်သီးစားရတာဟာ သရက်ပင်စိုက်ခဲ့လို့ပါပဲ .. ။ ကျနော်တို့တတွေအတွက် ခုလက်ရှိ ပိုင်ဆိုင်တဲ့ ဘဝမှာ သရက်ပင်တွေ ထပ်စိုက်ဖို့လိုပါတယ် .. ။( မိမိမှ ကောင်းသော လုပ်ရပ်တွေကိုသာ စိုက်ထုတ်ဖို့အတွက်ပါ ) ။
လူတိုင်းမှာ .. သူတို့ဘဝကို သူတို့ ရည်ရွယ်ချက် ၊ ရည်မှန်းချက် တွေနဲ့ မောင်းတင်ရင်း ဘဝရဲ့ ပန်းတိုင် ( သတ်မှတ်ရာ တစ်ခုခု) ကို လျှောက်လမ်းနေကြတာပါ ..။ အဲ့ဒီလို လျှောက်လှမ်းကြရင်း အကြောင်းညီညွတ်လို့ ရောက်တဲ့သူရှိသလို အကြောင်းလိုလို့ လွဲတာတွေလည်း ရှိကြပါတယ် . ။ သို့သော် အားလုံးကတော့ ရလဒ်တစ်ခုအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားနေကြသူတွေချည်းပါပဲ ။ ကျနော်တို့ သတ္တဝါတွေဟာ မွေးသည်မှ သေသည်အထိ ရှိတဲ့ ဘဝအပိုင်းအခြားအတွင်း .. လိုချင်မှု မက်လုံးတွေကိုသာ ရှေ့တန်းတင်ပြီး ရုန်းကန်နေကြတာများပါတယ် ။ လိုချင်မှုတွေမှာ ဘဝတစ်ခုလုံးအတွက် အရေးပါတာရှိသလို အရေးမပါတာများလည်း ရှိပါတယ် .. ။ သို့သော် ဘဝနေဝင်ချိန် ရောက်ခါမှ .. အရေးမပါတာတွေ တော်တော်များခဲ့ပါလားဆိုတဲ့ အသိက နဲ့ အဆုံးသတ်ရတဲ့သူတွေ များနေကြောင်းကိုတော့ သတိပြုမိပါတယ် .. ။
ခုခေတ် ကျနော်တွေ့ဖူးတဲ့ သူတွေအများစုဟာ .. ခံစားမှုကို ရှေ့ကထားပြီး သွားနေကြတဲ့သူတွေများပါတယ် . ကိုယ့်ဘဝကို ပညာနဲ့ပိုင်းခြားပြီး သွားသူနည်းပါတယ် .. ( ကျနော်ကိုယ်တိုင်ကို ခုထိ အရောရောအထွေးထွေးပါပဲ ) ။ ဒါကိုလည်း အပြစ်မဆိုသာပါဘူး .. ဘာလို့လဲဆိုရင် ကျနော်တို့ဟာ လူဟူသော ဘဝတွေကို ပိုင်ဆိုင်ထားကြလို့ပါ ။ လူသားတွေဆိုတော့ လူ့နှလုံးသားနဲ့ ပတ်သက်လာရင်၊ တွေ့ကြုံလာရင် ခံစားတတ်တဲ့ စိတ်နဲ့ ခံစားမိမှာပါပဲ ..။ ပြီး ခံစားချက်အတိုင်း ပြုမူတုံ့ပြန်တတ်ကြပါတယ် ။ အဲ့ဒီလိုနဲ့ ခင်တွယ်စရာရှိတာတွေကို ခင်တွယ်ရင်း နှောင်မိခံကြရတာတွေကြောင့် ..ဘဝဟာ သစ်ပင်တစ်ပင်လိုပဲ နွယ်ခိုခံရလို့ ကြီးထွားနိုင်သင့်သလောက် မကြီးထွားပဲ သက်တမ်းကုန် အလဟဿ ဖြစ်ဖြစ်သွားပြီး မပီမပြင်နဲ့ အဆုံးသတ်ရတာတွေ များပါတယ် ။ တကယ်တော့ ခံစားမှုဟာ တဘဝလုံးစာအတွက် မဖြစ်သင့်ဘူးလို့ ဆိုချင်တာပါ ။
ယျေဘုယျ ဘဝတစ်ခုမှာ မွေးဖွားလာပြီး ပညာသင် အရွယ်ရောက်လို့ အိမ်ထောင်ပြု စီးပွားတည် ကောင်းမွန်တဲ့ မိသားစု တစ်ခု တည်ထောင် ၊ နောက် သက်ကြီးပိုင်းရောက် တရားရှာ .. ပြီး မရဏလမ်းကိုဝင် .. ဆိုပြီး တွက်ဆကြည့်ပါတယ် ။ ဒါက ကျနော် မြင်ကြည့်တာပါ .. လူတိုင်းမှာ သူတို့အမြင်တွေနဲ့ သူတို့မို့ ရှိကြပါလိမ့်မယ် ။ သို့သော် . ကိုယ့်ဘဝလမ်းကို ချိန်ထိုးပြီး လုပ်သင့်တာ မလုပ်သင့်တာတွေကို ကြိုတင်သိထားစေချင်တဲ့ စေတနာကြောင့် ပြောပြနေရခြင်းပါ ။ အဲ့ဒီလို ဘဝကို အစဉ်အတိုင်း သွားနေပါပြီတဲ့ .. ကျနော်တင်ပြသလို အစီအစဉ်လေးနဲ့ ဖြောင့်တန်းနေတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ .. ။ အဲ့လို အစီအစဉ်အတိုင်းမလာပဲ .. မရဏလမ်းက ကြားကနေဖောက်လာမယ်ဆိုရင် .. ကျနော်တို့ ယခုလို ရခဲတဲ့ လူ့ဘဝကို ကျေနပ်နိုင်ပါ့မလား ဆိုတဲ့ အတွေးပါ ။
လူတိုင်းနီးပါး အမြင်မှာပေါ့ ဒါကတော့ ဘယ်ကျေနပ်နိုင်မလဲကွ .. မဖြစ်သင့်တာ ဘာညာ ၊ ဖြစ်မလာနိုင်ပါဘူး စသဖြင့် ဆင်ခြေများ တိုးဝင်လာကြမယ်ထင်ပါတယ် ။ ဟုတ်ပါတယ် သာမန်အမြင်ကတော့ အဲ့ဒီလိုပါပဲ လက်မခံနိုင်စရာပေါ့ ဘာလို့လက်မခံနိုင်တာလဲဆိုရင် ကောင်းတာချည်းပဲ ခံစားချင်နေတဲ့ လူ့စိတ်ကြောင့်ပါ ။ လူတစ်ယောက်မှာ ရောဂါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ .. အတိတ်ကံအကြောင်းတစ်ခုခုကြောင့် သေသွားနိုင်ပါတယ် ။ အဲ့ဒီလို အဖြစ်ဟာ ကိုယ်သွားနေတဲ့ ပန်းတိုင်မရောက်ခင် ဖြစ်လာမယ်ဆိုရင်ရော ကျနော်တို့ ရခဲ တယ်ဆိုတဲ့ ဘဝကို အဖြစ်ခံနိုင်ပါ့မလား .. ။ ဘယ်သူမှ အဖြစ်မခံနိုင်ကြဘူးထင်ပါတယ် ( ကျနော်လည်း မဖြစ်ချင်တာပါ ) ။ ဒါဆို ဘယ်လိုတွေနဲ့ ကျနော်တို့ ကာကွယ်ထားမလား … ။ ဘာပဲလာလာ အဆင်သင့် ဖြတ်သန်းမယ်ဆိုတဲ့ စိတ် ဖြစ်ထားဖို့လိုပါတယ် ။
တောထွက် တရား ကျင့်ဖို့ မဆိုလိုပါ ။ ခုအလုပ်ကထွက် တရားစခန်းဝင်ဖို့မဆိုလိုပါ ။ စားဝတ်နေရေးရယ် မိသားစုရယ် ဖြေရှင်းစရာ အပူအပင်တွေရယ်နဲ့ ရယူချင်တာတွေရှိသေးတာကြောင့် လူတိုင်း လမ်းပြောင်းနိုင်ဖို့ မဖြစ်နိုင်ပါ ။ ဘယ်လိုဖြေရှင်းလို့ရမလဲ ဆိုတာမှာ … ကျနော်တို့ နေ့စဉ် အလုပ်တွေလုပ်နေစဉ်အတွင်း မှာဖြစ်ဖြစ် အားလပ်ချိန်မှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို သတိနဲ့ နေကြည့်ဖို့ပါပဲ ။ ဘယ်လိုသတိနဲ့လဲဆိုရင်
ကိုယ်တွေးနေတာကို ……..…..တွေးမှန်းသိတဲ့ အသိ
ကိုယ်လုပ်ကိုင်နေတာကို ………လုပ်ကိုင်နေမှန်းသိတဲ့ အသိ
ကိုယ်စားနေတာကို …………….စားနေမှန်းသိတဲ့အသိ
ကိုယ်ပြောနေတာကို …………..ပြောနေမှန်းသိတဲ့အသိ
ကိုယ်မြင်နေတာကို……………… မြင်နေမှန်းသိတဲ့အသိ
ကိုယ်ဖတ်နေတာကို ……………..ဖတ်နေမှန်းသိတဲ့ အသိ
ကိုယ် သွားနေတာကို …………..သွားနေမှန်း သိပေးတဲ့ အသိ ..
အဲ့ဒါလေးတွေကို .. သိရှိပေးရုံပါပဲ ။ အလုပ်အကိုင်လည်းမပျက်သလို . ထူးပြီးလည်း မပင်ပန်းပါဘူး ။ ဒါပေမဲ့ အဲ့လို မြင်လိုက်တဲ့ အသိအမြင်က ဘဝတစ်ခုလုံးကို ဘယ်လောက်ထိ တာသွားသလဲဆိုတာ တိုင်းတာဖို့အတွက် … စိတ်ထဲ ထည့်ပြီး တကယ်လုပ်ကြည့်မှ ပိုသိလာပါလိမ့်မယ် ။
လုပ်ရပ်တိုင်းမှာ သတိရှိလာတဲ့ လူတစ်ယောက်ဟာ …. စိတ်ရှင်းရှင်းနဲ့ နေရခြင်း ၊ အတွေးစင်ကြယ်ခြင်း ၊ အကောင်းအဆိုး အမြန်ခွဲခြားတတ်ခြင်း ၊ လုပ်သင့်တာကို လုပ်မိခြင်း ၊ အကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ရှောင်ရှားနိုင်ခြင်း ၊ကုသိုလ်ကို ကုသိုလ်မှန်းသိပြီး တန်ဖိုးထားပြုမူတတ်ခြင်း ၊ ငြိမ်းချမ်းမှု ကိုဖြစ်စေခြင်း ၊ ဘဝတစ်ခုရဲ့ လိုအပ်ချက်ကို သိရှိလိုက်သည်ဟု ခံယူမိခြင်း ၊ တပါးသူအတွက် ကောင်းကျိုးကိုပဲ ဖြစ်စေလိုခြင်း ၊ မုဒိတာ မေတ္တာ ဥပေက္ခါတွေ ထားတတ်လာခြင်း စတဲ့ ကောင်းကျိုးများ ရရှိစေပြီး သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မယ်ဆိုရင်လည်း ပူပင်သောကမရှိပဲ ရင်ဆိုင်နိုင်ခြင်း .. ၊ သေဖို့အတွက် မကြောက်တော့ခြင်း စတဲ့ အရာများ ပိုင်ဆိုင်လာပါလိမ့်မယ် .. ။
အဲ့ဒီလို လုပ်ရပ်တိုင်း သတိနဲ့ နေတဲ့ အလုပ်က လွယ်ပေမဲ့ .. မလုပ်ဖြစ်တတ်ဘူးဆိုတာလည်း သတိထားရပါမယ် ။ ဘာလို့လဲဆို လွယ်နေရင် လူတိုင်း လုပ်ဖြစ်မှာပေါ့ .. ခုက လူတိုင်းမလုပ်ဖြစ်ကြပါဘူး ။ ဘာလို့မလုပ်ဖြစ်လဲဆိုရင် လူ့စိတ်က ရောက်တတ်ရာရာ သွားနေလို့ပါပဲ .. ။ ဒီတော့ သတိနဲ့ နေကြည့်ပါ .. နေပါ .. လွတ်သွားရင် ပြန်နေလိုက်ပါ .. နောက် အကျင့်ရလာတဲ့အခါ လုပ်ရတာ လွယ်သွားပြီး လုပ်နိုင်လာပါလိမ့်မယ် .. ။ သတိမြဲသွားတဲ့သူဟာ နေနေစဉ်အတွင်း ကိုယ့်ဘဝကို ကျေနပ်လာတဲ့ အဖြစ်ကို ရရှိလာပါလိမ့်မယ် .. ။ လူတိုင်းလိုချင်ကြပါတယ် ဒါကြောင့် လိုချင်ရင် လုပ်ကြည့်ပါ ။
ဒီလောကကြီးထဲက ဒီဘဝမှာ… ဘာတွေဘယ်လိုပဲဖြစ်ပါစေ .. အရာအားလုံးဟာ ပြီးတော့လည်း ပြီးသွားမှာပါပဲ .. ။ ယခုအချိန်မှာတော့ မပြီးသေးလို့သာ မပြီးသေးတာမှတ်လိုက်ပါ ..။ နာရီတစ်လုံးပေါ်က ပြေးလွှားနေတဲ့ စက္ကန့်တွေ ကို သေချာကြည့်တတ်စေချင်ပါတယ် .. ။ မနက်ဖန်တွေက အများကြီးပါ .. သို့သော် ဘဝကတော့ တစ်ခုတည်းရယ်မို့ တန်ဖိုးထား လေးစားပြီးနေပါ ။ ကိုယ့်ကိုယ်ကို ပြန်မြင် ၊ ပြန်ကြည့် ၊ ပြန်စစ်ဆေး တတ်ဖိို့လိုပါတယ် .. ဒါမှ သင်ဟာ လောကထဲက တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်တဲ့သူ ဖြစ်မှာ ..။
ဘာနေ
21.မတ်လ.2012
လူတွေက အကြောင်းကြောင့် အကျိုးဖြစ်တာကိုသိလဲ ဆင်ခြင်နိုင်ဖို့အင်မတန်ခဲယဉ်းတယ်။ သတိဆိုတဲ့အရာလေးက ဘယ်လောက်မှ မပင်ပန်းမှန်းသိလဲ လုပ်နိုင်ဖို့ခက်နေတယ်။
ကိုယ်တိုင်လဲ ဒီလိုပါပဲ သတိထားရင်းနဲ့ လွတ်တာတွေအများကြီးပါ။ ဒါပေမယ့် အကုသိုလ်ကင်းအောင်တော့ နေမိတယ်။ ဘ၀ကို တန်ဖိုးရှိဖို့ဆိုရင် စိတ်ကငြိမ်းချမ်းဖို့ အရင်ဆုံးလိုအပ်တယ်ထင်မိတယ်။
ကောင်းတယ်… ဘာနေ။ အဲလိုတွေ ရေးပေးတဲ့အတွက် မေ့နေတာလေးတွေကို ပြန်သတိပေးနေသလိုပဲ။ ကျေးဇူးတင်မိတယ်။
ခင်တဲ့
အမ
ခုလို သတိရသွားတဲ့အတွက် ရေးရကျိုးနပ်မိပါတယ် ..။ ကျေးဇူးပါ
Nothing is permanent !
Everything is decay one day!
But we must own our present life!
So we have to do our present time in good deed!
These words are Our Lord Buddha’s Saying!
“this too,will pass”
🙂
Thank you , ma ChoZin.
One thing , we have to obey is doing what we know in this present.
“Doing” is influence everywhere to be success.!
Take Care what you have to do.
တော်သေးဗျာ သတိနဲ့နေခိုင်းလို့ ။ ပညာနဲ့နေဆိုရင် ဟိုပုံပြင်လို့များဖြစ်သွားကောင်းရဲ့ ။
ဟိုတူန်းကလင်မယားနှစ်ယောက်ဆိုလား လင်ဖြစ်သူက တနယ်တကျေးကိုအလုပ်သွားလုပ်
ခါနီးလေးမှာ ဇနီးဖြစ်သူကိုမှာသတဲ့ ၊ စိတ်ချပါရစေ အတီးအတလုပ်မနေနဲ့ ပညာနဲ့နေနော်-တဲ့ ။
လင်ဖြစ်သူခရီးသွားတော့ ဇနီးဖြစ်သူက အတီးအတဆိုတော့ လင်မှာသွားတဲ့အတိုင်းလိုက်နာ
ရှာသတဲ့ ။ ရွာထဲကကိုယ်ပညာဆိုတဲ့လူကိုခေါ်ပြီးနေလိုက်တာ လင်ဖြစ်သူပြန်လာတော့
ကလေးတစ်ယောက်ရနေပါရောတဲ့ ။ လင်ဖြစ်သူက နင်ငါစကားနာမထောင်ဘူး ငါမှာခဲ့
ရက်နဲ့ဘာညာဆိုတော့ မယားလုပ်သူပြန်ပြောလိုက်ပုံက–ရှင်ပဲ ပညာနဲ့နေဆိုတဲ့ ။
အနော်တို့ကလည်းသတိပေးနိုင်မှတော်ကာကျတာဗျနော် ။ သတိ-အမှိုက်မပစ်ရ ။
သတိ-ကွမ်းမထွေးရ ၊ သတိ-ရှူရှူးမပန်းရ ၊ သတိ-2012 အတွင်း ထောင်ချောက်တစ်ခုရှိ။
သတိ သတိ သတိ ———-
အဲ့ဒီ မိန်းမက “အ” တာရော ဟုတ်သလားဗျာ .. 🙂 .. ။ သတိဆိုတာတွေက နေရာတိုင်း ရှိပေမဲ့ နေရာတိုင်း မဖြစ်ကြပါဘူးဗျာ .. ။ အခွံသတိတွေက များနေကြတာပါ .. ။ အနှစ်သတိတွေကတော့ မှန်မကြည့်တဲ့သူများမှ မရှိပါဗျာ .. ။ တကယ်တော့ လိုအပ်ချက်ကြီးတစ်ခုပါ .. ။ သိသော်ငြား မသိသလို နေရင်း အသက်တွေက ပဲ့ပဲ ကျလာကာ အဆုံးသတ်ရတာတွေ များပါတယ်ဗျာ .. ။