ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ

(ဒီပို့စ်မှာ ဟာသမရှိဘူး ၊ ရသမရှိဘူး ၊ အတွေးအခေါ်ပဲ ရှိတယ် ။ ဒီတော့ လက်ခံမှ ဖတ်ပါ ။)

ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ

လူတစ်ယောက်ရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာ သိမှု ရှိပါက အရာရာကို ဖြေရှင်းပြီး ပဲကိုင်လို့ရတတ်ပါတယ် ။ ဘယ်လိုသိမှုလဲဆိုရင် ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်အမျိုးမျိုးအထွေထွေ စတဲ့ သောကတွေကို အမှန်သိမှုနဲ့ ခွဲခြားနိုင်ခြင်းပါ  ။ ထိုသို့ခွဲခြားနိုင်တဲ့ လူဟာ လူ့ဘဝမှာ နေတတ်သွားတဲ့ သတ္တဝါ ဖြစ်သွားပါလိမ့်မယ် ။ ဥပမာ – လူတစ်ယောက် စိတ်ဆိုးတယ်ဆိုပါစို့ ထိုသူဟာ သူ့စိတ်ဆိုးခြင်း အကြောင်းအရာကို တကယ်မသိဘူးဆိုရင် စိတ်ဆိုးခြင်ကို မရပ်နိုင်ပဲ ဆက်လက်ဆိုးနေအုံးမှာပါပဲ  ။ ထိုသို့မဟုတ်ပဲ သူစိတ်ဆိုးနေတဲ့ အကြောင်းအရာကို သေချာခွဲခြားနိုင်ပြီဆိုရင်တော့ စိတ်ဆိုးခြင်းဟာလည်း အလိုလို ငြိမ်းသွားမယ်လို့ ယူဆမိပါတယ် ။ လူတိုင်းမှာ စိတ်ဆိုးစိတ်ညစ်ဆိုတာကတော့ မကင်းပါဘူး သို့သော် ဖြစ်သင့်တဲ့နေရာ နဲ့ မဖြစ်သင့်တဲ့နေရာတွေ လွဲနေမှာ စိုးသောကြောင့် တင်ပြခြင်းပါ ။

ကျနော်တို့ နေ့စဉ် ဖြတ်သန်းနေကြတဲ့ အဖြစ်အပျက်တွေမှာ .. ဒေါသဖြစ်စရာများ ၊ စိတ်ညစ်စရာများ ၊ သောက တွေများ ၊ ကိုယ်နဲ့ မဆိုင်တဲ့ အပူအပင်များ .. စသဖြင့် အနည်းနဲ့အများဆိုသလို ကြုံတွေ့ရတတ်ပါတယ် ။ ပျော်စရာတွေလည်း ရှိပါမယ် .၊ ကျေနပ်စရာတွေလည်း ရှိပါမယ် ၊ ထို့အတူ ဘာမှ မဖြစ်ပဲ ပုံမှန်အတိုင်းလည်း ဖြစ်ချင်ဖြစ်နေပါမယ် ။ ထို့သို့ ဖြစ်ပေါ်မှုများဟာ ကျနော်တို့ ပိုင်ဆိုင်တဲ့ ခံစားမှု နှလုံးသား တစ်ခုထဲပေါ်မှာချည်းပဲ ဆိုတာကတော့ သေချာပါတယ် ။ ပျော်စရာတွေရင်ပျော် နေတတ်ပြီး ညစ်စရာတွေ့ရင်လည်း ညစ်နေတတ်တဲ့ ဒီခံစားမှုဟာ သိစိတ်နဲ့ တွဲစပ်ပြီး လက်ရှိ လူ့ဘဝမှာ အမျိုးအမျိုးအဖုံဖုံ ပတ်ဝန်းကျင်ရဲ့ ကြိုးဆွဲရာအတိုင်း လိုက်ကနေကြရတာပါ ။ ခုနေ ပျော်နေပြီး ခဏနေ ညစ်ချင်ညစ်သွားတတ်ပါတယ် ။ ဒါဆိုရင် ကျနော်တို့ နှလုံးသားတွေဟာ ပုံစံပြောင်းလို့ရတဲ့ နှလုံးသားတွေပါဆိုတာ သေချာသွားပြီပေါ့ …။

ကျနော်တို့ရဲ့ စိတ်တစ်ခုထဲမှာကိုပဲ သိစိတ်နဲ့ ခံစားချက်ဟာ .. တွဲဆက်နေပါတယ် ။ သိစိတ်က ဦးနှောက်မှာ အခြေတည်ပြီး သူ့ဆီမှာ မှတ်သားထားတဲ့ မှတ်ဥာဏ်ရဲ့ အတိုအရှည်အတိုင်း ဆုံးဖြတ်တယ် သိရှိတယ် ။ ခံစားချက်ကတော့ လူမှာ ပါရှိတဲ့ သဘောတရား အာရုံခံ ပေါ့ ။ ထိုနှစ်ခုဟာ တခါတခါ သီးခြားစီရှိတတ်ပြီး တခါတခါ ပေါင်းစပ်ပြီး ဖြစ်တည်နေတတ်တယ် ။ ခံစားမှုရဲ့ အရိပ်က မှတ်ဥာဏ်သိစိတ်ကို သက်ရောက်တယ်။ မှတ်ဥာဏ်သိစိတ်ရဲ့ စေညွှန်ရာကိုလည်း ခံစားမှုက လိုက်လုပ်နေနိုင်တယ် ။ ဒီလိုတစ်ခုနဲ့တစ်ခု ဆက်နွယ်ခြင်း ရှိပါတယ် ။  ကျနော်တို့ အများစုရဲ့ စိတ်အိမ်မှာ ခံစားချက်ကို မတွန်းလှန်နိုင်ပဲ သွားနေကြ လမ်းလေးအတိုင်း ကျနော်တို့  သွားနေရတာ များပါတယ် ။

အလိုဆန္ဒများဟာ ခံစားချင်တဲ့ စိတ်ကနေ တဆင့် ဖြစ်တည်လာကြပါတယ်။ ထိုအရာတွေကို ထိန်းခြင်း မထိန်းခြင်းကြောင့် အများသတ်မှတ်တဲ့ စရိုက်လက္ခဏာများဟာလည်း ကွဲပြားသွားကြပါတယ် ။ စရိုက်လက္ခဏာနဲ့ ပတ်သက်လို့ ဥပမာ တစ်ခု ပြောချင်ပါတယ် ။ ကျနော် စာရွက် အလွတ်တစ်ခုမှာ .. ကောက်ကြောင်းအနည်းငယ်နဲ့ ဝလုံးတွေ ကျနော် ရေးနိုင်သမျှ ရေးလိုက်မယ်ဆိုပါစို့ ..စာမျက်နှာ တပြင်လုံး ဝလုံးတော်တော်များများ ပျံ့နှံ့နေပါလိမ့်မယ် ။ ထိုစာရွက်ကို တခြားသူတစ်ယောက်အား ပြပြီး ဘာစာရွက်လဲဟု အမည်ထိုးခိုင်းမည်ဆိုပါက ..  ထိုသူရဲ့ အဖြေဟာ ဒီစာရွက်သည်  ဝ လုံးများရေးထားသော စာရွက် ဖြစ်သည်ဟု ပြန်ဖြေပါလိမ့်မယ် ။ ဆိုလိုချင်တာကတော့ စရိုက်တစ်ခုဖြစ်လာဖို့မှာ ……… ထို စရိုက်ဟု ခေါ်တွင်စေဖို့ ထိုစရိုက်နဲ့ သက်ဆိုင်တဲ့ သေးမွှားသော အရာတွေကို များများ လုပ်ဆောင်ခဲ့ခြင်းကြောင့်လို့ ယူဆမိပါတယ် ။ အဲ့ဒီအရာတွေ စုပြီး စရိုက်တစ်ခု ဖြစ်လာခြင်းဟာ  ဝလုံးများ ရေးထားတဲ့စာရွက်လိုပဲ သတ်မှတ် ပုံပေါ်စေလာတာပါပဲ ။

ကျနော်တို့ ရဲ့ ဘဝ တနေ့တာ- ၂၄နာရီဖြင့်ပြီးသော ထိုတစ်နေ့တာကို စာတစ်ရွက်အဖြစ် သတ်မှတ်ကြည့်စေချင်ပါတယ် ။ ထို တနေ့အတွင်း ဝလုံးများ ကဲ့သို့သော ပြုမူမှုတွေမှာ အကောင်းတွေ များနေရင် ထိုသူ့ရဲ့ စရိုက်က စရိုက်ကောင်းဟု သတ်မှတ်ခံရပြီး .. အဆိုးတွေ များနေရင်တော့ မကောင်းတဲ့စရိုက်လို့ သတ်မှတ်ခံရပါလိမ့်မယ် ။ ဒါဟာ မှန်ကန်သော နည်းလမ်းအတိုင်းပါ ။ သို့သော် ဘဝတိုင်းဟာ အမှာဟာ အမှား မကင်းကြပါဘူး။ ဒါပေမဲ့ အမှားနည်းသော ဘဝများ အဖြစ်လည်း  ဖြစ်ပေါ်လာနိုင်ပါတယ် ။ ကျနော်ဆိုလိုချင်တာကတော့ ထိုစရိုက်လက္ခဏာတွေနဲ့ ပတ်သက်ပြီး လူတစ်ယောက်ရဲ့ အနာဂတ် ဖြစ်စဉ်ကိုလည်း လက်ရှိအခြေအနေကနေ ပြောင်းလဲ နိုင်တယ်ဆိုတာကို မြင်သာစေချင်တာပါ ။

တနေ့တာအတွင်း လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေသည် ထိုသူရဲ့ အနာဂတ်လမ်းကြောင်းကို ပံ့ပိုးနေသည်ဟု သိရှိသူတွေ ယနေ့ခေတ်မှာ နည်းမည်ထင်ပါတယ် ။ကျနော်တို့ သိထားသင့်ပါတယ် ။ “လူတစ်ယောက်ဟာ သူ့စိတ်ထဲမှာ တွေးထင်နေတဲ့အတိုင်း အမှန်တကယ် ဖြစ်လာမည် ဟု ယူဆချက် တင်ပြချက်ကို” စာအုပ်စာပေ တက်ကျမ်း တချို့မှာ ဖော်ပြထားတာကို လည်း ဖတ်ဖူးမှာပါ ။ သို့သော် ဖတ်တုံးခဏ လက်ခံရုံနဲ့ မှတ်မိတာလောက်ပဲ ရှိပါလိမ့်မယ် ။ လိုက်လုပ်တဲ့အထိ ပြုမူတဲ့သူ ရှားနေပါလိမ့်မယ် ထင်ပါတယ် ။ ဒါဘာကြောင့်လဲဆိုရင် ကျနော်တို့ စိတ်သဘော သက်ရောက်မှုကို နားမလည်သေးသောကြောင့် လို့ ကျနော် ယူဆမိပါတယ် ။

တည်ငြိမ်မှု ဖြစ်တည်လာသူများ ၊ တရားဓမ္မများဖြင့် ရင့်ကျက်နေသူများ ၊ နိဗ္ဗာန်သို့ မျက်မှောက် ပြုသူများကို ကျနော်တို့ ယခုခေတ်မှာ တွေ့ရပါလိမ့်မယ် ။ ထိုသူတွေ ဘာလို့ အဲ့ဒီလိုဖြစ်ပြီး ကျနော်တို့ တတွေကလည်း ဘာလို့ အဲ့ဒီလို မဖြစ်ပဲ နေနိုင်တာလဲ ဆိုတာ တွေးကြည့် စေချင်ပါတယ် ။တည်ငြိမ်မှု ဖြစ်စေဖို့ အကြောင်းတွေကို ကျနော်တို့ ထပ်ကာ ထပ်ကာ မလုပ်လို့ လို့ အလွယ် ဆိုချင်ပါတယ် ။ နောက် စိတ်နဲ့ ပတ်သက်ပြီး  စိတ်ပညာရှင်များ သတ်မှတ်ထားကြတာက လူတစ်ယောက်မှာ  သိစိတ်နဲ့ မသိစိတ်ဆိုပြီး ရှိတယ်လို့ သတ်မှတ်ထားပါတယ် ( စာဖတ်ဝါသနာ ရှိသူများ နားလည်မည်ထင်ပါသည်) ။ ကျနော်ဆိုချင်တာကတော့ မသိစိတ်ဟာ စိတ်အတွင်း အနည်ကျနေတဲ့ မှတ်ဥာဏ်လို့ ယူဆချင်မိတာပါပဲ ။ ဘာလို့လဲဆို အပေါ်ယံပြေးလွှားနေတဲ့ သိစိတ်က  အပြောင်းအလဲ ရှိပြီး အနည်ကျနေတဲ့ မသိစိတ်က အပြောင်းအလဲ ဖြစ်ဖို့ တော်တော်ခဲယဉ်းတတ်တယ်လို့ ဆိုချင်ပါတယ် ။

ကျနော်တို့ စိတ်အိမ်တစ်ခုလုံးကို အိုးကြီးတစ်လုံးသဖွယ် သတ်မှတ်ကြည့်စေချင်ပါတယ် ..။ ထိုအိုးထဲကို ရေကြည်ရော ရေနောက်ပါ ရောထည့်ကြည့်လိုက်တဲ့အခါ … ။ ရေကြည်တာကိုမမြင်ရပဲ ရေနောက်နဲ့ရောနေတဲ့ ရေကိုသာ မြင်ရပါလိမ့်မယ် ။ ထို့အတူပဲ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့ စိတ် ပေါင်းစပ်ပြီး  ဖြစ်လာမှုတွေဟာလည်း ကိုယ့်အမြင် သူတပါးအမြင်မှာ ရေနောက်ကိုပဲ မြင်နေပါလိမ့်မယ် ။ ထိုသို့နောက်နေသော ထိုရေအိုးထဲကို နောက်ထပ် ကြည်တဲ့ရေများ ထပ်ကာ ထပ်ကာ ဖြည့်ကြည့်လိုက်ပါ ..။ ရေများလျှံကျနေအောင် ထပ်ဖြည့်ဖြည့်ကြည့်ပါ .. ထို ရေအိုးထဲက ရေဟာ တဖြည်းဖြည်းနဲ့ ကြည်လာတဲ့ ရေ ဖြစ်လာပါလိမ့်မယ် ။ လူ့စိတ်ဟာလည်း ထို့အတူပါပဲ ဘယ်လောက်ပဲ စရိုက်ကြမ်းပြီး ညစ်နေပါစေ ထိုသူရဲ့ စိတ်အိမ်ထဲကို ကောင်းတဲ့စိတ်တွေဖြင့် ထပ်ကာ ထပ်ကာ ဖြည့်ရင်းဖြည့်ရင်းနဲ့ ကြည်လင်လာတာမျိုးပါ ။ ဒီလိုနဲ့ စရိုက်ဟာ ကူးပြောင်းလာနိုင်ပါတယ် .. ။

ကျနော်တွေးမိတယ် .. ယခုအချိန်ကစပြီး ကျနော်တို့ ခံစားချက်တွေနဲ့ အတွေးတွေကို ဖြစ်ချင်တဲ့ ဇာတ်အိမ်အတွင်း ထည့်ထားပြီး ခံစားခြင်း တွေးခြင်း တွေကို ပြုမူပါက တဖြည်းဖြည်း ဖြစ်ချင်တာတွေဆီ နီးကပ်သွားလိမ့်မယ်….  ။ ယခု ကျနော်တို့ဟာ လက်ရှိဖြတ်သန်းနေတဲ့ ပစ္စုပ္ပန်ရဲ့ အဖြစ်အပျက်ကို သတိထားမကြည့်မိလို့သာ ကျနော်တို့ လျှောက်နေတဲ့ ဘဝလမ်းတွေဟာ ရှည်နေတာပါလို့ ထင်မိပါတယ် ။ အဓိကကတော့ များများ တွေး ၊ များများ ပြုမူရင် ပြောင်းလဲ နိုင်တဲ့ အကြောင်းကို ပြောချင်တာပါ ။ လူတစ်ယောက်မှာ ကိုယ်ဖြစ်နေတာတွေကို သတိထားကြည့်မိနိုင်ပြီဆိုရင် ကိုယ့်စိတ်ကို ထိန်းသိမ့်မှုများ ဟာလည်း  အလိုလို ပေါ်လာပါလိမ့်မယ် ။ နောက်ဆုံး ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာလည်း … သေချာလာပြီး ကိုယ်ရောင် ဖျောက်နိုင်တော့မှာ မဟုတ်ပါဘူး  ။

 

ဘာနေ

၁၂ ၊  ဇန္နဝါရီ ၊၂၀၁၂

Advertisements

7 thoughts on “ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ

  1. လက်ခံခြင်း၊လက်မခံခြင်းထက်ကို ဖတ်ရတဲ့အခါ ဖြစ်လာတဲ့ခံစားချက်က
    ပိုအရေးကြီးတယ်လို့ မ ထင်တယ်
    ဘာလို့လဲဆိုတော့ ဒီစာကိုဖတ်ပြီးရင် ဘာတွေးရမလဲဆိုတာကို
    ဖြစ်ပေါ်စေလို့ပဲ။

    ရီ

  2. ဟုတ်တယ် အရမ်းမှန်တယ်လို့ညီမလည်းထင်တယ် “ခံစားချက်တွေနဲ့ အတွေးတွေကို ဖြစ်ချင်တဲ့ ဇာတ်အိမ်အတွင်း ထည့်ထားပြီး ခံစားခြင်း တွေးခြင်း တွေကို ပြုမူပါက တဖြည်းဖြည်း ဖြစ်ချင်တာတွေဆီ နီးကပ်သွားလိမ့်မယ်…. ”
    .
    .
    .
    .
    If your wish & desire keep in your heart,I think your dream must be true in your future…..

    ………”Dream do come true” …….

  3. ဒီပို့စ်ကိုပြန်လည်တုန့်ပြန်ခြင်းထက် ဖတ်ပြီးပွါးလာတဲ့အတွေးပွါးလေး
    ကိုရေးကြည့်ချင်ပါတယ် ။ အတွေးပွါးကိုနိုင်နိုင်နင်းနင်းတော့ရေးနိုင်
    မယ်တော့မထင်ပါ။ စိတ်ပညာရှင်ဖရွှိုက်ကတော့ သိစိတ်,မသိစိတ်,
    လိင်စိတ်,လို့ခွဲခြမ်းပါတယ် ။ သိစိတ် လိင်စိတ်ကိုနားလည်သလိုရှိပေ
    မယ့်မသိစိတ်ကို သိပ်နာမလည်ပါ။ ဒါကြောင့် သွေးသားဆန္ဒနဲ့ဘ၀ရပ်
    တည်မှုပြည့်စုံရင် လူဟာ ဘ၀မှာနေပျော်တယ်လို့ဆိုပါတယ် ။ စိတ်သဘာဝကိုသိချင်လို့လေ့လာလေနားလည်သလိုမလည်သလို
    ဖြစ်ရပါတယ် ။ မြန်မာစာပါမောက္ခ ဦးဖေမောင်တင်က တပည့်တွေ
    ကိုမေးပါသတဲ့ ။ မင်းတို့သိနေတဲ့ စိတ်ဆိုတာဘာလဲပေါ့ ။ ဖြေဆို
    နိုင်သူမရှိဘူးလို့ဖတ်ရပါတယ် ။ ဘုရားဟောအဘိဓမ္မာတွေကိုရေး
    ထားတဲ့ ဆရာနန္ဒသိန်းဇံရဲ့ သိစိတ်အဆင့်ဆင့်မြင့်တက်ခြင်းသ
    ဘာဝ ဆိုတဲ့စာအုပ်ဖတ်ကြည့်မိပါတယ် ။ မှတ်မိနားလည်သလောက်
    လေးရေးခြင်ပါတယ် ။(စကားကြောရှည်နေရခြင်းအကြောင်းက
    ကိုယ်မကျွမ်းတဲ့အကြောင်းကိုရေးမှာမို့လို့ပါ ) စိတ်ဆိုတာ အဆင်း
    အသံ အနံ့ အရသာ အတွေ့အထိ ဆိုတဲ့ အာရုံငါပါးရဲ့ အရိပ်
    အရောင် အသံတွေဆီသို့ညွှတ်ခြင်း ထိခြင်း လို့ဆိုပါတယ် ။
    ဒါကြောင့် မြင်စိတ် ။ ကြားစိတ် ။ နံစိတ် ။ ခံစားစိတ် ။ ထိစိတ် တွေဖြစ်
    ပေါ်လာရပါတယ်တဲ့ ။ မြင်စိတ်တစ်ခုတည်းမှာပဲ နှစ်သက်ရင် လောဘစိတ်
    မနှစ်သက်ရင် ဒေါသစိတ် စတဲ့စိတ်တွေဖြာထွက်သွားပါသေးတယ်ဆိုပါတယ်။
    ဒီနေရာမှာကျွန်တော်တို့သိနေတဲ့လောဘစိတ် ဒေါသစိတ်ဆိုတာ စိတ်အစစ်
    တွေမဟုတ်ပါဘူးတဲ့ ။ စိတ်ကိုချယ်လှယ်နေတဲ့တရားတွေရှိပါသေးလို့ဆို
    ပါတယ် ။ အဲ့ဒါတွေကိုတော့ စေတသိက် လို့အမည်ရှိပါသတဲ့ ။ လောဘ
    ဒေါသတွေဆိုတာ စိတ်ကိုချယ်လှယ်နေတဲ့စေတသိက်တွေပါတဲ့ ။ စိတ်ဆိုတာ
    ကြည်လင်နေတဲ့ရေနဲ့တူပြီး စေတသိက်ဆိုတာ အရောင်တွေနဲ့တူတယ်လို့
    ဆိုပါတယ် ။—–အဲ့ဒီစိတ်ရဲ့တည်ရှိရာကလည်း အရှေ့တိုင်းနဲ့အနောက်တိုင်း
    ကွဲလွဲမှုရှိပါသတဲ့ ။ အနောက်တိုင်းက ဦးဏှောက်မှာလို့ဆိုပြီး အရှေ့တိုင်းက
    တော့(ဗုဒ္ဒအဘိဓမ္မာအရ) နှလုံးသားလို့ဆိုတဲ့ ဟဒယ၀တ္ထုရုပ်မှာတည်ရှိတယ်
    လို့ဆိုပါတယ် ။ (နှလုံးရောဂါသမားများ စိတ်ကျန့်ခိုင်မှုမရှိတာသတိပြုမိပါ
    တယ်) လောကကြီးကို စိတ်ကဦးဆောင်နေပြီး လောကကြီးကိုဦးဆောင်နေ
    တဲ့ စိတ်က မကောင်းမှုမှာပျော်မွေ့တာများပါသတဲ့ ။ ဘာကြောင့်မကောင်း
    မှုမှာပျော်မွေ့တာများရသလဲဆိုတော့ ပဋိသန္ဒေတည်ကတည်းက လောဘ
    စတဲ့တရားတွေက ပါခဲ့လို့ ။ အဲ့ဒါကို အနုသယကိလေသာလို့ဆိုအမည်
    ရှိပါသတဲ့။ အနုသယဆိုတာ ရေထဲမှာအနယ်ထိုင်နေတဲ့အမှုံနဲ့တူတယ်လို့ဆို
    ပါတယ် ။ လှုပ်လိုက်တာနဲ့ထလာတယ်ပေါ့။ မီးနဲ့မတွေ့သေးတဲ့ဓာတ်ဆီ
    ပေါ့။ အာရုံတွေရိုက်ခတ်လာလို့နှလုံးသွင်းမကောင်းရင် အနုသယကိလေ
    သာအမှုံတွေကထလာကြပါရောဆိုပဲ ။ ကိလေသာ (စိတ်ကိုပူလောင်စေတဲ့
    တရားများ)ကိုလည်း သုံးမျိုးခွဲပါတယ် ။ အနယ်ထိုင်ကိလေသာ ။ ထကြွှကိလေ
    သာ ။ လွန်ကျူးကိလေသာ-ဆိုပြီးသုံးမျိုးရှိပါသတဲ့ ။ ဥပမာ-လူတစ်ယေက်က
    ကိုယ့်ကိုဆဲလိုက်လို့ရှိရင် နဂိုအနယ်ထိုင်နေတဲ့ဒေါသကိလေသာက လှုပ်ခတ်
    လာတော့ ဒေါသဖြစ်လာတယ် ၊ ဒေါသဖြစ်နေတာဟာ ထကြွကိလောသာပါပဲ ။ ဒေါသအလျှောက် ပြန်ဆဲလိုက်ရင် ဆွဲထိုးလိုက်ရင် လွန်ကျူးကိလေသာပါ ။
    လွန်ကျူးကိလေသာကို သီလနဲ့ထိန်း ။ ထကြွကိလေသာကို သမာဓိနဲ့ထိန်း ။
    အနယ်ထိုင်ကလေသာကိုတော့ ပညာနဲ့အမြစ်ဖြတ်ရမယ်လို့ဆိုပါတယ် ။
    ဆရာကြီးရွှေဥဒေါင်းရေးထားတဲ့(မာလုကျပုတ္တကိုဘုရားဟော)ဒိဋ္ဌေဒိဋ္ဌမတ္တံ
    ဆိုတဲ့စာအုပ်လေးအကြောင်းဆက်ပြောချင်ပါတယ် ။ ဒိဋ္ဌေ=မြင်တာကို ၊
    ဒိဋ္ဌ=မြင်တယ်လို့ ။ မတ္တ=သိရမယ် ။တဲ့ ။ မြင်တာကိုမြင်တဲ့နေရာမှာအသိကို
    ရပ်ထားဘို့ပါ ။ အဲ့လိုမှရပ်မထားရင် တောင့်တယ်ကွာ ဖြောင့်တယ်ကွာ
    အမှိုက်စားပဲ ဆိုပြီး လောဘအနုသယကိလေသာက ကိုယ့်ကိုနှစ်သက်
    မှုဝေဒနာတွေကိုပေးတော့မယ်ပေါ့ ။ ကျွန်တော်ဆိုချင်တာကတော့
    ကျွန်တော်တို့ရဲ့ခံစားမှုမြင်းရိုင်းကြီးကို ဘယ်လိုဇက်ကျိုးသတ်မလဲဆိုတာပါ။
    လွယ်လွယ်လေးနဲ့ခက်ပါတယ် ။ လွယ်ခြင်းခက်ခြင်းဆိုတာကလဲ လုပ်နိုင်ရင်
    လွယ်ပြီး မလုပ်နိုင်ရင် ခက်ပါတယ် ။ ပိုပြီးခက်တာက လုပ်နိုင်ရက်နဲ့မလုပ်
    တာပါ ။ အသိမခက် အကျင့်ခက်-လို့ဆိုတယ်မို့လား ။ ဘကြီးရွတ်ရွတ်နေ
    တဲ့တေးထပ်လေးကိုလဲ ဖောက်သည်ချလိုက်ပါအုံးမယ် ။ (မေထုန်မှီ-အိပ်စား
    လို့-ယောက်ျား (မိန်းမ)တဲ့နွားမှာ-ပြည့်အစုံ ကုံလုံရှိပါ၏ ။ သိပညာတတ်
    တစ်ပါး နွားထက်ပိုသာ)တဲ့ ။ ခံစားမှုဝါဒီသက်သက်ဆိုရင် အသိညာဏ်မဲ့တဲ့
    တဖက်စွန်းကိုရောက်သွားတတ်ပါတယ် ၊ (မုဒိန်းသမားလိုပေါ့) အသိဥာဏ်
    မဲ့အစွန်းဖက်ကိုရောက်သွားရင်——–ကိုယ်ဘာတွေးနေသလဲ ကိုယ်ဘာလုပ်
    နေသလဲသိဖို့ပါပဲ ။ ဘုန်းဘုန်းတွေဟောနေတဲ့ အပ္ပမာဒေန သမ္ပာဒေထ-
    သတိမလွတ်ကြစေနှင့်ပေါ့ဗျာ ။ ရွှံ့နဲ့လုပ်တဲ့အရုပ်လေးဟာ မခြောက်ခင်သာပြုပြင်လို့ရပြီး ခြောက်သွေ့သွားရင် ပြုပြင်လို့မရတော့ပါ။
    မှတ်ချက် ။ ဤကွန့်မန့်ရေးသူဟာ ဘုရားဖြစ်မဲ့အုတ်နီခဲမဟုတ်ပါကြောင်း
    နှင့် ဆရာကြီးတွေရဲ့အမည်နဲ့စာအုပ်တွေကိုထည့်ရေးရတာ မဖတ်ဘူးသေး
    လို့စိတ်ဝင်စားရင်ဖတ်စေချင်တဲ့စေတနာနဲ့ဖြစ်ပါကြောင်း။
    ကိုယ်မကျွမ်းတဲ့အရာကို ရေးတတ်သလိုရေးရတဲ့အတွက် ဖတ်ရတာ မရှင်း
    လင်းပါက ခွင့်လွှတ်ကြပါစေလိုကြောင်း ။(မသိစိတ်ကို အရှေ့တိုင်းက
    ဘ၀င်စိတ်လို့ခေါ်ပါကြောင်း)

    1. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မိတ်ဆွေကြီးရာ .. မသိစိတ် သိစိတ်ကို ပြောနေကြတာတော့ အများသားပါ .. ခုပို့စ်မှာကလည်း ကျနော် ယူဆချက်ကို တင်ပြကြည့်တာပါ .. ကျနော်လည်း ဖတ်တော့ ဖတ်ဖူးပါ၇ဲ့ဗျာ နည်းနည်းပေါ့ဗျာ .. လူသာမန်တစ်ယောက်မှာ သူ့ လုပ်နေကျ အတိုင်း .. ထပ်ခါထပ်ခါ များများတွေးတာတွေ လုပ်ဖူးတာတွေက မသိစိတ်အတွင်း များများရောက် ဖြစ်ကြတာလို့ ယူဆမိပါတယ် .. ဒီလိုနဲ့ သူက လုပ်နေကြ အကျင့်အဖြစ် ပြန်ဆက်နွယ်ပေးတယ်လို့ထင်မိတာပါ ..။ အဲ့ဒီ အကျင့်တွေကို ပြောင်းပစ်ဖို့ သတိထားပြီး စိတ်ကို ထိန်းပေးရင် ပြောင်းလဲလာနိုင်တယ်ဆိုတဲ့ ယူဆချက်ကို တင်ပြချင်တာပါ ။ နောက် အမြင့်ဆုံး နိဗာန်ကိုတောင် အဲ့ဒီ ထပ်ခါထပ်ခါ တရားရှုမှတ်ရင်းကနေ တရားသဘောတွေက မသိစိတ်တစ်ခုလုံးပြည့်ပြီး သမုဒယစိတ် ချုပ်ငြိမ်းသွားတာလို့ ယူဆမိပါတယ် ဗျာ .. ကျနော်လည်း သိပ်မသိသေးပါဘူး ခုက ထင်မြင်ချက်ကို တင်ပြရုံပါပဲ .. ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် .. ။ နောက်ထပ်လည်း ဆက်ဆွေးနွေးပေးစေချင်ပါတယ် …။

    2. ကိလေသာ (စိတ်ကိုပူလောင်စေတဲ့
      တရားများ)ကိုလည်း သုံးမျိုးခွဲပါတယ် ။ အနယ်ထိုင်ကိလေသာ ။ ထကြွှကိလေ
      သာ ။ လွန်ကျူးကိလေသာ-ဆိုပြီးသုံးမျိုးရှိပါသတဲ့ ။ ဥပမာ-လူတစ်ယေက်က
      ကိုယ့်ကိုဆဲလိုက်လို့ရှိရင် နဂိုအနယ်ထိုင်နေတဲ့ဒေါသကိလေသာက လှုပ်ခတ်
      လာတော့ ဒေါသဖြစ်လာတယ် ၊ ဒေါသဖြစ်နေတာဟာ ထကြွကိလောသာပါပဲ ။ ဒေါသအလျှောက် ပြန်ဆဲလိုက်ရင် ဆွဲထိုးလိုက်ရင် လွန်ကျူးကိလေသာပါ ။
      လွန်ကျူးကိလေသာကို သီလနဲ့ထိန်း ။ ထကြွကိလေသာကို သမာဓိနဲ့ထိန်း ။အနယ်ထိုင်ကလေသာကိုတော့ ပညာနဲ့အမြစ်ဖြတ်ရမယ်လို့ဆိုပါတယ် ။

      ကို ဂါး ရေးတဲ့ .. အဲ့ဒီ အကြောင်းအရာလေးကို ပိုနှစ်သက်မိပါတယ်ဗျာ ..

      အနယ်ထိုင်ကလေသာကိုတော့ ပညာနဲ့အမြစ်ဖြတ်ရမယ်လို့ဆိုပါတယ် ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s