ကိုယ့်သမိုင်းကို ရေးတတ်ပြီလား

ကိုယ့်သမိုင်းကို ရေးတတ်ပြီလား

ကျနော်နဲ့ လူသားအားလုံးကို .. ကိုယ့်သမိုင်းကိုယ် ရေးတတ်ပြီးလားဆိုပြီး မေးလိုက်တဲ့သဘောပါ …။ အဲ့လို ကိုယ်ပိုင် သမိုင်းနဲ့ ပတ်သက်ပြီး တွေးဖူးမယ်ထင်ပါတယ် ။ ခုခေတ် လူတွေ ပြောဆိုနေကြတဲ့ စကားတွေထဲက အသုံးအနှုန်းစကားလုံးပါပဲ ။ တကယ်တော့ လူတိုင်းအတွက် ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးရတာလို့ … ဆိုတာမှာ စဉ်းစားမှု ပြုရမှာပါ ။ သမိုင်းရဲ့ အနက်မှာ … သမိုင်းဟူသည် ပြီးခဲ့တဲ့ အတိတ်တစ်ခုလုံးကို ခြုံငုံပြီး ခေါ်ဆိုခြင်းပါ လို့ ဆိုချင်ပါတယ် ။ လူတစ်ယောက် စ၍ ဖြစ်တည်ခြင်း … ခေတ်တစ်ခု စ၍ ဖြစ်တည်ခြင်း စသည်စသည်မှ အချိန်ကာလ တစ်ခုအတွင်း အဆုံးသတ်သွားသည်အထိ ထိုလူ ၊ ထိုခေတ်ရဲ့ နာမည် တွေကို ခေါင်းစဉ်တပ်ပြီး စနဲ့အဆုံး ကလအတိုင်းအတာ ဖြတ်သန်းခဲ့မှုကို သမိုင်းဟု ခေါ်တွင်ကြတာပါ ။

ဘဝက သင့်ကို စာအုပ်တစ်အုပ်ရယ်  ရေးခြစ်ဖို့ မှင်တံတစ်ချောင်း ပေးထားပြီးသားပါ ။ ထိုစာအုပ်ပေါ်မှာ သင်ဘာတွေ ရေးမလဲဆိုတာ သင့် ဦးနှောက်နဲ့ သင့်လုပ်ဆောင်ချက်တွေက အတည်ပြုနေပါလိမ့်မယ် ။ ထိုစာအုပ်ဟာ သင့်ဘဝ တစ်ခုစားလုံး အတွက်သာ ဖြစ်တယ်ဆိုတာ သိထားစေချင်ပါတယ် ။ ထို ကိုယ်သမိုင်းကိုယ် ရေးခြစ်ရတဲ့ စာအုပ်ထဲမှာ … ဘာတွေရေးကြမလဲ ..။ ကျနော်တို့ အားလုံးအတွက် ဘာတွေရေးကြမလဲ ဆိုတဲ့ နေရာမှာ ရွေးချယ်ခွင့်တွေ ရှိကြပါတယ် ။ လွယ်လွယ်လေးပြောရရင်တော့ ကိုယ်လိုချင်တာ ရွေးချယ်ပြီးရေးကြပေါ့ ..။ အဲ့ဒီ ကိုယ်သမိုင်းအတွက် ကိုယ်ရေးခြစ်တယ်ဆိုတာကို ကျနော် ဥပမာပေးထားတာပါ တကယ်တော့ ရေးခြစ်ခြင်းက ဖြတ်သန်းခြင်းပါ ။

ပါစပ်က သို့မဟုတ် စိတ်ကူးယဉ်အတွေးကဖြစ်ဖြစ် .. လတ်တလော ဆန္ဒအရ ငါ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်ဆိုတာကို ပြောပြီး ခဏအတွင်း ပျောက်ကွယ်သွားခြင်းဟာ  သမိုင်းရေးနေခြင်း မဟုတ်ပါ …။ သမိုင်းတစ်ခု ဖြစ်တည်ဖို့ ရေးသားချက်တွေ ဖန်တီးတယ်ဆိုတာ စိတ်ဝိဥာဉ် စိတ်အတွေးမှာ ထင်မြင်ထားခြင်းပါ ။ လွယ်လွယ်ပြောရရင်တော့ ရည်မှန်းထားခြင်းပုံစံမျိုးပါ ။ ရည်မှန်းချက်သည် ခဏတာထားခြင်းမဟုတ် ရေရှည် စိတ်ထဲ ကိန်းအောင်းပြီး ထိန်းထားရတဲ့ ပုံစံမျိုးပါ ။ စိတ်အိမ်အတွင်း အများဆုံး စိမ့်ဝင်နေနိုင်တဲ့အရာတွေဟာ သမိုင်းစာအုပ်ပေါ်မှာ ဖြစ်ပေါ်လာမဲ့ သင်္ကေတ အက္ခရာတွေပါ ။

လူ့သမိုင်းကို လူ့စရိုက်အကျင့် ဖြစ်ပျက်ခြင်းဆိုပြီး ဖော်ပြရင်လည်း သင့်မယ်လို့ ထင်ပါတယ် ။ လောကကြီးထဲက လူတွေမှာ ပတ်ဝန်းကျင်မျိုးစုံတွေထဲ ကြီးပြင်းရလို့ စရိုက်မျိုးစုံ လည်း ဖြစ်နေပါလိမ့်မယ် ။ အခြေအနေ မိသားစုပုံစံ မျိုးစုံထဲကနေ ကြီးပြင်းရလို့ စိတ်ထား စရိုက်တွေလည်း ကွဲပြားနေပါလိမ့်မယ် ။ စီးပွားရေး ၊ လူမှုရေး ၊ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ တရားဓမ္မ ၊စသည် စသည် လမ်းပေါင်းများစွာဖြင့် ရေးသားနေကြတဲ့ ရေးလက်စ သမိုင်းတွေလည်း ရှိကြပါလိမ့်မယ် ။ အဲ့ဒီလို အမျိုးမျိုး အထွေထွေ သမိုင်းဖြစ်တည်ခြင်းနဲ့ ပတ်သက်ပြီး ဘဝတစ်ခုလုံးကို တိုင်းတာရာမှာ ရှည်ကြာနေပါလိမ့်မယ် .. ။ ထိုဘဝထဲက အစိတ်အပိုင်းသေးသေးလေးဖြစ်တဲ့ တနေ့တာကို စံချိန်ယူပြီး ကိုယ်ပိုင် သမိုင်းအတွက် တိုင်းတာကြည့်လိုက်ပါ ။

တနေ့တာအတွင်း ကျနော်တို့ စိတ်ထဲမှာ အများဆုံး ရှိနေတဲ့အရာဟာ ကိုယ် နောက်ဖြစ်လာမဲ့ အခြေအနေတွေရဲ့ အပိုင်းအစပါပဲ ။ ထိုအရာသည် သမိုင်းဖြစ်တည်ဖို့ ရေးသားနေခြင်းလို့ ယူဆမိပါတယ်။ ချမ်းသာဖို့ အမြဲတွေးနေတဲ့သူဟာ ချမ်းသာနိုင်တဲ့ လမ်းကြောင်းကို အမြဲလိုလိုရှာကြံနေပါလိမ့်မယ် ။ ထိုသူဟာ နောက်တချိန်မှာ ချမ်းသာလာမဲ့သူပဲ ဖြစ်ပါလိမ့်မယ် ။ ထို့အတူ ပညာသင်ကြားရာမှာဖြစ်စေ .. တရားဓမ္မကို ကျင့်ကြံရာမှာပဲဖြစ်စေ … တနေ့တာရဲ့ စိတ်အိမ်မှာ အမြဲလိုလို တွေးနေသူ ဦးတည်နေသူဟာ နောက်ဆုံး အောင်မြင်လာတာပါပဲ … ဖြစ်မြောက်လာတာပါပဲ …။ ဒါဟာ သူ့ရဲ့ သမိုင်းကို သူကိုယ်တိုင် ရေးနေခြင်းလို့ ကျနော် ယူဆပါတယ် ။  လူတိုင်း ကိုယ့်သမိုင်းကို ကောင်းစေချင်ကြတာပါပဲ …ဆိုးဝါးတဲ့သမိုင်းကို အလိုမရှိကြသလို … မပိုင်ဆိုင်ချင်ကြပါဘူး ။ အဲ့ဒီလို ကိုယ်မပိုင်ဆိုင်ချင်တာကို မရရှိဖို့ ပိုင်ဆိုင်ချင်တာကို ပိုင်ဆိုင်ဖို့ ဆိုသည်မှာ တနေ့တာရဲ့ လုပ်ဆောင်ချက်နဲ့ ယှဉ်ကြည့်ပြီး သတိထား သိစေချင်တာပါ  ။

ခုခေတ် တက်ကျမ်းတွေမှာလည်း ရေးကြတာ တွေ့ဖူးပါတယ် ..။ အောင်မြင်ချင်တဲ့အရာကို စိတ်ထဲမှာ ထည့်ထားဆိုတာပါပဲ ..။ ခုလည်းပဲ ကိုယ်လိုချင်တာကို စိတ်ထဲ ချိတ်ဆက်ပေးပေး ထားပါ .. မလိုချင်တာကို စိတ်ထဲကနေ ထုတ်ထုတ်ထားကြည့်ပါ ။ တဖြည်းဖြည်း ကယ်တင်ရှင်ဟာ သင်ပါလားဆိုတာ သင့်မျက်နှာရဲ့ ပီတိအပြုံးမှာ သင်ကိုယ်တိုင် မြင်လာပါလိမ့်မယ် ။ ကျနော်တို့ သာမန်စိတ်မှာ .. ပြင်ပ အာရုံခံတိုက်ဆိုင်မှု တွေနောက်လိုက်ပြီး အမျိုးမျိုးပြောင်းလည်းနေတတ်တဲ့ သဘောရှိပါတယ် ..။  ပြီးတော့ စိတ်လိုရာ လိုရာအတိုင်း လိုက်တွေးကာ အတွေးရှည်သွားပြီး ကောင်းတာဆို ကောင်းတဲ့ဘက်ရောက် .. မကောင်းတာဆို မကောင်းတဲ့ဘက်ရောက်နဲ့ .. စရိုက်တွေအဖြစ် ပြောင်းပြောင်းသွား .. နောက်ဆုံး ယခု ကျနော်တင်ပြနေတဲ့ ကိုယ်ပိုင် သမိုင်းတစ်ခု ဖြစ်ဖြစ်သွားကြတာပါပဲ ။

ဥပမာအနေနဲ့ .. ကျနော်တို့လို ယောက်ျားလေးများအတွက်မှာမူ  မိန်းကလေးချောချောလေးများတွေ့ရင် မြင်ရင် သဘောကျတတ်ကြပါတယ် ။ ဒါက သဘာဝပါ ။ သို့သော် .သာမန်ထက် လွန်ကဲပြီး ကိုယ့်စိတ်အတွင်းမှာ . မိန်းမမြင်တိုင်း တဏှာစိတ်ထနေတတ်တဲ့ သူအဖို့ဆိုရင် ထိုသူဟာ ဒုက္ခချောက်နား ကပ်နေတယ်လို့ ယူဆချင်မိပါတယ် ။ ဘာကြောင့်လဲဆိုရင် ထိုစိတ်များက သူ့အာရုံအတွင်း နစ်ဝင်ပြီး အခြေအနေတစ်ခု သာလာတဲ့အချိန် ကာယကံပြုကြံဖို့ လွယ်သွားလို့ပါပဲ ..။ အဲ့ဒီလိုနဲ့ မဖြစ်သင့်တာတွေဖြစ်ပြီး သမိုင်းစာမျက်နှာတွေကို အချိန်နဲ့အတူ မလှမပနဲ့  ရေးဖြစ်သွားတာပါ ။ အဲ့ဒီလို ဘဝအတွက် တကယ်အရေးမပါတဲ့ စိတ်တွေ ဝင်လာတဲ့အချိန်မှာ ..ကျနော်တို့ သတိနဲ့ ကြိုတင်မောင်းထုတ်ဖို့ လိုပါတယ် .. ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ စိတ်မှာ မဖြစ်သင့်တာတွေကို မမောင်းထုတ်မချင်း ထိုအရာတွေက ရှိပြီးရင်း ဆက်ရှိနေမှာမို့ .. ပေါ်လာတိုင်း မောင်းထုတ်စေချင်ပါတယ် ။ ဒါမှ ထိုစိတ်တွေ ပါးပါးသွားပြီး ဒုက္ခဆိုတာလည်း နည်း .. သမိုင်းဆိုတာလည်း တဖြည်းဖြးည်း လှလှ လာပါလိမ့်မယ် ။

ထို့အတူ .. မကောင်းမှုတွေကို မောင်းထုတ်ရင်း .. ကောင်းမှုတွေကို စီပွားရင်း .. စရိုက်တွေဟာလည်း အလိုလို ပြောင်းလာပြီး သမိုင်းဟာလည်း ဖြူစင်မှုဘက် ကူးပြောင်းလာပါလိမ့်မယ် ။ ဒါဟာ ကိုယ့်သမိုင်းကို ကိုယ်လိုချင်တဲ့ ဆီ ဖြစ်လာအောင် ရေးနေခြင်းပါလို့ ဆိုချင်ပါတယ် ။ ကိုယ့်စိတ် ဘာဖြစ်နေတယ်ဆိုတာကို သိနေဖို့တော့ လိုတာပေါ့ .. ဒါမှ  ဒီစိတ်က ကောင်းတယ် မကောင်းဘူး ခွဲခြားနိုင်မှာ .. ။ ကိုယ့်စိတ်က ဘာဖြစ်နေမှန်း သတိလည်းမထားဘူးဆိုရင် ကျနော်ပြောနေတဲ့ အချက်တွေကို စဉ်းစားမိမှာ မဟုတ်ပါဘူး ။ သင့်မှာ ကျနော်ပြောသလို ခွဲခြားတတ်တဲ့ စိတ်ကလေး ရှိနေရင် ထိုသို့ ကိုယ်စိတ်မှာ ဘာဖြစ်နေမှန်း သိသိ နေတဲ့ စိတ်ကလေးကို ကျေးဇူးတင်နေဖို့လိုပါတယ် .. အဲ့ဒါလေးက ကိုယ့်ကိုမြှင့်တင်ပေးသွားမဲ့ အရာလေးမို့ပါ …။

တင်ပြချင်တာကတော့ ဒီလောက်ပါပဲ …။ ကျနော်တင်ပြတာထက် ပိုမြင်တတ်ပါစေလို့ ဆန္ဒပြုပါတယ် ။ မိမိကိုယ်တိုင်ကလည်း တနေ့တာ အတွင်း .. ကိုယ့်စိတ်ကို အထားအသိုမှန်ကန်အောင် ထားရင်း ကိုယ့်သမိုင်းကို အလှပဆုံးအဖြစ် ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ် …။ အမှန်ကို အမှန်လို့ သိဖို့ တွေးခေါ်ခြင်းကို လက်ကိုင်ထားပြီး  နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ရဲ့ မောင်းနှင်အားကို ပဲကိုင်ပေးဖို့လိုပါတယ် … ။

ဘာနေ

၁၄ ၊ ဒီဇင်ဘာ ၊၂၀၁၁

Advertisements

6 thoughts on “ကိုယ့်သမိုင်းကို ရေးတတ်ပြီလား

  1. သိပ်ကို တန်ဖိုးရှိတဲ့ ပို့ စ်လေးပါဘဲ ။ အမတွေတွေ အားလုံး နေ့ စဉ် ပြုမူ ပြောဆို ကြံစည် သမျှတွေဟာ ကိုယ့် သမိုင်းကိုယ်နေ့ စဉ်ေ၇းနေတာ ပါဘဲ နော်။ နေ့ စဉ် အချိန်တိုင်း သတိလေး ထားပြီး ကိုယ့် စိတ်ကို ထိန်းကြောင်းပြု ပြင် နေထိုင် သွားမှ သာလျင် မိမိ သမိုင်းလေး လှပမှာဖြစ်တယ်လို့  ဒီိပို့ စ်လေးနဲ့ 
    သတိပေးထားမို့  ကျေးဇူးပါဘဲနော်။

    1. ဟုတ်အမ .. .. လိုအပ်ချက်ကိုသိပြီး ဖြည့်ဆည်းနိုင်ခြင်းက ပိုကောင်းတာပေါ့ အမရယ် .. .

  2. ဖတ်ဘူးတာလေးဗျာ ။ ဘယ်စာအုပ်ထဲမလဲတော့မှတ်မိတော့ဘူး ။ ပန်းချီဆရာတစ်ယောက်က ခရစ်တော်ရဲ့ငယ်ပုံကိုရေးဆွဲချင်လို့ အပြစ်ကင်းတဲ့မျက်နှာပိုင်ရှင်လူငယ်လေးတစ်ယောက်ကိုလိုက်ရှာ။
    တွေ့တော့ဆွဲ ။ နောက်နှစ်ကြာလာတော့တစ်ခါ ခရစ်တော်ကို လုပ်ကြံတဲ့သူရဲ့ပုံကိုရေးဆွဲချင်လို့
    အယုတ်မာဆုံးမျက်နှာပိုင်ရှင်ကိုလိုက်ရှာတွေ့ ဆွဲမယ်လုပ်တော့ ယုတ်မာတဲ့မျက်နှာပိုင်ရှင်က
    ပန်းချီဆရာကိုမေး ကျွန်တော့်ကိုမှတ်မိလားပေါ့ ။ ပန်းချီဆရာကမမှတ်မီ ။ ဆရာရေးဆွဲခဲ့တဲ့ခရစ်တော်
    ငယ်ပုံစံ မျက်နှာပိုင်ရှင်ဟာ ကျွန်တော်ပဲတဲ့-လေ။—-လူတစ်ယောက်သမိုင်းကောင်းဘို့ဆိုတာ ပတ်ဝန်းကျင် ဗီဇတွေနဲ့
    သက်ဆိုင်မယ်ဗျ ။ သိပ်တော့နားမလည်ပါဘူး ။ ဘ၀ကို အသိကဦးဆောင်သည် ၊ အသိကိုဘ၀ကဦးဆောင်သည်
    ဆိုတာလဲဖတ်ဘူးရဲ့ ။ ဒိ post ဖတ်ပြီးအတွေးဝင်မိလိုက်တာကတော့ ရှေ့ဆက်ပြီး ကိုယ့်သမိုင်းကိုဘယ်လို
    ပုံဖော်ရေးသားရမလဲဆိုတာကိုပါပဲ ။

    1. ဟုတ်ကဲ့ မိတ်ဆွေကြီး ပတ်ဝန်းကျင်ဆိုတာကလည်း လူတစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲနိုင်တာပါပဲ ။ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကျေးညီနောင်လိုပေါ့ ဗျာ ။ လူတစ်ယောက်ဟာ သူ့အတွေးထဲမှာ အရှိအများဆုံး အတွေးနဲ့ ယှဉ်ပြီး ပြောင်းလဲတတ်တဲ့ သဘောတော့ ရှိတယ်ဗျ ဒါကို စာတွေဖတ်ရင်း တွေးရင်းနဲ့ မြင်မိတာမို့ … ကိုယ့်ဖြစ်လာမဲ့ သမိုင်းကြောင်းကို ပြုပြင်ထိန်းသိမ်းရင်း ရေးနိုင်ကြမလားဆိုပြီး ဖော်ပြကြည့်တာပါ ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s