ကျန်းမာရေး

ကျန်းမာရေး
ကျန်းမာရေးလို့ ဆိုလိုက်တာနဲ့ လူတိုင်းလိုလို သိလိုက်တာကတော့ .. ကိုယ်ခန္ဓာအတွက် အဆင်ပြေပြေ ၊ ဒုက္ခနည်းနည်းနဲ့ နေပျော်တာကို ဆိုလိုတယ်လို့ အလွယ်သိနေပါလိမ့်မယ် ။ ကျနော်တို့တတွေအားလုံး လိုလို ကျန်းမာနေတဲ့ အချိန်မှာ ကျန်းမာခြင်းကို ထိန်းသိမ်းဖို့ မေ့တတ်ကြလေ့ရှိပါတယ် ။ ကျန်းမာခြင်းရဲ့တန်ဖိုးကိုလည်း နေမကောင်းဖျားနာပြီး အိပ်ယာပေါ်မှာ လှဲနေတဲ့အချိန်ကြမှ သိရှိကြလေ့ရှိပါတယ် ။ တချို့ဆိုရင် ရောဂါက ပြန်ကုစားဖို့ မတတ်နိုင်တဲ့အချိန် လွန်သွားမှ ကျန်းမာခြင်းကို ဘာနဲ့လဲရ လဲရ လိုချင်နေကြပြန်ပါတယ် …။ အဲ့ဒီဖြစ်စဉ်တွေက အလေ့တစ်ခုလိုကို ဖြစ်နေတာပါ ။ တကယ်တော့ အဲ့ဒီလို အခြေအနေတွေကို မကြုံရစေဖို့ ယခု ကျနော်တို့တတွေ ကျန်းမာနေတုန်းအချိန်မှာ သတိထားပြီး ထိန်းထိန်း သိမ်းသိမ်းနေဖို့လိုပါတယ် ။ ဒါမှ မိမိဘဝဟာ ကျန်းမာပြီး နေရထိုင်ရ လုပ်ရ ကိုင်ရတာတွေမှာ ကျေနပ်မှု ပိုများလာပါလိမ့်မယ် ။
ကျန်းမာခြင်းဆိုတာမှာ ကိုယ်ခန္ဓာဟာ မဖြစ်မနေ ပင်မ ကျန်မာဖို့လိုပါတယ် ။ ကိုယ်ကျန်းမာမှ စိတ်ကျန်းမာနိုင်ပါတယ် ။ ကိုယ်ခန္ဓာ ကျန်းမာနေပြီး စိတ်ဓါတ်ကျ ၊ လွမ်းဆွေးနေပြန်ရင်လည်း စိတ်မကျန်းမာမှုက ကိုယ်ခန္ဓာဘက်ကို ကူးစက်ကာ ကိုယ်ခန္ဓာပါ မကျန်းမာတဲ့ အဆင့်ကို ရောက်သွားတတ်ပါတယ် ။ ကျနော်တို့ ယေဘုယျ အနေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို … သတိထားပြီး နေဖို့လိုပါတယ် ။ ခေါင်းနဲ့ပတ်သက်ရင် . ကိုယ့်စိတ်ထဲမှာ ပေါ်လာတဲ့ အခြေအနေနဲ့ ခေါင်းခဲနေသလား ၊ ခေါင်းမူးနေသလား ၊ တစ်ခုခုဖြစ်နေသလား အဲ့ဒီကအစ ဆံကေသာ စသဖြင့် လိုအပ်ချက်တွေကို သတိထားရပါမယ် ။ နောက် ခန္ဒာကိုယ် အလယ်ပိုင်းမှာ .. ရင်ဘက် နှလုံးဘက် ၊ ကျော အဆုတ်ဘက် ၊ ဝမ်းဗိုက်တည့်တည့် အစာအိမ်ဘက် ၊ ဆီးခုံတည့်တည့်နေရာတွေနဲ့ ခါးနောက်ဘက် ကျောက်ကပ် စတဲ့ ခန့်မှန်းခြေနေရာတွေကိုလည်း သတိထားလို့ရပါတယ် ။ နောက် ခြေထောက်ပိုင်း အောက်ပိုင်း အနေနဲ့ဆိုရင် .. ခြေခြောင်းလေးတွေ ၊ ခြေသလုံးကြွက်သားတွေ … ၊ အဆစ်တွေ စသဖြင့် နာကျင်မှုဖြစ်ရာတွေကို သတိထားပြီး သက်သာအောင်နေခြင်း ၊ သွေးလှည့်ပတ်မှု ကောင်းအောင် လှုပ်ရှားပေးခြင်း ၊ လိုအပ်တဲ့ အစားအစာကို ရွေးစားပေးခြင်းဖြင့် ကျန်းမာမှုကို ထိန်းသိမ်းနေသင့်ပါတယ် ။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျနော်ငယ်ငယ်က ဦးလေးတစ်ယောက် ပြောတဲ့ စကားတွေထဲကနေ လင်္ကာပုံစံ အလွယ်မှတ် ထားတာလေး တစ်ခုရှိပါတယ် …။ အဲ့ဒီအရာလေးကို ရွတ်လိုက်ရင်ကိုပဲ ကိုယ့်ခန္ဒာအတွက် လိုအပ်ချက်တွေကို တော်တော်သိနိုင် ကုနိုင်နေပါလိမ့်မယ် ။ သူပြောပြတဲ့ စကားလေးက
ဒန္တီ .မှာ ဆား ၊ ဝမ်းမှာ .. ခါး ၊ မျက်စိမှာ .. ရေ … ၊ နားမှာ .. ဆီ ဆိုတဲ့ စာသားလေးပါ
အဲ့ဒီ အလွယ်မှတ် စာသားလေးက ကိုယ်အတွက် တစ်ခုခုဖြစ်တဲ့အချိန်သို့မဟုတ် တခြားသူတစ်ယောက်ယောက်တစ်ခုခုဖြစ်နေတဲ့အချိန်မှာ ..သင့်ရာ သင့်ရာ ခွဲခြားပြီး လမ်းညွှန်နိုင်ပါတယ် ။ ဒန္တီ လို့ သတ်မှတ်တဲ့ သွားခံတွင်းနဲ့ ဆိုင်တဲ့ နေရာတွေမှာ ဆားကို သုံးသင့်ပါတယ် ။ ဆားဟာ အငံဓါတ်ဆိုတော့ အပုပ်အစပ်တွေကို နိုင်ပါတယ် .. ။ သွားကိုက်တာတွေမှာ ဆားနဲ့ ရေနွေးနဲ့ ရောမွေထားတဲ့ ဆားရေနွေးကို ငုံပေးထားခြင်းဖြင့် သက်သာလာနိုင်ပါတယ် ။ ငယ်ငယ်က မူလတန်းကျောင်းစာထဲမှာတောင် သွားခိုင်ခန့်မှုနဲ့ ပတ်သက်ပြီး ဆားကို သုံးတဲ့အကြောင်းလေး ဖတ်ဖူးပါတယ် ။ စာထဲမှာ ဖိုးပန်းခိုင် ဆိုတဲ့ အဘိုးအိုအတွက် အသက်အရွယ်ကြီးရင့်ထိတိုင် သွားတွေခိုင်ခန့်နေတာ ဆားကြောင့် ဆိုတဲ့ ဖတ်စာလေး ဖော်ပြထားတာ ကို မှတ်သားဖူးပါတယ် ။ တကယ်တော့ ခံတွင်း နဲ့ သွားတွေအတွက် ဆားကို လိုသလို သုံးကြည့်သင်ပါတယ် ။
နောက် စာတစ်လုံးက ဝမ်းမှာ ခါး .. ဆိုတာပါ ။ အစာအိမ်ဝမ်းဗိုက်နဲ့ ပတ်သက်တာတွေအတွက် အခါး ဓါတ်ပါတဲ့ အစားအစာကို စားသုံးစေခြင်းဖြင့် သက်သာလာနိုင်ပါတယ် ။ ကျနော် စာတစ်စုမှာ ဖတ်ဖူးပါတယ် နှစ်ရှည်အစာအိမ်ရောဂါနဲ့ နေလာရတဲ့ လူနာတစ်ယောက်အကြောင်းပါ ။ သူ့အတွက် ဓါတ်စာအဖြစ် သဘောင်္ရွက် ၇ရွက်ခန့် ထမင်းစားတဲ့အခါတိုင်းလိုလို အတို့အမြုပ်အနေနဲ့ စားသုံးပေးခြင်းဖြင့် တဖြည်းဖြည်း အမြစ်ပြတ် ပျောက်ကင်းလာကြောင်း ဖော်ပြထားပါတယ် ။ သဘောင်္ရွက်ကို တစ်ရွက် နှစ်ရွက် ဖြစ်ဖြစ် ထမင်းစားတိုင်း စားပေးသင့်ပါတယ် ။ တကယ်တော့ သဘောင်္ရွက်ဟာ အလွန်ခါးပါတယ် .. သူ့ချည်းပဲ တစ်ရွက်ကုန်အောင်စားနိုင်ဖို့ မလွယ်ပါဘူး ။ ဒါပေမဲ့ ဝမ်းဗိုက်နဲ့ပတ်သက်တာတွေကို သက်သာစေနိုင်တာကြောင့် ကာကွယ်ရင်းဖြစ်ဖြစ် ကုသရင်းဖြစ်ဖြစ် စားသုံးပေးသင့်ပါတယ် ။ ဒါက ဝမ်းအတွက် အခါးဓါတ်ကို ပြောပြတာပါ ။ တခြား ခါးတာတွေလည်းရှိပါတယ် အဆင်ပြေသလို သုံးနိုင်တာပါပဲ ။
မျက်စိ မှာ ရေ ဆိုတဲ့ စကားလုံးမှာ .. မျက်စိနဲ့ ပတ်သက်တာတွေအတွက် ရေကိုသုံးတာက အန္တရာယ် အကင်းဆုံးနဲ့ ထိရောက်တဲ့ အသုံးပြုမှုတစ်ခုပါ ။ မျက်စိအမြင်အားမကောင်းတာမျိုးတွေမှာ ရေကြည်ရေသန့်ကို မျက်စဉ်းခတ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ။ နောက် ကွန်ပျူတာကိုအကြည့်များတဲ့သူတွေအတွက် ရေအေးအေးနဲ့ မျက်နှာသစ်ပေးခြင်းဖြင့် မျက်စိအမြင်အားကို ပိုကောင်းလာစေနိုင်ပါတယ် ။ ညဘက်တွေဖြစ်ဖြစ် နားတဲ့အချိန်တွေဖြစ်ဖြစ်မှာ ရေသန့်သန့်နဲ့ မျက်စဉ်းခတ်ပေးခြင်းဟာ အကောင်းဆုံးပါ ။ တကယ်တော့ မျက်လုံးဟာ စူးစိုက်မှုအကြည့်များလာတဲ့အခါ မျက်လုံးပတ်ဝန်းကျင်က မျက်ရည်ကြည်တွေက ခမ်းခြောက်သွားတတ်ပါတယ် ။ ကျနော်တို့ စာကြည့်နေစဉ် ကွန်ပျူတာ ကြည့်နေစဉ်တွေမှာ မျက်တောင်ခတ်ပေးသင့်တယ်လို့ ပညာရှင်များ အဆိုပြုထားပါတယ် ။ ဘာကြောင့်လဲဆိုရင် မျက်ခွံတွေက မျက်လုံးမျက်နှာပြင်ကို မျက်ရည်အသစ်များဖြင့် ခမ်းခြောက်မှုကို အစားထိုး ပေးတဲ့ သဘောပါတဲ့ ။ အဲ့ဒီတော့ ရေဟာ မျက်စိအတွက် တန်ဖိုးနည်းပေမဲ့ သဘာဝ ကျကျ အကောင်းဆုံးလို့ ထင်မြင်မိပါတယ် ။
နား မှာ ဆီ .. ဆိုတဲ့ စကားမှာလည်းပဲ နားကိုက်ခြင်း နားပြီယိုခြင်း တခြားထိခိုက်မှု ဖြစ်စေခြင်းတွေအတွက် ဆီ သို့မဟုတ် အုန်းဆီကို သုံးလေ့ရှိပါတယ် ။ အဲ့ဒါကတော့ တောအရပ်တွေမှာ သုံးကြတာများပါတယ် ။ မြို့ကြီးအရပ်တွေကတော့ ဆေးခန်းသွား ဆရာဝန်ပြ ဆေးဆိုင်ကိုဝင် ဆေးကိုဝယ် ပြီး ကုသလိုက်တာပါပဲ ။ ကျနော်တို့ ငယ်ငယ်ကဆိုရင် နားတွေအူတဲ့အခါ နားကိုက်တဲ့အခါတွေမှာ အုန်းဆီကို ကြက်တောင်လေးနဲ့ ယူပြီး နားထဲကို ကြပ်ပေးလိုက်ရင် သက်သာသွားပါတယ် ။ နားအတွက် ဆိုရင် ဆီသုံးခြင်းဖြင့် ကုသနိုင်ပါတယ် ။ ဒါကတော့ ကျနော် စိတ်ကူးတည့်ရာ ပြောပြထားခြင်းပါ ။
အဲ့ဒီလိုပဲ တခြားခန္ဒာကိုယ်အစိတ်အပိုင်းတွေအတွက်လည်း ဆေးနည်းလေးတွေ ရှိကြပါလိမ့်မယ် ။ စာဖတ်သူအနေနဲ့ သိရှိတာတွေရှိရင် ထပ်ဖြည့်ပြီး ဆွေးနွေးတင်ပြစေချင်ပါတယ် ။ နောက်ထပ် တခြားနည်းလေးတွေ ရှိပါသေးတယ် .. ။ တခြားအသိတွေဆီကနေ မေးမြန်းထားတာတွေပါ ။ ထပ်ပြီး တင်ပြပေးပါအုံးမယ် ။။ ခုတော့ နားပါအုံးမည် ။း)

 

ဘာနေ
၁၅ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၂

Advertisements

2 thoughts on “ကျန်းမာရေး

  1. မျက်စေ့မှာကြည် ၊ နားမှာဆီ ၊ ဒန္တီမှာဆား ၊ ၀မ်းမှာခါး ။ လို့ လည်း တစ်ရွာတစ်ပုဒ်ဆန်းကြားဖူးကြောင်း။
    မျက်စေ့နာရင်ဆားရည်ကြည်ခပ်တဲ့ခုခေတ်ကဆားတွေကိုတော့မယုံနဲ့ဗျို့ ။ ဆက်ပြီး မင်းတုန်းမင်းမိဖုရား
    တစ်ယောက်အကြောင်းကို လျှာရှည်လိုက်အုံးမယ်ဗျာ ။ အဲ့မိဖုရားဖျားတာ အိပ်ယာထဲတလှဲလှဲ ဘယ်သမား
    တော်မှကုမရဘူးတဲ့၊ နောက်ဆုံး စိတ်ကုသမားတော်အလှည့်ရောက်လာတယ် ။ ဒီသမားတော်က မင်းတုန်း
    ဘုရင်ထံမှာ သူကုချင်သလိုကုသခွင့်နဲ့ နန်းပေါက်ဝမှာ မြင်းတစ်ကောင်အဆင့်သင့်ထားခွင့်ကိုတောင်းဆို
    ပြီး ခွင့်ရတော့ ကုသ သတဲ့ ။ သူကုသပုံက ရောဂါသည်မိဖုရားရဲ့ ဆံပင်ကိုစောင့် ဆွဲလိုက်တယ် ။
    မိဖုရားက သူလိုမိဖုရားရဲ့ ဆံပင်ကိုဆွဲရမလားဆိုပီး နှာတင်းလာသတဲ့ ။ နောက်ဆက်ပီးသမားတော်က
    နင်ကဘာကောင်မမို့လဲဘာလဲညာလဲဆိုရော မိဖုရားဒေါသပုန်ထလာလို့ ကုန်းထပီး လိုက်တာ သမားတော်
    ကမြင်းရှိရာဆီတန်းပြေးတော့တာပဲတဲ့ ။ အဲ့ဒီကစ မိဖုရားရောဂါပျောက်သွားပါတယ်လို့ ဆိုပါတယ် ။
    ငယ်ငယ်က အိမ်နားကအပျိုကြီးတစ်ယောက်အကြောင်းဆက်အာချောင်လိုက်အုံးမယ်။ အဲ့အပျိုကြီးက
    မကြာခဏနေမကောင်းဖြစ်တယ် ။ တစ်ခါတစ်ခါ စုန်းပူး နတ်ပူးသလိုလို ဘာလိုလို ညာလိုလို ။
    သိုက်ကပြန်ခေါ်နေတယ် ဘာညာဘာညာပေါ့ ။ နောက်တော့ ယောက်ျားရသွားသဗျ ။
    ယောက်ျားရပြီးကတည်းက ကောင်းလိုက်တဲ့ကျန်းမာရေး ဒေါင်ဒေါင်ကိုမြည်လို့ ။ နှာစေးချောင်းဆိုး
    တောင်မဖြစ်တော့ဘူး ။ ရှေ့ လူကြီးတွေကဒါကြောင့်ပြောခဲ့တာဖြစ်မယ် ။ စိတ်ပျိုကိုယ်နု ၊ စိတ်ထောင်း
    ကိုယ်ကြေ-လို့ ။ အားလုံးပဲ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာနိုင်ကြပါစေဗျာ ။

    1. ဟုတ်ဗျာ .. ကျေးဇူးပါ …။ အင်း မိတ်ဆွေကြီးတင်ပြထားသလိုမျိုးတွေ ကြားဖူးပါတယ်ဗျာ .. ဘာတဲ့ .. ဒိန်းတလိန်း နတ်ဖမ်းစားတာ ဆိုလား ဘာလားပဲ ..း) သူ့ဓါတ်စာနဲ့သူကုလိုက်တော့လည်း အချောသား ပျောက်ကင်းတာပဲဗျ ..း) ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s