ပရဟိတ

ပရဟိတ

ကျနော်တို့တတွေ .. လက်ရှိ ပတ်ဝန်းကျင် လူငယ်တွေ နယ်ပယ်မှာ .၊ အင်တာနက် နယ်ပယ်မှာ .. ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတဲ့ သတင်းတွေ မကြာခဏဆိုသလို ကြားဖူးကြမှာပါ .. ။ အဲ့ဒီလုပ်ရပ်တွေဟာ ကောင်းသော လုပ်ရပ်တွေပါ .. ကျနော့်အနေနဲ့ အားပေးပါတယ် ဝမ်းမြောက်ပါတယ် ။ နောက်ပြီး လူတိုင်းပြုမူလုပ်ဆောင်နေကြတဲ့ ကုသိုလ် ကောင်းမှုတိုင်းကိုလည်း . သာဓု သုံးကြိမ်ခေါ်ပါတယ် ။ ကျနော် ပြုမူလိုက်တဲ့ ကောင်းမှုတွေကိုလည်း ပြန်မျှပါတယ် ။

ယခု ဒီပိုစ့်မှာ ကျနော်ပြောချင်သော ပရဟိတ .. ဆိုတဲ့ အလုပ်ကို ကျနော်တို့ တတွေ သေချာလေးတွေးကြည့်စေချင်ပါတယ် . ။ သူ့ရဲ့ အနက်မှာ ပရ ဆိုတဲ့ စကားလုံးက တခြားသူ ၊ တပါးသူ လို့ အဓိပ္ပါယ်သက်ရောက်ပြီး ဟိတ ဆိုတဲ့ စကားလုံးကတော့ အကျိုးစီးပွားလို့ လွယ်လွယ် သိထားစေချင်ပါတယ် ။ ဒီစကားလုံးနှစ်လုံး ပေါင်းလိုက်ရင် သူတပါး အကျိုးဖြစ်ထွန်းစေတာကို လုပ်ပေးခြင်းလို့ နားလည်မိပါတယ် ။ သူတပါး အတွက် အဆင်ပြေရာပြေကြောင်း ကိုယ့်ဘို့မကြည့်ပဲ ဆက်ဆံပေးခြင်း လုပ်ပေးခြင်း ပြုမူခြင်းတွေ အားလုံးဟာ ပရဟိတ လုပ်ရပ်လို့ ကျနော် ဆိုချင်မိပါတယ် …။

ခုခေတ်မှာ .. ပရဟိတ ဆိုပြီး အဖွဲ့အစည်းတွေ ရှိကြပါတယ် ။ ဥပမာ နာမည်ကြီးလူသိများတာကတော့ ဦးကျော်သူ ဦးဆောင်တဲ့ .. နာရေးကူညီမှု အသင်း ပရဟိတ အဖွဲကို မြင်နိုင်ပါတယ် .။ ပရဟိတ လုပ်ငန်းတွေဟာ သူတပါး အတွက် အဆင်ပြေပြေလေးဖြစ်အောင် လုပ်ပေးတဲ့ ကုသိုလ်အလုပ်တွေပါပဲ ..။ အဲ့ဒီလို ကြီးကြီးမားမား အကျိုးဆောင်တာတွေရှိသလို .. အနည်းငယ် လုပ်ရပ်တွေလည်း ရှိကြပါတယ် ..။ ပရဟိတ လုပ်ရပ်ဟာ ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ ပရဟိတက ပရဟိတပါပဲ .. ။ ဒီတော့ သေးသေးမွှားမွှား ပရဟိတလေးတွေကို ကျနော်တို့ သတိထားပြီး လုပ်တတ်ဖို့လိုပါလိမ့်မယ် …။

ပရဟိတ လုပ်ငန်းကြီးတွေမှာ ဝင်လုပ်နိုင်ဖို .. ကျနော်တို့ အချိန်သီးခြားပေးရပါမယ် ..။ ပြီး တကူးတက လုပ်ရတာမျိုးတွေလည်း ရှိပါမယ် .။ ကျနော်တို့ အများစု ဟာ ဝမ်းရေး နေရေး  တွေနဲ့ မကင်းကြတာမို့ ပရဟိတ လုပ်ငန်းတွေထဲ  အားသွန်ခွန်စိုက် မပါဝင်နိုင်ကြပါဘူး ။ ဒီလုပ်ငန်းတွေကိုတော့ ကောင်းမွန်ခြင်းတွေမှန်း  သိကြပြီး  စိတ်ရောကိုယ်ပါ မဝင်ရောက်နိုင်တာ ၊ အကျိုးမဆောင်နိုင်တာမျိုးတွေ ရှိကြမှာပါ ။ အဲ့လို သူတွေဟာ လုပ်နိုင်သူတွေကို အားပေးခြင်း အလှူငွေထည့်ခြင်း စတဲ့ တတ်အားသ၍ ပါဝင်ကြပါတယ် ။ ဒါလည်း ကောင်းခြင်းပါ .. ။ သို့သော် သူတို့ ပရဟိတ သက်သက်ကို လုပ်ဖို့ မတတ်နိုင်ကြပါဘူး ။

ခုလောလောဆယ် ကျနော်တို့ အားလုံးဟာ အလုပ်တာဝန်တွေနဲ့ နေ့စဉ် လူတွေကြားထဲမှာ လှုပ်ရှားရုန်းကန်ရင်း  နိစ္စဓူဝ ဖြတ်သန်းနေကြရပါတယ် ။ ဒီလို ဖြတ်သန်းနေခိုက် .. လူတွေနဲ့ အနည်းအများ ဆက်ဆံ ပြောဆိုကြရပါတယ် ။ အဆင်ပြေတာလည်း ရှိသလို အဆင်မပြေကြတာမျိုးလည်းရှိကြပါတယ် ။ ဖြစ်ပြီးတာတွေ ဘယ်လိုပဲ ရှိပါစေပါ .. လက်ရှိအချိန်ကနေစပြီး ကိုယ်နဲ့ ဆက်သွယ်စကားပြောနေတဲ့ သူတွေအပေါ်မှာ .. မေတ္တာတရား သို့မဟုတ် ပရဟိတ စိတ်ကလေးကို ထားကြည့်စေချင်ပါတယ် ။ ဥပမာ အရောင်းဈေးသည် တစ်ယောက်ဆိုပါစို့ .. သူ့ရဲ့ ဖောက်သည်အပေါ်မှာ စေတနာ စိတ်အပြည့်နဲ့ ဆက်ဆံပေးမယ်ဆိုရင် .. အဲ့ဒီလုပ်ရပ်ဟာ ပရဟိတ လုပ်ရပ်ပါပဲ ..။ အဲ့ဒီ ပရဟိတ လုပ်ရပ်ကို လုပ်နေစဉ် ကျနော်တို့ လက်ရှိအလုပ်လည်း အနှောက်အယှက် မဖြစ်သလို သီးသန့်လည်း အချိန်မပေးရပါဘူး ..။ ပရဟိတ စိတ်နဲ့ ပြုမူလိုက်ခြင်းဟာ တဖက်သူမှာလည်း ကျေနပ်သလို ကိုယ့်မှာလည်း ကျေနပ်မှု ဖြစ်စေပါတယ် ။

နေရာတိုင်း ၊ ဌာနတိုင်း ၊ ကုမ္မဏီတိုင်းမှာ   လူလူချင်း ဆက်ဆံရတာဟာ အဓိက လုပ်ရပ်ပါပဲ  ။ ဒီတော့ ဘယ်သူဖြစ်ဖြစ် .. ဘယ်လိုအခြေအနေပဲ ရှိရှိ .. တဖက်သားအပေါ်မှာ ပရဟိတ စိတ်ကလေးနဲ့ လုပ်နေပေးရင် .. ထိုလူဟာ မြှားတစ်စင်းနဲ့ ငှက်ပေါင်းများစွာကို ပစ်နိုင်သူလို ဖြစ်နေပါလိမ့်မယ် .. ။ ဘာလို့လဲဆိုရင် လူတွေရဲ့ စိတ်တွေဟာ ခံစားချက်နဲ့ တွဲစပ်ပြီး ကူးစက်နိုင်တဲ့ သဘောကြောင့်ပါပဲ ..။ လူတစ်ယောက်ဟာ .. တခြားသူတစ်ယောက်ကို မောက်မောက်မာမာ ဆက်ဆံလိုက်ပြီဆိုရင် .. ထိုတခြားလူက ပြုံးပြမနေပဲ .. ထိုလူလို ပြုမူဆက်ဆံလာပါလိမ့်မယ် .. ဒါဟာ သဘာဝပါပဲ ။ ထိုသို့ မဟုတ်ပဲ ချိုသာသောစကား နားလည်တတ်သော အမြင်နဲ့ .. ပြုမူပါက တဖက်သားဟာလည်း ထိုစေတနာဓါတ်တွေ ကူးကာ ညင်သာလာတာကို လက်တွေ့ဖြင့် သက်သေယူနိုင်ပါတယ် ။

နေရာတနေရာမှာ .. ကျနော့်ကို လူတစ်ယောက်က ချိုသာတဲ့စကား ကြင်နာတဲ့ အပြုံး နှစ်သက်လက်ခံမှုဖြင့် ဆက်ဆံတယ်ဆိုပါစို့ ကျနော်စိတ်က အလိုလို  ထိုလူကို ပြန်ပြီး နှစ်သက်ပေးမိပါမယ် ..။ နောက်ပြီး ဆက်လက် ကျနော်နဲ့ ထပ်တွေ့ရမဲ့သူများအား ထို နှစ်သက်မှုတွေဖြင့်သာ ဆက်ဆံရင်း ဆက်လက်ကူးသွားပါလိမ့်မယ် ..။ ကျနော့်လိုပဲ ကျနော်နဲ့ တွေ့လိုက်တဲ့ တခြားသူဟာ နောက်ထပ် တစ်ဦးတစ်ယောက်အပေါ်မှာ နှစ်သက်မှု နားလည်မှုတွေနဲ့ ပြုမူရင်း ကျယ်ပြန့်လာကာ  တဖြည်းဖြည်းနဲ့ ကျနော်တို့ လောကကြီးဟာ .. သာယာလာပါလိမ့်မယ် ။ ဒီတော့ .. ငွေလည်း မကုန် .၊ အချိန်လည်း ပိုမပေးရပဲ ..၊ အလုပ်လည်း မပျက်စေတဲ့ အဲ့ဒီ ဆက်ဆံရေး ပရဟိတ စိတ်ကလေးကို .. ကျနော်တို့ သတိထားပြီး ဆောင်ရွက် ပေးဖို့ လိုပါတယ် ..။ ဒါဟာ အများကိုမြင့်စေသလို ကိုယ့်ကိုယ်ကိုလည်း မြှင့်ရာရောက်တာမို့ .. ဒီစာဖတ်သူများ အဲ့ဒီ ပရဟိတ စိတ်ကလေးကို လက်ကိုင်ပြုပေးဖို့ လေးစားစွာ ပြောလိုပါတယ် .. ။

ထာဝစဉ်လန်းဆန်းပြီး .. တန်ဖိုးရှိတဲ့ လူ့ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ …လို့ ဆန္ဒပြုရင်း ..

ဘာနေ

၁၆ ၊ မတ်လ ၊ ၂၀၁၂

Advertisements

7 thoughts on “ပရဟိတ

  1. အလွန်ကောင်းတဲ့ ပို့စ်လေးပါ ဖတ်ရင်းတကယ်ပြုံးမိတယ်။ ဟုတ်ပါလားလို့လဲ ထောက်ခံမိတယ်။
    ကျေးဇူးတင်တယ်… ဘာနေ…….။

    ခင်တဲ့

    အမ

  2. NGO, INGo , ပရဟိတ အမည်လှသလို အဓိပ္ပါယ်လည်း လေးနက်ပါနယ် ။ လုပ်နိုင်သူတွေကိုလည်းချီးချူးပါတယ် ။
    လေးလဲလေးစားပါတယ် ။ အားနွဲ့သူတွေကိုအားပေးကူညီတတ်တာမြန်မာတို့ရဲ့မွေးရာပါစိတ်ရင်းလို့တောင်
    ပြောရမလိုဖြစ်နေပါပီ ။ နာဂစ်တုန်းကကိုယ်တွေ့ပါပဲ ။ ၀တ်ထားတဲ့အင်္ကျီချွတ်ပေးပြီး မိုးရွာကြီးထဲကိုယ်လုံးတီး
    ပြန်ကြသူတွေအတော်များများကြုံခဲ့ရပါတယ် ။ ဒီမြင်ကွင်းလေးကိုပြန်မြင်ယောင်တိုင်းကြည်နူးရပြန်ပါတယ် ။
    ဒီမှာတစ်ခုပြောချင်တာကတော့ ပရဟိတခေါင်းစဉ်အောက်မှာနေပြီးအတ္တဟိတသမားတွေတော်တော်များများ
    တွေ့မြင်နေရတာလဲစိတ်ပျက်စရာပါ ။ သူတို့ကိုတော့ ဒုက္ခိတတွေရဲ့သုခတွေကိုခိုးစားနေတဲ့ပရဟိတ
    အချောင်သမားတွေလို့ကင်ပွန်းတပ်ရှုပ်ချချင်ပါတယ် ။ ပရဟိတခေါင်းစဉ်အောက်မှာနေပြီး ကိုယ်ကျိုးဖက်
    နေရင် ပရဟိတလို့ခေါ်လို့မရပါ ။ အရေခြုံပရဟိတသမားပဲဖြစ်မှာပါ ။ အကိုကြီးတစ်ယောက်ကပြောဘူး
    ပါတယ် ၊ ငါ့ညီတဲ့ မင်းပရဟိတမလုပ်နဲ့ ပျက်စီးလိမ့်မယ်တဲ့ ၊ ဒါကတော့အကိုရာ လုပ်သူရဲ့ခံယူချက်ပေါ်
    မှာမူတည်ပါတယ်လို့ပြန်ပြောလိုက်ပါတယ် ။ သူတွေ့မြင်လိုက်ရတဲ့ပရဟိတသမားကတော်တော့်ကို
    အကျင့်ဆိုးသူဖြစ်နေလို့နေမှာပါ ။ မိတ်ဆွေကြီးပြောသလိုပါပဲ ပရဟိတဆိုတာ အသင်းအဖွဲ့နဲ့လုပ်မှ
    မဟုတ်ပါ ကိုယ့်ပတ်ဝန်းကျင်မှာကိုယ်တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးတာဟာလဲ ပရဟိတ
    လုပ်ငန်းဆိုတာအမှန်ပေါ့ဗျာ ။ ဒီနေရာမှာလဲ အရေခြုံဒုက္ခိတတွေနဲ့ဆုံပါများလာရင် ကူညီပေးတတ်သူတွေ
    လက်တွန့်သွားတတ်ပါတယ် ။ တချို့ကြတော့လည်း စိတ်နာနာနဲ့ “အများအကျိုးဆောင် ကိုယ်ကျိုးပြောင်
    လို့တောင်”ပြောတတ်ကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ပရဟိတဆိုကတည်းက ကိုယ်ကျိုးစွန့်ရတာဆိုတော့
    ကိုယ့်ရဲ့ကူညီပေးလိုက်မှုကိုတန်ဖိုးထားပြီးကျေနပ်ရမှာပါပဲ ။ ဗြဟ္မစိုရ်တရားတွေခန်းခြောက်မသွားပါစေနဲ့
    လို့ဆုတောင်းရင်း မေတ္တာပို့လေးနဲ့ ကွန့်မန့်ကိုအဆုံးသတ်ပါရစေ ။ “ကိုယ့်အောက်တွေ့လျင် ၊ ကရုဏာဝင် ၊
    မ၀င်နိုင်က ၊ နိုင်တတ်တယ် ၊ နိုင်မဲ့အစား ၊ ကရုဏာပွါး ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်” အများအကျိုး
    ဆထက်ထန်ပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေဗျာ ။

    1. ကျေးဇူးတင်ပါတယ် မိတ်ဆွေကြီးရာ .. လူတိုင်းတော့ ဘယ်ကောင်းနိုင်မလဲဗျာ .. ဟုတ်ပါ့ .. တချို့ ပရဟိတ ထဲမှာ လုပ်နေပြီး စိတ်တွေက ဆန့်ကျင်ဘက်တွေ ရှိကြတယ်ဗျ .. သို့ပေမဲ့လည်း မီးများ မီးနိုင် ရေများရေနိုင်ဆိုသလို .. များတာကိုပဲ လက်ခံရမှာပဲလေ . .. မှတ်သားထားပါတယ်ဗျာ .

  3. သိပ်ကိုကောင်းတဲ့ အတွေးအခေါ်လေးနဲ့ ပ၇ဟိတကို ရှုထောင့်ပြောင်းကြည့် ပြီး လုပ်ဆောင်နိုင်ဖို့ တိုက်တွန်းထားတဲ့ စာလေးပါဘဲ ။နေ့ စဉ်ဘ၀မှာလုပ်ဆောင်နိုင်ဖို့ အတွေးသစ်လေးတွေကို မျှဝေတဲ့ အတွက်ကျေးဇူးပါနော်။

    1. ဟုတ်ကဲ့ပါ .. လာရောက် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. ခုလို မှတ်ချက်လေးတွေ ပေးသွားပြန်တော့လည်း ဝမ်းသာမိပါတယ် ..။ ပျော်ရွှင်ချမ်းမြေ့ပါစေ ..

  4. လောကတွင်ပန်းပေါင်းစုံလင်စွာရှိ၏။ထိုပန်းများသည် အလှကိုယ်စီဖြင့်တင့်တယ်လျက်။သို့သော်ပန်းတိုင်းပွင့်သည်မဟုတ်ပါ။ပွင့်သောပန်းတိုင်းလည်းမွှေးသည်မဟုတ်။ပန်းတစ်ပွင့်တည်းဖြင့်လောကကိုအလှမဆင်နိုင်ချေ။မှန်ပေသည်…။
    ‘လောကအလှကိုမည်သို့မည်ပုံဖန်တီးကြမည်နည်း။’
    ထိုအမေးကိုမဖြေမီ..’လဲနေသူထူပေးပါ။အားငယ်သူအားပေးပါ’ဟူသည့်ကဗျာလေးကိုမူလတန်းပညာသင်ဖူးသူတိုင်းသိကြလိမ့်မည်။ထိုကဗျာလေးသည် အထက်ပါမေးခွန်းကို ဖြေပေးနေသယောင်ရှိ၏။..
    သူတစ်ပါးကိုကူညီခြင်း၊သူတစ်ပါးအကျိုးကိုလိုလားခြင်းမှာလောကအလှဆင်နည်းတစ်ခုအဖြစ်ရှိလေ၏။ဆိုသည်ကားပရဟိတဆောင်ခြင်း၊ပရဟိတပြုခြင်းပင်ဖြစ်သည်။ပရဟိတ ဆိုသည်မှာ တစ်ပါးသူအကျိုး ဟုအနက်ထင်၏။တစ်ဖန်တုံသော် ပရဟိတပြုလုပ်ခြင်းသည် လောကအလှဆင်ခြင်းပြင်ဖြစ်သည်ဟုဆိုရမည်မှာအလွဲချေ။
    ယနေ့ခေတ်တွင်ပရဟိတအသင်းအဖွဲ့များဖြင့်လောကအလှဆင်နေကြသည်ကိုမည်သည့်ဒေသ၊မည်သည့်နေရာတွင်မဆိုတွေ့မြင်နေရ၏။တစ်နည်းလှစ်ကလောကဥယျာဉ်ကြီးကို ပရဟိတပန်းများဖြင့်အလှဆင်နေကြခြင်းပင်ဖြစ်သည်။ထိုသို့လောကအလှဆင်ရာတွင် ကျွန်ုပ်တို့လူငယ်များကလည်း တစ်ထောင့်တစ်နေရာမှပါဝင်ဆောင်ရွက်သင့်လှ၏။ထိုသို့လည်းထင်မိပါသည်။
    တို့ကြောင့်စာရေးသူသည်မိမိနေထိုင်ရမြို့မှလူငယ်လေးများပရဟိတစိတ်ထွန်းကားစေရန်အလို့ငှာ’မြတ်ဒါန’ဟူသည့်ပရဟိတလူငယ်အသင်းအဖွဲ့ကို၂၃-၁၂-၂၀၁၂(တနင်္ဂနွေနေ့)တွင်စတင်တည်ထောင်ခဲ့ပါသည်။မိဘမဲ့ကလေးများ၊လမ်းပန်းဆက်သွယ်ရေးကြောင့်သီးခြားဖြစ်နေသောစာသင်ကျောင်လေးများသို့သွားရောက်ပြီးအာဟာရတိုက်ကျွေးခြင်း၊ကျောင်းသုံးစာအုပ်၊ခဲတံအစရှိသည်တို့ကိုလှူဒါန်းနိုင်ရန်ရည်ရွယ်မိပါသည်။သင်္ဂဟတရားလေးပါးမှတစ်ပါးအပါအ၀င်ဖြစ်တဲ့ ကောင်းမွန်မြင့်မြတ်သောအမှု၊လှူဒါန်းခြင်း(သို့)ပရဟိတပြုလုပ်ရန်စာဖတ်သူအားတိုက်တွန်းလိုပါသည်။
    လောကဥယျာဉ်အတွင်းတွင် ပရိဟိတများစွာဖြင့် လောကအလှတရားကိုခြယ်မှုန်းနေကြသော အခါဝယ်ကျွန်ုပ်တို့လူငယ်၊လူရွယ်များကလည်း ‘အုတ်တစ်ချပ်၊သဲတစ်ပွင့်’အဖြစ်ပါဝင်ဆောင်ရွက်ကြပါစို့ ဟုဆော်သြလိုပါသည်ခင်ဗျား…..။…။
    ‘မြတ်ဒါန’
    ပရဟိတလူငယ်အသင်း(ကလေးမြို့)
    စိတ်ပါဝင်စားသူများ–(၁)ကိုပိုင်’ရွှေလင်းယုန်’ကဖေး
    (၂)ကိုညီညီ (၀၉-၄၀၀၅၃၃၆၁၄)မီလျံနာ
    (၃)ကိုမင်းဝေလျံ-သချာ်-ဒုနှစ်(၀၉-၄၀၀၅၀၃၃၉၅)
    (၄)novakalay01@gmail.com
    (၅)myatdarnakalay@gmail.com
    သို့ဆက်သွယ်နိုင်ပါသည်ခင်ဗျား…………။

    1. ကျေးဇူးတင်ပါတယ်ဗျာ .. တတ်နိုင်သည့်အားဖြင့် လောကကို အလှဆင်ချင်ပါတယ် .. ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့ဗျာ .. ။
      ခုထက် ပိုပြီး စွမ်းဆောင်နိုင်ပါစေဗျာ .. ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s