ပြောပြချင်မိသည်များ

( စိတ်ကူးတည့်ရာ ပြောချင် ရေးချင်တာကြောင့် ဒီပို့စ်ကို အစပြုလိုက်တာပါ )

ဘလော့ ပိုစ် တစ်ခု တင်ဖို့ဆိုတာကလည်း လွယ်လွယ်မဟုတ်ဘူး ..။ စာစကားရွှင်တဲ့ သူအတွက် အကြောင်းမဟုတ်ပေမဲ့ .. အကြံပေါ်မှ ခြစ်ချုပ်ရေးရမဲ့သူအဖို့ဆိုရင် ခက်တာပါပဲ ..။ ခုလို ဘလော့ပေါ်တွေက စာတွေအတွက် ရည်ရွယ်ချက်တွေဟာလည်း စာဖတ်သူအတွက် အကျိုး တစ်ခုခု ရရှိစေဖို့ ရည်ရွယ်ကြတာချည်းပါပဲ .. ရသဆိုရသ ပေါ့ .. ဒဿန ဆိုလည်း ဒဿန .. ဆိုင်ရာ ဆိုင်ရာ အကြောင်းလေးတွေကို စာဖတ်သူအတွက် နှစ်သက်မှု သို့မဟုတ် ဖတ်ရကျိုးနပ်သွားစေတယ်ဆိုရင် ရေးသူ အတွက် ရေးရကျိုးနပ် ပါတယ် ..။ ထင်မြင်ချက် ကွန့်မန့်တွေဆိုရာမှာလည်း မှတ်ချက်လေးတွေ များလေလေ ရေးတဲ့သူအတွက် ကိုယ့် ရေးတာ သူများစိတ်ဝင်စားတယ် ဆိုတဲ့ အထင်အမြင်နဲ့ ကျေနပ်နေစိတ်တွေ ဖြစ်မိလေလေ ပါပဲ ..။

ကျနော် တစ်ယောက်ဟာ အဲ့ဒီလို ဘလော့ပေါ်မှာ ထားရှိတဲ့ မျှော်လင့်ချက်တွေကြောင့်  ပိုစ့်တွေများများတင်ချင်စိတ်တွေ ဖြစ်ပေါ်ပြီး ထင်ရာမြင်ရာတွေကို စူးစမ်းတတ်လေ့ ရှိခဲ့ပါတယ် …။ စိတ်ကူးထဲမှာ အကြောင်းအရာ တစ်ခု ထူးခြားသလို ရှိလာရင်တော့ ခုလို ဘလော့ စာမျက်နှာမှာ ဖော်ပြဖို့ ဘယ်လို အကွက်လေးတွေနဲ့ တင်ပြဖို့ဆိုပြီး စသဖြင့် စိတ်ကူးလေ့ရှိပါတယ် ..။ တခါတခါ စိတ်ကူးပေါ်ပြီး ရေးမယ်ဆိုပြီး ပြင်ပြန်တော့ စိတ်ကူးက ဖော်မရ တာတွေလည်း ဖြစ်တတ်ပါသေးတယ် ..။ အတွေး တွေဖြင့် စီကုံးပြီး ရေးသားရတာဖြစ်လို့ ဖတ်သူတွေဘက်ကလည်း အတွေးတွေဖြင့်သာ စီကုံးပြီး ဖတ်ဖို့လိုလာပြန်ပါတယ် ..။ တချို့က စာဖတ်အကျင့်နည်းတာလား ၊ စာဖတ်တာ ကွာတာလားတော့ မသိဘူး သူတို့ စာဖတ်ရင် မြန်တယ် .. ပြီး စာတစ်ကြောင်း အဓိပ္ပါယ်ကို ဘယ်လိုပါဟု တိတိကျကျ မသိပဲ စာစကားရဲ့ ဖော်ပြထားသလောက်ပဲ မြင်ပြီး မေ့မေ့ပျောက်ပျောက်ပဲ ဖြစ်သွားတတ်တာတွေ ရှိပါတယ် ..။ အဲ့ဒီလိုသူတွေအတွက်တော့ ကျနော်ရေးတာတွေသည် ဒီလူကြီး ဘာတွေ ရေးမှန်းကို မသိဘူး ဆိုပြီး ဖြစ်နေပါလိမ့်မယ် ။ သူတို့အမြင်မှာလည်း စာရေးသူ တစ်ယောက်က ဘယ်ထိ မြင်စေအောင် ရေးထားသလဲ ဆိုတာကို ထည့်အတွေးနည်းကြပါတယ် ..။ စာရေးတဲ့သူ ခင်းပြတာထက်ပိုမြင်သူတွေကတော့ စာရေးလေ့ရှိသူ တွေးလေ့ ရှိသူ .. စာဖတ်လေ့ ရှိသူတွေပါပဲ ..။ (အများမြင်သာအောင် မရေးတတ်တဲ့ ကျနော်ကကိုပဲ ညံ့တယ်လို့ ယူဆမိပါတယ် ။ တကယ်လည်း ညံ့ပါတယ် )

ခုလို အင်တာနက်မှာ ကျနော်တို့ ဘလော့တွေ ဘာကြောင့် ရေးတာလဲ …။ ကျနော် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါတယ် ။ ကျနော် ဘာကြောင့် ဒီစာတွေရေးနေတာလဲ ..။ ပြီး တော့ စာတစ်ပုဒ်ကို အချိန် တနာရီဝန်းကျင်ခန့် ကြာလေ့ရှိပါတယ် ။ ဒီတော့ ခုလို အချိန်ပေးပြီး ဘာလို့ရေးနေတာလဲ ဆိုရင် ..။  လွယ်လွယ်ဖြေရရင်တော့ ရေးချင်တဲ့ စိတ်ကြောင့် လို့ ဖြေရမှာပါပဲ ။ ကိုယ့်ဆီက ကောင်းတယ်လို့ ယူဆထားတဲ့ အမြင်တွေကို တခြားသူတွေ သိစေချင်တယ် ။ မျှဝေချင်တယ် ။ လူရဲ့သဘောသဘာဝ အလျှောက် အများနဲ့ ယှက်နွယ်ပြီး အသိအမှတ်ပြုတာ ခံချင်တယ်  … စသဖြင့် ရည်ရွယ်ချက်လေးတွေ ရှိကြပါတယ် ။  နောက်ပြီး ကိုယ်မလုပ်နိုင်တောင် သူတို့ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ် ။  ကိုယ့်မှာ လိုအပ်ချက်ရှိသလို သူတို့မှာလည်း လိုအပ်ချက်ရှိတယ် .. လိုအပ်ချက်တွေကလည်း တူချင်မှ တူပြီး .. ကိုယ်သိတာသည် သူမသိတာ ဖြစ်ချင်လည်း ဖြစ်နိုင်မယ် .. ။ ဒီတော့ ကိုယ်ပြောတာသည် သူ့အတွက် လိုအပ်ချက်လည်း ဖြစ်သွားမယ်ဆိုရင် ..ဆိုတဲ့ အတွေး တွေပါ ။  စတဲ့ စတဲ့ အကြောင်းလေးတွေကြောင့် ရေးရတာပါပဲ ။

စာမျက်နှာတွေပေါ်က စကားလုံးတွေဆိုတာဟာလည်း လူမှုဘဝတွေကနေ ဆင်းသက်လာတာမို့ စာနဲ့ ဘဝ ဆိုတာဟာ ခွဲခြားလို့မရသလိုပါပဲ ..။ စာပေဗဟုသုတ ကြွယ်ဝသူနဲ့ မကြွယ်ဝသူကြားမှာ ဘဝနေနည်းလေးတွေဟာ နည်းနည်း ကွာဟ တာလေးတွေရှိတတ်ပါတယ် ။ ဒါဟာ စာပေအမြင်ရဲ့ စွမ်းရည်လို့ ကျနော် ယူဆမိပါတယ်  ..။ ကျနော် ခုလို ရေးတာကို စာဖတ်သက်နုတဲ့သူတစ်ယောက် ဝင်ဖတ်ကြည့်မယ်ဆိုရင် ခု ပို့စ်ဟာ စိတ်ဝင်စားစရာ မကောင်းပဲ ပျင်းသလို ဖြစ်နေမယ်ဆိုတာ သေချာပါပဲ ..။ နောက်ပြီး ဘာကို ဆိုလိုမှန်း လည်း သိချင်မှ သိပါလိမ့်မယ် ။ မြန်မာလို ရေးတဲ့ ကျနော့် စာကို မြန်မာ တစ်ယောက် ဖြစ်တဲ့ လူငယ် တစ်ယောက်က နားမလည်ဘူးဆိုတော့လည်း .. ကိုယ့်အဖြစ်နဲ့ ကိုယ်ပါပဲ ။ တကယ်တော့ များများဖတ်သူတစ်ယောက်အနေနဲ့ စာတစ်ကြောင်းအတွက်  ဘာကို ဆိုလိုမှန်း အလိုလို  သိလာပါတယ် ။ အကောင်းအဆိုးဆိုတာကိုလည်း ခွဲခြားတတ်လာပါတယ် ။ အများအတွက် ဘယ်ဟာသည် ကောင်းဆုံးလဲ ဆိုတာကို ဖော်ထုတ်သိမြင်မှုတွေကြောင့် စာဖတ်အား တိုးလာဖို့အတွက် အနယ်နယ်အရပ်ရပ် နေရာ တော်တော်များများမှာ စာကြည့်တိုက်တွေထောင်ဖြစ်ကြပါတယ် ။ လူငယ်တွေရော လူကြီးတွေကိုရောပါ စာဖတ်ဖြစ်အောင် တိုက်တွန်းကြပါတယ် ။ ဒါကြောင့် စာပေဖတ်ရှုခြင်းဟာ အရေးပါလှပါတယ် ။ ထိုအတူ ထိုစာပေတွေ ဖြစ်လာဖို့ စာပေဖန်တီး မှုဟာလည်း ဆက်စပ်ပြီး အရေးကြီးပြန်ပါရော ။ ထိုသို့ စာပေဖန်တီးမှု အရေးကြီးလာလို့မို့  စာရေးသူ တွေနဲ့ ဘလော့ဂါ တွေဟာလည်း အရေးကြီးလာပြန်ပါတယ် ။ ဒါကြောင့် ဘလော့ စာမျက်နှာပေါ်မှာ ရေးနေရခြင်းဟာ တာဝန် တစ်ခု ထန်းဆောင်နေတယ်ဆိုတာ သိမြင်စေချင်တာပါပဲ ။

နောက်ပြီး အကျင့် စရိုက်ကလေး နည်းနည်း ပြောပြချင်ပါတယ် ။ ကျနော်တို့တတွေဟာ ယခု လက်ရှိလူနေမှု အဆင့်အခြေအနေကို နှစ်သက်မှု မရှိတာမျိုးကြုံနေတဲ့သူတွေ ရှိကြပါလိမ့်မယ် …။ နယ်ပယ်နေရာ အမျိုးမျိုးမှာ သူများထက် ပိုပြီး သာချင်ကြတာလည်းရှိကြပါတယ် ။ ပိုက်ဆံရှာသူဆိုလည်း ပိုက်ဆံ ပိုလိုချင်တာမျိုးတွေကိုပေါ့ ..။ အဲ့ဒီလို ပိုလိုချင်တဲ့ စိတ်ကြောင့် ကိုယ့်အရည်အချင်း နဲ့ ညီမျှတဲ့ သို့မဟုတ် ရထိုက်တာတွေ ထက် … ပိုပြီး ပိုင်ဆိုင်အောင် မသမာသော နည်း  ၊ မမျှတသော နည်းတွေနဲ့ ကြိုးစားကြတတ်ပါတယ် ။ အဲ့ဒီမှာ ကိုယ်ပြုမူလိုက်တဲ့ မသမာတဲ့နည်းဟာ တခြားသူအတွက် မသိတာလည်းရှိသလို သိတာလည်း ရှိပါတယ် ။ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိုယ့်မှာတော့ ကိုယ့် လုပ်ရပ်ကြောင့် အကြွေးတင်သလို ဖြစ်သွားပါတယ် ။ အဲ့ဒီလို အဖြစ်တွေများလေ ကိုယ့်အပေါ်မှာ တင်နေတဲ့ အကြွေးတွေဟာလည်း  များလေပါပဲ ..။ အမှန်တကယ်မှာတော့ မည်သူမျှ ကိုယ့်အပေါ် အကြွေးတင်ခံချင်ကြတာမဟုတ်ပါဘူး ။ ဒါပေမဲ့ အကြွေးတင်မှန်းမသိ ဖြစ်နေတာတော့ ကိုယ်ပိုင် ဖြတ်သန်းနေရတဲ့ သံသရာအတွက် တွေးကြည့်မှ ရင်လေးစရာ ဖြစ်နေပါလိမ့်မယ် ..။

လူတိုင်းကို အကြွေးမတင်အောင် နေစေချင်ပါတယ် ။ အလုပ်ကြွေး ၊ လူမှုရေးအကြွေး ၊ စသည့် စသည့် ကိုယ်က မျှ မျှတတမဟုတ်ပဲ အသာစီး ရထားတာမှန်သမျှတွေဟာ ကိုယ့်ကိုယ်ကို  ဖိမဲ့ အရာတွေဆိုတာ သိထားဖို့ လိုပါတယ် ။ နောက် အောင်မြင်မှု လို့ ဆိုရာမှာ ပစ္စည်းဥစ္စာ ချမ်းသာပြီး စိတ်ကိုလည်း ဖြောင့်မှန်အောင် ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ ။ ထိုသို့မဟုတ်ပဲ ဥစ္စာသာရှိပြီး စိတ်မချမ်းသာဘူးဆိုရင် .. ဥစ္စာ ချို့တဲ့ပြီး စိတ်ချမ်းသာတဲ့သူက ပိုပြီး မြတ်ပါတယ် ။ ယခုလို လူနေမှုဘဝ ဆိုတာဟာလည်း ရှင်သန်ရ ခဲယဉ်းပါတယ် ။ ဒါကြောင့်မို့ တန်ဖိုးထားပြီး .. ရှောင်ရန် ဆောင်ရန် တွေကို မှတ်သား လိုက်နာ ကျင့်ကြံစေချင်တာပါပဲ .။  ဘာတွေကို လုပ်ပါ ဘယ်ဟာတွေက ကောင်းတယ် စသဖြင့် နင်လားငါလား မတိုက်တွန်းလိုပါဘူး ။ သို့သော်လည်း မိမိအသိဥာဏ်အတွင်းကိုတော့ စဉ်းစားတွေးခေါ်မှုကို ထည့်သွင်းတတ်စေချင်ပါတယ် ။ ဒါမှ စာသိ ၊ သညှာသိထက် ကိုယ်ပိုင်အသိ ဖြစ်လာမှာမို့ပါ ။

ဒါကတော့ ခုတလော အတွေးတွေ ရှုပ်နေခြင်းကနေ ထွက်ပေါ်လာတဲ့ ပို့စ် တစ်ခုပါ ။ ဒီပို့်စ်ထဲက ကျနော့ အမြင်တွေဟာ စာဖတ်သူတွေရဲ့ အသိဥာဏ်နှလုံးသား အတွင်း ဖြတ်သန်းပြီး ထွက်သွားချင်လည်း ထွက်ပါလိမ့်မယ် ။ ကပ်ညှိခိုကပ်ပြီးလည်း နေချင်နေနိုင်ပါလိမ့်မယ် ။ ဘယ်လိုပဲ ဖြစ်နေနေ သိရှိခြင်း မသိရှိခြင်းတွေဟာ လက်ခံသူအပေါ်မှာပဲ မူတည်တာပါ ။ ဘာပဲဖြစ်ဖြစ် ကျနော်ဘက်က စေတနာ ထားပြီး ရေးတယ် ဆိုတာကိုတော့ ချွင်းချက်မရှိ ယုံကြည်စေချင်ပါတယ် ။

ဘာနေ

21-11-2011

Advertisements

6 thoughts on “ပြောပြချင်မိသည်များ

  1. ဘာနေ …..သိပ်ကိုကောင်းတဲ့ ပို့စ်လေးပါဘဲ…..ဘလော့ေ၇းတဲ့ ၇ည်၇ွယ်ချက်ကို က အများကို မိမိ သိသမျှ
    တွေကို စိတ်ကောင်းစေတနာ ကောင်းနဲ့ အများကို မျှဝေပေးချင်တဲ့ ဆန္ဒနဲ့ ဆိုတော့ စိတ်ဓာတ်နဲ့ လုပ်၇ပ် တည့်မတ်
    မှန်ကန်တဲ့  အတွက် စာဖတ်သူတွေကို သူတို့  ခံယူတတ်သလောက်၊ခံယူနိုင်သလောက် အမှန်တကယ်ကို အကျိုးများစေပါတယ်။
    တန်ဖိုးရှိတဲ့ အတွေးအခေါ်တွေကို အခုလိုဘဲ ဆက်လက်ဝေမျှပေးနိုင်ပါစေလို့ ……………..

    1. ကျေးဇူး တင်ပါတယ် အမ .. ..ဒီဘလော့ကနေပဲ ကျနော် တတ်အားသ၍ ဆက်လက် မျှဝေနေပါအုံးမယ် .. ဖတ်တဲ့သူတွေကိုလည်း အကောင်းဆုံးထင်တာတွေကိုသာ ပေးချင်မိတာပါ .. ။

  2. ဥပုဒ်နေ့ ဓမ္မာရုံကဖွင့်တဲ့သီချင်းက သံသရာဆွဲဆန့်လို့ဘယ်လောက်ပင်ရှည်ရှည်တဲ့ဗျ။

    1.း) တနေ့က မိတ်ဆွေကြီး ပြောသလိုပါပဲ သမုဒယ လေ .. သမုဒယကြောင့် အဲ့လိုထင်နေတာပါဗျာ ..း) ။

  3. ရောက်တတ်ရာရာCommentပေါ့ဗျာ။ Post တစ်ခုဖတ်ပြီး Comment ဘယ်လိုရေးမလဲ ။ ဂရုတစိုက်နဲ့ Comment ရေးသူများမှာလဲ Post ရေးသူလိုတာဝန်ကြီးပါတယ် ။ Comment တစ်ခုဟာ Post တစ်ပုဒ်လိုရှည်လျားလို့လဲမကောင်းဘူးထင်ပါတယ် ။ ခုတော့ရှည်ရတော့မယ်ထင်တယ်။ Sorry ပေါ့။
    ကောင်း၏ ။ မကောင်း၏ ထက် ပြန်လည်ဆွေးနွေးတဲ့ Comment လေးတွေက Blog တစ်ခုပိုရုပ်လုံးကြွစေမယ်လို့ထင်မိတယ် ။ ဆိုဒ်တစ်ခုထဲမှာတွေ့ရတယ် ။ တစ်ယောက်က နည်းပညာလေးအကြောင်းကိုရေးတယ် ။ အောက် ကComment ရေသူက သယ်ရင်း မင်းရေးတာမပြည့်စုံသေးဘူးကွတဲ့ ၊ ဒါဟာမဖြစ်သင့်ပါ။ လိုအပ်ချက်လေးတွေကိုဖြည့်စွက်ရေးပေးရင်ဘယ်လောက်အကျိုးရှိမလဲ။ သိသလောက်လေးရေးသားတင်ပြသူကိုမလှောင်ပြောင်းသင့်ပါ။ နောက်တစ်ခုပြောချင်တာက ရေးသူနဲ့ဖတ်သူကြားမှာ အကွာအဝေးလေးတွေရှိပါတယ် ။ စာဖတ်သက်နုသူအတွက်တော့ ရေးသူပေးချင်တဲ့ message ကိုရရှိနိုင်မှာမဟုတ်ပါ ။ Post ဖတ်သူမှာလဲ စာတစ်အုပ်လို ဇိန်ပြေနပြေဖတ်ဖို့မဖြစ်နိုင်ပါ ။ ခေါင်းစဉ်နဲ့ စာကိုယ်ထဲကလိုရင်းပွိုင့်လေးတွေကို သတိထားဖတ်မှသာလျှင် Post ရေးသူပေးချင်တဲ့ message ကို ရရှိမှာဖြစ်ပါတယ်။ Post ရေးသူများသတိထားသင့်တဲ့အချက်ကတော့ Comment ရေးသူများကပြန်ပေးချင်တဲ့ message များကိုလည်း ဖတ်ဆုတ်နိုင်အောင်သတိထားသင့်တယ်လို့ထင်ပါတယ် ။ ချီးကျူးမှုကို နှစ်သက်နိုင်သလို ဝေဖန်အကြံပြုမှုကိုလည်း မြတ်နိုးနိုင်ဖို့လိုပါတယ် ။ ဝေဖန်မှုသည် ကိုယ့်အတွက်လှေကားတွေပါပဲ။ Post ကောင်းလေးများနဲ့ Comment ကောင်းလေးများကို ဖတ်ချင်တဲ့စိတ်ကြောင့်ဤ Comment ကိုရေးတာပါ ။ ဆရာဝင်လုပ်တာမဟုတ်ရပါကြောင်းနဲ့
    စာပေချစ်သူသက်သက်သာဖြစ်ပါကြောင်း။

    1. ကျေးဇူးအထူးတင်ပါတယ် မိတ်ဆွေကြီး … ဟုတ်ကဲ့ပါ .. ဘယ်လိုဆွေးနွေးချက် ထင်မြင်ချက်မျိုးကိုမဆို လက်ခံပါတယ် လူလူချင်းလည်းဘယ် တူနိုင်မလဲ .။ ကိုယ်က ဒီလို တွေးပေမဲ့သူက တခြားနည်းနဲ့ သူ့ဟန်သုံးပြီး တွေးချင်တွေးပါလိမ့်မယ် ။ ဝေဖန်ထောက်ပြတာကို ကျေနပ်လက်ခံသလို အားပေးနှစ်သက်တဲ့ ကွန့်မန့်တွေကိုလည်း မြတ်နိုးမိပါတယ် ။ ကွန့်မန့် ကပို့စ်ထက်ရှည်ရင်လည်းပိုကြိုက်ပါတယ် ။ ဘယ်လိုပဲ ရေးရေးပါဗျာ .. မပြည့်တဲ့ အိုးကို ထပ်ဖြည့်ပေးတာပဲ လက်ခံရမှာပေါ့ ။ ပျော်ရွှင်ချမ်းမြေ့ပါစေ မိတ်ဆွေကြီး ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s