ကျေနပ် နေတတ်ပြီလား

ကျေနပ် နေတတ်ပြီလား …

လိုချင်မှုများဖြင့် အမြဲ ပြည့်နှက်နေသော ကိုယ့်ဘဝမှာ လိုချင်တာတွေအားလုံးဟာ ရတာလည်း ရှိသလို မရတာလည်း ရှိကြပါတယ် ။ ရတာအတွက် ကျေနပ်တတ်ပြီး မရတာတွေအတွက် မကျေနပ်ပဲ ဖြစ်မိပါသလား ..။ ဖြစ်မိတယ်ဆိုရင်တော့ သတိထားဖို့တော့ လိုပါပြီ ။

လူ့ဘဝတွေသည် ပျမ်းမျှအားဖြင့်  နှစ်ပေါင်း 70 .80 သက်တမ်းမျှသာပါ ။ အသက်မွေးမှု ကြီးပြင်းမှု မတူညီမှုတွေကြောင့် ထို့ထက်လည်း ပိုလျှော့ပြီး နေရနိုင်ပါတယ်။ ဘယ်လိုပဲ နေရနေရ တစ်ဘဝက တစ်ဘဝတည်းသာပါ ။ ဒီဘဝကုန်သွားလို့ အကောင်းကိုလည်း ရောက်နိုင်သလို အဆိုးနေရာကိုလည်း ရောက်သွားနိုင်ပါတယ် ။ ဒီတော့ တဘဝတည်းသော ဒီဘဝအတွက် အချိန်တိုင်းကို တန်ဖိုးထားဖို့လိုလာပါပြီ ။

ကျနော်တို့တတွေအားလုံးဟာ နေ့စဉ် အိပ်တယ် ၊စားတယ် ၊မိုးလင်း အလုပ်သွား ၊အလုပ်လုပ် ၊အလုပ်ပြန် ၊ စားဖို့ပြင်ဆင် ၊ တွက်ကိန်းတွေ ထုတ်ရ ၊သားရေး သမီးရေးပေါ်မှာ အပူပင်တွေ ပွား ၊အဲ့ဒီလို အကြောင်းတရားများဖြင့် ကိုယ်ပိုင် တနေ့တာကို ဖြတ်သန်းနေရပါတယ်။  ထိုအချိန်တွေတိုင်းမှာ ကိုယ်ကိုယ်တိုင်ဟာ တဖြည်းဖြည်းကုန်ဆုံးနေတဲ့ အချိန်စက်ဝန်းပေါ်မှာ ရှိနေတာကို မေ့နေတတ်ကြပါတယ် ။

တနေ့တာ ဖြတ်သန်းရာမှာ ပတ်ဝန်းကျင်က သို့မဟုတ် ကိုယ်ကိုယ်တိုင်ကဖြစ်စေ ပူပင်သောက၊ စိုးရိမ်မှု ၊စိတ်ကသိကအောက်ဖြစ်မှု ၊ စိတ်ဆိုးခြင်းဒေါသ စတဲ့ စတဲ့ စိတ်မသက်သာရာတွေ အောက်မှာ ကျေနပ်မှု မရှိပဲ ဖြတ်သန်းနေကြရပါတယ် ။ အဲ့ဒီလို ဖြစ်ပေါ်နေတဲ့ တနေ့တာဟာ ကိုယ့်အတွက် ကျေနပ်သည်ရှိ မကျေနပ်သည်ရှိ ကုန်ဆုံးသွားတာပါပဲ ။ ထိုသို့ ရက်များလေလေ ဘဝတစ်ခုစာနှင့်ယှဉ်လိုက်ရင် ကိုယ့်ဘက်က ရှုံးလာလေလေပါပဲ ။ ဒါပေမဲ့ လူတိုင်းလိုလို ရှုံးတဲ့ဘဝကို လိုချင်ကြမှာ မဟုတ်ပါဘူး ။

ကိုယ်ပိုင်ဆိုင်တဲ့ဘဝဟာ ရှုံးတဲ့ ဘဝ မဖြစ်စေဖို့အတွက် ထိုတနေ့တာမှာ ဖြစ်ပျက်မှုတွေအပေါ် ကျေနပ်တဲ့ စိတ်ကလေး ဖြစ်ကြည့်စမ်းစေချင်ပါတယ် ။ မိမိပတ်ဝန်းကျင်မှာ အဆင်မပြေတဲ့ အရာ တစ်ခု ပေါ်လာတိုင်း ဒါဟာ ငါ့ဘဝရဲ့ ကြုံတွေ့ရဖို့ အကြောင်းပါလာတဲ့ အရာ တစ်ခုပါပဲ ဆိုပြီး သတ်မှတ်ကြည့်ပါ ။ ယခု စာဖတ်နေနိုင်ဖို့ဟာလည်း အကြောင်းပါလာလို့ ခုလို ဖတ်နေရတယ် သဘောထားကြည့်လိုက်ပါ ။ ထိုသို့ စိတ်ထားလိုက်ပြီဆိုရင် ထိုအဖြစ်အပျက်ပေါ်မှာ ကိုယ်ကိုယ်တိုင်က ကျေနပ်စိတ်ကလေး အလိုလိုဖြစ်သွားပါလိမ့်မယ် ။

နေ့စဉ် ဖြတ်သန်းရာဝယ် ပြဿနာအရပ်ရပ်ပေါ်မှာ ဘယ်သူတရားတယ် မတရားဘူး ဆိုပြီး အပြစ်မဖို့စေပဲ ပိုကောင်းအောင် ပြုပြင် လုပ်ဆောင်းရင်း ဒါတွေဟာ ဒီဘဝ ဒီနေ့အတွက် လုပ်ဆောင်ဖို့ အကြောင်းတရားတွေပါလား ဆိုတာ ကို အသိအမှတ်ပြုပေးဖို့ပါ ။ ဒါမှ ကိုယ့်ဆီက စိတ်အလိုအတိုင်းမတုန့်ပြန်ပဲ ပညာပါပါ တုံ့ပြန်မှု တွေ ဖြစ်လာပြီး ကျေနပ်စရာတွေ ဖြစ်လာပါလိမ့်မယ် ။ ထိုမှတဆင့် လူမှုလောက ပတ်ဝန်းကျင်လည်း ပြေလည်မှု တွေ မိမိဆီမှာ ကူးစက်သွားပါလိမ့်မယ် ။

အဖြစ်အပျက် တစ်ခုမှာ တစ်ဦးတစ်ယောက်ကြောင့် ကိုယ့်ဘက်က နစ်နာသွားသည်ရှိသော် ပြေလည်ရာပြေလည်ကြောင်း မဖြေရှင်းပဲ သူတပြန်ကိုယ်တပြန် စိတ်အလိုတွေအတိုင်း ဖြေရှင်းမယ်ဆိုရင်တော့ နဂိုနစ်နာခြင်းထက် ပိုနစ်နာဖို့ပဲ ရှိပါတယ် ။ တဖက်သားက မရည်ရွယ်ပဲ ပြုမူလိုက်တဲ့ အဖြစ်မျိုးကို ကိုယ့်ဘက်က နားလည်ပြီး လူမှုရေးအမြင်နဲ့ ဆက်ဆံမယ်ဆိုရင် မိမိရဲ့ အပြုအမူကြောင့် ထိုတဖက်သားက အလိုလို ပျော့ပြောင်းလာပါလိမ့်မယ် ။ ထိုအရာကို မေတ္တာလို့ ယူဆကြည့်ပါမယ် ။ မေတ္တာသဘောက တခြားသူ မနစ်နာစေလိုသော ကောင်းစေလိုသော သဘောပါပဲ ။ ထိုသို့ တဖက်သားက ကိုယ်လျှော့သလို လိုက်မလျှော့ပဲ သူ့ ဒေါသနဲ့သူ ဖြစ်နေမယ်ဆိုလည်း ဒေါသကို ဒေါသနဲ့ ယှဉ်ပြီး မတုံ့ပြန်တာ ပိုကောင်းပါတယ် ။ ဒေါသ တွေချင်းယှဉ်ရင် မီး နဲ့ မီးပေါင်းသလို မီးတောက်အရှိန် ပိုအားကောင်းသွားပါလိမ့်မယ် ။ မီးအတွက်ဆိုရင် ထိုမီးငြိမ်းဖို့ ရေနဲ့မှ အဆင်ပြေပါမယ် ။ အဲ့ဒီလို ဒေါသမီး ဖြစ်နေသူနဲ့ ကြုံခဲ့ရင် မိမိဘက်မှ ရေလိုအေးသော မေတ္တာကိုသာ ဆုပ်ကိုင်မိဖို့ လိုပါတယ် ။

လူတိုင်းဟာ ကျေနပ်ဖြင်းကို မြတ်နိုးကြပါတယ် ။ သို့သော် ကျေနပ်တဲ့ စိတ် ဘယ်လိုရအောင်လုပ်မယ်ဆိုပြီး စဉ်းစားမှု နည်းကြပါတယ် ။ သာမန်စိတ်သဘောမှာ ကိုယ့်အလိုပြည့်ရင် ကျေနပ်လိုက်ကြတာပါပဲ ။ အလိုမပြည့်ရင် မကျေနပ်ပဲ ပူပင်မှု တစ်ခုခုကိုဆွဲကိုင်လိုက်တာပါပဲ ။ အဲ့ဒီလိုနဲ့ ဒုက္ခကြောက ပိုရှည်ရှည်သွားကြတာပါ ။ အထက်မှာပြောသလိုပဲ ကိုယ့်ဘက်က နာစရာနဲ့ ကြုံလာတဲ့အခါ ဒီနာစရာဟာ ဒီဘဝအတွက် ကြုံစေဖို့ အကြောင်းတရားရှိခဲ့လို့ပဲ ဆိုတဲ့ နှလုံးသွင်းထားနိုင်ဖို့ လိုပါတယ်  ။ အဲ့ဒီလို ယူဆမိသွားရင် ထိုသူရဲ့ စိတ်ဟာ ကျေနပ်တဲ့ စိတ်ဖြစ်သွားပါလိမ့်မယ် ။

ကျေနပ် နေတတ်ပါသလားဆိုတဲ့ အမေးအတွက် ကျေနပ်နေတတ်ပါပြီဆိုတဲ့ အဖြေကိုပဲ မြတ်နိုးမိပါတယ် ။ ထိုမြတ်နိုးခြင်းဖြစ်စေအောင် သတိထားပြီး နေကြည့် စေချင်ပါတယ် ။ ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် မိမိကိုယ်တိုင် အရင်ငြိမ်းချမ်းဖို့ ကြိုးစားတာက အမှန်ကန်ဆုံးပါ ။ အဝေးမှာလောင်နေတဲ့ မီးကို အရင်ငြိမ်းသက်ခြင်းထက် အနီးမှာလောင်တဲ့ မီးကို အရင်ငြိမ်းတာ ပိုသက်သာပါတယ် ။

အချိန်တိုင်းအတွက် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ် ..၊ နေတတ်သည်ဖြစ်စေ မနေတတ်သည်ဖြစ် အချိန်ကတော့ ဘယ်တော့မှ မကုန်ခန်းသော လောင်စားများဖြင့် ခုတ်မောင်းနေမည်သာပါ ။ ဘဝယဉ်ကလေး ရပ်တန့်မသွားခင် လုပ်သင့်တာများ လုပ်မိဖို့ အားပေးချင်ပါတယ် ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ။

ဘာနေ

၂ရက် ၊ ဒီဇင်ဘာ၊ ၂၀၁၁

Advertisements

3 thoughts on “ကျေနပ် နေတတ်ပြီလား

  1. လူတိုင်းလူတိုင်း ကျေးနပ်အောင် နေတတ်ရင်အကောင်းဆုံးပါပဲဗျာ ။ ကိုယ့်စိတ်ကိုယ်သိ ကိုယ့်အရိပ်ကိုယ်ကြည့်နိုင်ဖို့ပါပဲ ။ ဒါပေမယ့်ဗျာ ။ ဘ၀အမောတွေအထပ်လိုက်နဲ့ မွန်းကြပ်နေသူများအတွက်တော့

  2. ဘာနေရဲ့ ပို့ စ် က ကျေနပ်မှု အကြောင်းက တွေးစရာလေးပါ။သိပ်ကို အေ၇းကြီးတဲ့ ဘ၀နေနည်းလေးပါ။
    ကျေနပ်၇င် အားလုံးပြည့် စုံတယ်လို့  ဆ၇ာတော်ကြီးတပါးက မိန့် ကြားတာ ကြား၇ဖူးတယ်။
    တကယ်မှန်ကန်ပြီး ထားသင့် ထားအပ်တဲ့ စိတ်ထားလေးပါဘဲ။
    ၇ုပ်ဝတ္ထုပစ္စည်းတွေ နဲ့ စိတ်ကျေနပ်မှုကို ၀ယ်ယူလို့ မရနိုင်တာ အမှန်ပါဘဲ ။
    အရာရာ ကို ကျေနပ်မယ်ဆိုရင် …….ကျေနပ်တဲ့ စိတ်နဲ့ နေမယ်ဆို၇င်………
    ဘ၀မှာနေပျော်မှာပါ။ ဖတ်ပြီးတော့  တွေးမိတဲ့ အပိုင်းအစ လေးကို share လုပ်တာပါ။

  3. ဟုတ်ကဲ့ပါဗျာ မိတ်ဆွေကြီး ..ဘဝအမောတွေဟာ မလွဲမသွေ ကြုံနိုင်တာမို့ ကြုံတဲ့အချိန်မှာ ကျေနပ်နေတတ်တဲ့ စိတ်ကလေးနဲ့ နေရင် ပိုသက်သာမယ်ထင်လို့ပါဗျာ … ကျေးဇူးပါ ။

    အမ Dodo ရေ ….. ။ လာဖတ်ပေးပြီး ပြန်လည် မျှဝေပေးသွားလို့ ကျေးဇူးပါ …။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s