ဆောင်းရာသီ

ဆောင်းရာသီ … 

အိပ်ချင်မူးတူးဖြင့် အိပ်နေရသည် .. ။ အအေးဓါတ်က လူတကိုယ်လုံးဝါးမြိုထားပြီး .. ကွေးထားတဲ့ ကိုယ်ကလည်း  နည်းနည်းလေးမှ မလှုပ်ရဲ လှုပ်ရင် အနွေးဓါတ်က ပျယ်သွားတာမို့ အချမ်းဓါတ်က ဝင်လာတတ်သည်  ထို့ကြောင့် ငြိမ်ငြိမ်လေးနှင့် မှေးနေရသည် ။ အချိန်က ည ၂ နာရီလောက်ဆိုတော့ စောစော ထဖို့ကလည်း မဖြစ် .. ချမ်းတာကြောင့် အိပ်လို့ကလည်း မဖြစ် … ဒီလိုနဲ့ လေးနာရီ ထိုးအထိ ချမ်းတာနှင့် နပန်းသတ်နေရသည် ။ ခြုံထားတဲ့ စောင်ကနေ လေဝင်မလာရအောင် သတိနဲ့ လှုပ်ရှားရသည် ။ လေအေး ဝင်လာရင် အနွေးဓါတ်ရဖို့ တော်တော် ပြန်အချိန်ယူရသည် .. ။ စောင်ခြုံထားသော်လည်း စောင်ခြုံအတွင်းမှာ  ဒူးကနေ ခြေဖျားတစ်လျှောက် အေးတာက လွန်နေပြီ .. အနွေးဓါတ်ရဖို့ ခြေချောင်းချင်း မသိမသာ ပွတ်ကာ နေရသည် .။ စိတ်ထဲကလည်း မိုးလင်းပါစေဟု ကြိတ်ဆုတောင်းနေမိပါသည် ။ မိုးလင်းမှ နေရောင်ထွက်မည် ဒါမှ အနွေးဓါတ်ရမည် အနွေးဓါတ်ရမှ ချမ်းတာကို အံတုနိုင်မည် ဖြစ်သည် ။  ဤအချိန်သည် အညာဒေသရဲ့ အေးခဲတဲ့ ဆောင်းရာသီ ဖြစ်သည် ။

တုန်း .. တုန်း .. တုန်း .. ဟု အစချီကာ တိတ်ဆိတ်တဲ့ ညကာလကို ထိုးခွင်းလာတဲ့ အသံ .. ထိုအသံကြားမိတော့ ကျနော် ပျော်သွားသည် ။ တုန်း ခေါက်သံသည် .. အညာဒေသ အတွက် အိမ်ရှင်မများ နံနက်စောစော ထမင်း ချက်ထဖို့ နှိုးဆော်သံဖြစ်သည် ။ ထို တုန်းခေါက်သံသည် ရွာဦးဘုန်းကြီးကျောင်းမှ လာတဲ့ အသံဖြစ်သည် … ။ နံနက်လေးနာရီထိုးမှ ခေါက်သော အသံ ဖြစ်၍ ကျနော် လည်း ချမ်းတဲ့ဒဏ်ကနေ လွတ်ပြီဟု တကိုယ်တည်း ကျေနပ်နေမိပါသည် ။ ဘာကြောင့်လဲဆိုရင် ထိုအချိန်မှာ အမေလည်း အိပ်ယာ နိုးနေပေလိမ့်မည် ။ အမေအိပ်ယာနိုးပြီဆိုရင် .. သူ့ဘေးမှာ အသင့် ထားသော မီးခြစ်နဲ့ ဖယောင်းတိုင်ကို  လက်ဖြင့် စမ်းယူသည် .. ထို့နောက် တစ်ချက် နှစ်ချက် .. သုံးချက် ဖြင့် မီးခြစ်သံ သဲ့သဲ့ကို နားထဲ ကြားမိနေသည် ။ ကျနော် အာရုံစိုက်၍.. ချက်ချက်ဟူသော အသံကို စောင်ခြုံထဲကနေ နားထောင်နေမိသည် ။ ထိုခဏအကြာမှာ မီးရောင် တစ်ချက်လင်း လာသည် ။ ပြီး ဖရောင်တိုင်ထိပ်က မီးစာဆီသို့ မီးကူးနေတာကို စောင့်ကြည့်နေမိသည် …။  ထို့နောက် အမေ အိမ်အောက်ထပ်ကို ဆင်းသွားသည် ။ ထိုချိန်အထိ ကျနော် အိပ်ယာထဲမှာ ကွေးနေရင်း ခဏအကြာ စောင့်နေလိုက်သည် .. ။ ခဏအကြာ အမေ မီးမွှေးလို့ ပြီးသွားသည် ။ ထိုအချိန်ရောက်မှ စောင်ပုံထဲကနေ ကျနော် ထွက်လာပြီး အောက်ထပ်ကို ချမ်းချမ်းနဲ့ ဆင်းသွားလိုက်သည် .. ။ မီးဖိုဘေးမှ ထိုင်နေသော အမေ့ဘေးသို့ ဝင်တိုးလိုက်သည် ။ အေးစက်နေသော ကျနော့်လက်များကို ခုမှ နိုးထနေသော မီးညွှန့်ထဲသို့ ထိုးထည့်လိုက်သည် .. ။ အနေတော် ပူလာရင် ကျနော့်လက်ကို ပြန်ရုတ်လိုက်သည် ။ ထိုသို့ ထိုသို့ ဖြင့် ကျနော် ကိုယ်ကျနော် အပူဓါတ်များလာအောင် လုပ်နေမိသည် ။ ပြီးတော့လည်း လက်ဝါးနှစ်ဖက်ကို မီးအရှိဟပ်ခံပြီး နားနှစ်ဖက်သို့လည်း လေးငါးကြိမ်လောက် အုပ်လိုက် ခွာလိုက် မီးအပူယူလိုက် လုပ်နေမိသည် ။ ဒါမှ လူလည်း အနေတော် ဖြစ်သွားသည် ။

မီးအရှိန်ရလာတော့ အမေ ထမင်းအိုးတည်ဖို့အတွက် အိုးတစ်လုံးကို မီးဖိုပေါ်တင်လိုက်သည် ။ ထို့ကြောင့် ကျနော်အတွက် အချမ်းဓါတ်ကို ဖြိုခွင်းဖို့ မီးအားနည်းသွားသည် ။ ကျနော် စိတ်ထဲ အကြံတစ်ခုပေါ်လာသည် ။ နောက်ထပ် မီးပုံအသစ် ထပ်မွှေးချင်နေသည် ။ ပြီး အမေဟု  ကျနော် ခေါ်ပြီး ကျနော် နောက်ထပ်တစ်နေရာမှာ မီးမွေးချင်သည်ဟု ခွင့်တောင်းရတော့သည် ။ အမေမှ “သပ်သပ်ရပ်ရပ် မီးမွှေးနော် ငါ့သား ” ဟု မှာကြားအပြီး ကျနော် ဖယောင်တိုင်တိုတစ်ခုနှင့် မီးခြစ်ကိုကိုင်ကာ အိမ်ဝိုင်းပတ်ချာလည် အမှိုက်ပုံရှိရာကို လိုက်ရှာမိတော့သည်။ ချမ်းကလည်းချမ်းသည် မိုးကလည်း မလင်းသေး အမှိုက်ပုံကိုတွေ့ပြန်တော့ အအေးဓါတ် ၊ နှင်းဓါတ်ကြောင့် အပေါ်ယုံအမှိုက်တွေက စိုထိုင်းနေပြန်သည် ။ ဖယောင်းတိုင်ကို ထွန်းပြီး အမှိုက်ပုံကို တုတ်တစ်ချောင်းဖြင့် ထိုးလှန်လိုက်သည် ။ ထို့နောက် ခြောက်မည်ထင်သောအမှိုက်စအနည်းငယ်ကိုယူပြီး မီးတို့လိုက်သည် မီးစွဲသွားမှ တခြားအမှိုက်တွေကို ထိုအပေါ်ကနေ ဖုံးလိုက်သည် ။ အစိုဓါတ် ၊ နှင်းဓါတ်ကြောင့် မီးခိုးတွေကတော့ တအူအူနှင့် စတင် လောင်ကျွမ်းနေလေတော့သည် ။ ထိုနောက် မီးတောက်နှင့်အတူ ကျနော့်မျက်နှာသည်လည်း ပြုံးနေပါတော့သည် ။

ကျနော် ကိုယ်ကို တစ်ဖက်လှည့်လိုက်သည် ။ အကြောင်းမှာ ရှေ့ဘက်က ပူနေပြီး ကျောဘက်က ချမ်းနေလို့ ဖြစ်သည် ။ ထို့နောက် တဖန် ရှေ့ပြန်လှည့်ကာ မီးလှုံဖြစ်သည် ။ မီးလှုံနေရင်း အအေးဓါတ်က နောက်ကနေ ခိုကာ နေရာလုတတ်သည်မှို့ ငြိမ်ငြိမ် မီးလှုံ၍မရ တလှည့်စီနဲ့သာ အချမ်းဓါတ်ကို တိုက်ထုတ်ရသည် ။ ခဏကြာတော့ .. ရွာထဲမှ တောထဲသို့ အလုပ်ဆင်းဖို့ ပြင်ဆင်နေသံများဖြင့် ဆူညံစပြုလာပါသည် ။ နွားငေါက်သံတွေ နွားမောင်းသံတွေနဲ့ အချင်းချင်းခေါ်သံ ပြောသံများဖြင့် နိုးထခြင်းကို အစပြုလာပါတော့သည် ။ နောက် လှည်း အီသံများလည်း ကြားလာရသည် ။ ဝေးတဲ့ စိုက်ခင်းတွေမှာ အလုပ်လုပ်ဖို့ တောသူတောင်သား အားလုံးလိုလို တနေ့တာခရီးကို အစပြုတဲ့ အချိန်လည်း ဖြစ်သည် ။

ပတ်ဝန်းကျင်မှာလည်း အလင်းရောင် သန်းလာသည် ။ ဟိုဟိုဒီဒီ မှုန်ဝါးဝါး မြင်စပြုလာသည် ။ ထို့နောက် အလင်းသည် တဖြည်းဖြည်း ပီပြင်လာသည် .. အရှေ့အရက်ဆီမှ  နေလုံး၏ ရှေ့ပြေး မြူနီနီတွေကို လှမ်းမြင်ရသည် .. ။ ထိုအချိန်ကို အာရုဏ်ဦးလို့လည်း ခေါ်ပါသည် ။ ထိုအချိန်မှာ ကျလိကျလိ နဲ့ စားကလေးများ စတင်၍ တေးသီဆိုနေပါသည် ။ ရောင်နီသည် တဖြည်းဖြည်း ရင့်ရင့်လာသည် .. ။ မိုးကုတ်စက်ဝိုင်းတစ်ခုလုံးနီးပါး အရောင်တွေသန်းလာသည်။ ကြယ်ကလေးတွေလည်း မီးခလုတ်ပိတ်လိုက်သည် ထင်သည် ..။ တစ်လုံးပြီးတစ်လုံး ပျောက်ပျောက်သွားသည် ။  အရှေ့မိုးကုတ်စက်ဝိုင်း စပ်မှာ နေလုံး၏ အပိုင်းအစလေး ပြူတစ်တစ်နဲ့ ကမ္ဘာကို ချောင်းကြည့်နေသည် ။ ထို့နောက် လူတွေကို အနွေးဓါတ်ပေးဖို့ ကျွတ်ကျွတ်လွတ်လွတ်ထွက်လာသည် ။ ကျနော်လည်း မီးဖိုဘေးမှ ခွာက နေရောင်ကျရာ နေရာသို့ အလိုလို သွားနေမိသည် ။

မြူနှင်းအချို့သည် ပတ်ဝန်းကျင် စိုက်ခင်းတွေပေါ်မှာ ပိတ်ပေါင်းနေဆဲဖြစ်သည် ။ နေရောင်သည် ထိုမြူတွေကို ဖယ်ရှားရင်း လှပတဲ့  အစိမ်းရောင်စိုက်ခင်းတွေပေါ်မှာ လှပတဲ့ ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေလေတော့သည် ။ လူရွယ် လူလတ်ပိုင်းအရွယ်တွေသည် စိုက်ခင်းတွေဆီသို့ ချီတက်နေကြတဲ့ အချိန်ဖြစ်သည် ။ ကလေးငယ်တွေသည်လည်း ကျောင်းတက်ဖို့ ပြင်ဆင်နေကြပြီ ။ စာသင်စာအံဖို့အတွက် ရွာကျောင်းဆီသို့ ချီတက်နေသော လေးငါးယောက် အုပ်စုတန်း ကျောင်းသားလေးများ၏ နေရောင်အောက်ရဲ့ မြင်ကွင်းဟာလည်း  ဆောင်းရာသီ နံနက်ခင်းအလှအတွက် ကြည့်လို့ လှ၍ မျက်စိပသာဒ ရှိလှပါသည် ။ ထို့အတူ ငယ်ရာကနေ ကြီးလာတဲ့ ကျနော်တို့အားလုံး လိုလိုမှာလည်းပဲ ဆောင်းရာသီရဲ့ အမှတ်တရလေးတွေ ရှိကောင်းရှိပါလိမ့်မည် ။ ဒါတွေဟာလည်းပဲ ကျနော်တို့ ကိုယ်ပိုင်အတိတ်ရဲ့ ဖြူစင်လှပ ညွတ်နူးစရာကောင်းတဲ့ ပန်းချီကားလေးတွေလို့ ဆိုချင်မိပါသည် ။ လှပတဲ့ ဘဝ ပန်းချီကားများကို အတိတ်စာမျက်နှာထဲကနေ ထုတ်ယူပြီး ကြည့်တတ်ရင်ဖြင့် ဖြတ်သန်းခဲ့သော အတိတ်ပုံရိပ်များသည်ပင် မိမိအတွက် အဖိုးတန်ပန်းချီကားများ ဖြစ်နေပါလိမ့်မည် ။

ဘာနေ

၁၀ရက် ၊ ဇန်နဝါရီ ၊ ၂၀၁၂

Advertisements

5 thoughts on “ဆောင်းရာသီ

  1. ပြန်တွေးကြည့်တော့ပေါ်လာတယ်ဗျ။သယ်ရင်းတွေနဲ့အုန်းသီးခိုးပြီး မနက်တိုင်းခေါက်မုန့်သည်ဆီမှာ မီးလှုံရင်း ခေါက်မုန့်နဲ့လဲစားတယ် ။ (ခိုးတာကလဲ အမေကြီးအုံးခြံထဲကပါပဲ)တစ်နေ့တော့ သယ်ရင်းတွေက မင်းကသူများခိုးတာပဲစားနေတာပဲတဲ့ မင်းလဲခိုးအုံးလေတဲ့ ။ အဲ့ဒါခက်တာပေါ့ဗျာ ။ ကိုယ်က အုံးပင်မှမတက်တတ်တာကိုး ။ ဘယ်ရမလဲ အိုကေ ရတယ်ပေါ့ ။ နောက်နေ့ငါခိုးမယ်လိုအာမခံလိုက်တယ် ။ ဘယ်ရမလဲယောက်ျားပဲ ၊ နောက်နေ့မနက်ကျတော့ အိမ်က ဆွဲအုံးသီးကိုခိုးပြီး သယ်ရင်းတွေကို မုန့်နဲ့လဲကျွေးလိုက်တယ် ။

    1. ဟဟ ..ပိုင်ချက်နော် .. အိမ်က အုန်းသီး ကို အစားထိုးလိုက်တာ ..း) ..ဟုတ်တယ်ဗျ ငယ်ငယ်က ပုံရိပ်တွေကို တခါတခါ ပုံဖော်မိရင် ကြည်နူးစရာလို ဖြစ်ဖြစ်သွားတယ် .

  2. သိပ်ကောင်းတဲ့  သရုပ်ဖော် အေ၇းအဖွဲ့ လေးပါဘဲ။
    ဆောင်းနံနက်ခင်း ရဲ့ အအေးဒဏ်ကို ခံစား၇ပုံလေး၇ယ်။ ရှုခင်းတွေကို ကွက်ကွက် ကွင်းကွင်း စိတ်ထဲမှာ မြင်ယောင်လာစေတဲ့  အထိေ၇းဖွဲ့ နိုင်လို့ နှစ်သက်မိပါတယ်။
    ဆက်လက်ပြီး လိုင်း သစ်အဖြစ် နဲ့ သရုပ်ဖော် အေ၇းအဖွဲ့ လေးတွေ ကို မျှဝေပါဦးနော်။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s