သုံးလီ

သုံးလီ

လူ့လောကကြီးအတွက် အရေးကြီးသော အရာ .. အရေးအပါဆုံးသော အရာ .. အသုံးပြု အများဆုံးသောအရာ သုံးခုကို ဖော်ပြရရင်ဖြင့် .. ကိုယ် ၊ နှုတ် ၊ စိတ် သုံးခုပါ ပဲ ။ ကျနော် ဆိုလိုတဲ့ သုံးလီဆိုတာ အဲ့ဒါပါ ။ ကံ ဆိုတာ အလုပ် သို့မဟုတ် ပြုမူလုပ်ဆောင်ခြင်းပါ ။ ကာယ ဆိုတာက ကိုယ်ခန္ဓာလို့ အဓိပ္ပါယ်ရပြီး ကာယကံ ဆိုတာကတော့ ကိုယ်ဖြင့် ပြုမူခြင်း ဆိုတဲ့ အနက်ပါ .။ ငယ်ငယ်က အဲ့ဒါလို့ ဆိုခြင်းကို မသိခဲ့တာ အမှန်ပါ ။ နောက်မှ သိလာရတာပါ ။ ဝစီ ဆိုတာကတော့ နှုတ်ကို ဆိုလိုခြင်းပါ ။ အများစုလည်း သိမှာပါ .. သို့သော် သိပြီးလည်း ထပ်သိပေါ့ဗျာ ။ ရေးနေတဲ့ အကြောင်းက ထိုသုံးခု အကြောင်းဆိုတော့ သိပြီးလည်း ထည့်ပြောရမှာပဲလေ ..။  ကာယကံ လိုပဲ မိမိရဲ့နှုတ်ဖြင့် ပြုမူလုပ်ဆောင်ခြင်းကို (စကားပြောခြင်း )  ဝစီကံ ဟု သတ်မှတ်တာပါ ။ နောက်ဆုံး အရေးအပါဆုံးတစ်ခုကတော့  .. မနှော ပါ ။ စိတ်ဖြင့် တွေးတောကြံစည်ခြင်း တွေကို .. မနောကံဟု ခေါ်ဝေါ်လေ့ရှိပါတယ် ။

 

ကျနော်တို့ လူမှုလောကမှာ ..ကိုယ့်အတွက်  အကျိုးဖြစ်ထွန်းလာစေတာဟာလည်း ဒီသုံးခုကြောင့်ပါပဲ ။ အကျိုးမဲ့သွားစေတာလည်း အဲ့ဒီသုံးခုကြောင့်ပါပဲ ။  ဘယ်သူ့ကို မေးကြည့်ကြည့်ပါ .. လူမှု ဆက်ဆံရေးလောကမှာ ကိုယ်အမူအရာ ၊ စကားပြောဟန် ၊ စိတ်နေသဘောထားဟာ .. အရေးကြီးမှန်း သိကြပါတယ် ။ သို့သော်လည်း .. ကျနော်ကအစ အားလုံးနီးပါဟာ သူ့နေရာနဲ့သူ ကျကျနန မသုံးတတ်သေးတာကတော့ ကျနော်တို့ကိုယ်တိုင် မလိုက်နာမိတဲ့ လိုအပ်ချက်တွေကြောင့်ပါ ။ ယခုလို ဒီသဘောတရားတွေကို ပြောခြင်း ၊ရေးခြင်းဟာလည်း အားလုံးကို ဘဝမိတ်ဆွေတွေအဖြစ် ယူဆပြီး ဒါလေးက ကောင်းတယ်၊ ဒါလေးက မကောင်းဘူး ၊ ဟိုလိုလေး လုပ်တာ သင့်တော်တယ် .. ၊ ဒီလိုလေး လုပ်တာ မဆိုးဟ ဆိုပြီး အားပေးခြင်း ၊ တတ်နိုင်သမျှ တိုင်ပင်ပေးခြင်း ၊ ကောင်းကျိုးကို လိုလားပြီး ဆွေးနွေးပေးခြင်းတွေ ကို တတ်နိုင်သလောက် ပေးချင်လို့ ရေးနေခြင်းပါ ။ ရေးသားရာမှာလည်း အမှားကင်းချင်မှ ကင်းပါလိမ့်မယ် .. ။ လိုတိုးပို လျှော့ ဖတ်ပေးစေချင်ပါတယ် ။

 

ယေဘုယျ လူတစ်ယောက်ဟာ သူ့ဘဝမှာ သူကိုယ်တိုင် ကျင့်သုံးနေတဲ့ အကျင့်စရိုက်တွေကို သတိထားမကြည့်သ၍ သူ့ရဲ့ နေ့စဉ် လုပ်နေကြ ၊ ပြောနေကြ ၊ တွေးနေကြ ပုံစံအတိုင်း နေ့တိုင်းလိုလို မပြောင်းလဲပဲ ဆက်လက်ကျင့်သုံးနေမှာ အမှန်ပါပဲ  ။ ထိုသူဟာ သူ့ရဲ့ လုပ်ဆောင်နေကြ အပြုအမူတွေကို အကျင့်တစ်ခုအနေဖြင့် ဗီဇအနေဖြင့် ကျင့်သုံးနေတယ်ဆိုတာလည်း သိချင်မှ သိပါလိမ့်မယ် ။ ထိုအကျင့် ပြုမူပြောဆိုတွေးတောတာတွေသည် ကောင်းတာလည်း ဖြစ်ချင်ဖြစ်ပါမယ် ၊ ဆိုးတာလည်း ဖြစ်ချင်ဖြစ်ပါမယ် ။ ကောင်းတဲ့အကျင့်တွေဆိုရင် တော့ ကျနော်တို့ အတွက် ဘဝရှင်သန်ခြင်းမှာ အရှုံးမရှိပေမဲ့ .. ဆိုးတယ်ဟု ယူဆရသော အကျင့်တွေ ဖြစ်နေပါက ရရှိနေတဲ့ လူ့ဘဝရှင်သန်ခြင်းမှာ မထိုက်တန်ပဲ ဖြစ်နေပါလိမ့်မယ် ။ ဒါဟာ အရေးတော်တော်ကြီးပါတယ် ။ လူအများစုမှာ သူတို့ ပတ်ဝန်းကျင် လူမှုဆက်ဆံရေးမှာ အဆင်ပြေနေတဲ့သူတွေ ရှိသလို မပြေတဲ့သူတွေလည်းရှိပါတယ် ။ မပြေတဲ့သူတွေအဖို့ ဂရုပြုသင့်ပါတယ် ။

 

ကိုယ့်ပတ်ဝန်းကျင်မှာ .. ကိုယ်ဟာ အများနဲ့ ဆက်ဆံရေး အဆင်မပြေသူ တစ်ယောက် ဖြစ်နေပြီဆိုရင် မိမိကိုယ်ကို သတိထားကြည့်ဖို့ လိုပါတယ် ။  ဒါမှမဟုတ် တခြားသူတစ်ယောက်ဟာ မိမိနဲ့လည်း ဆက်ဆံရေးအဆင်မပြေ ၊ တခြားသူတွေနဲ့လည်း ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတယ်ဆိုရင် ထိုသူရဲ့ အကျင့်စရိုက်ကို မြင်အောင်ကြည့်ပေးခြင်းဖြင့် မိမိကိုယ်ကို တိုးတက်အောင် လုပ်နိုင်ပါတယ်  ။ ထိုသို့ သတိထားပြီး ကြည့်ပေး မယ်ဆိုရင် ချို့ယွင်းချက်တွေ တွေ့လာပါလိမ့်မယ် ။ ကိုယ့်မှာ ရှိနေတယ်ဆို ကိုယ့်ကိုယ်တိုင် ပြင်ဖို့ အားထုတ်ပါ ။ သူများမှာ ရှိနေတယ်ဆို ထိုအကျင့်မျိုး ကိုယ့်ဆီမှာ မဖြစ်အောင် ကြို တင် တွေးတော စီစဉ်ထားပါ ။ တခြားသူကိုလည်း ထိုအကျင့်တွေရှိကြောင်း ပြောဖိုလွယ်ရင် ၊ အလျင်သင့်ရင် ပြောပါ  .။ ပြောဖို့မလွယ်ရင် တော့ မပြောပါနဲ့ .. ။ ဘာလို့လဲဆို တချို့က မာန်မာန ရှိတတ်လို့ပါ . .. ကိုယ်က စေတနာနဲ့ ပြောလိုက်လို့ လက်ခံတယ်ဆို အကြောင်းမဟုတ်ပါဘူး သူ့အထင်က “ ငါ့ကို ကျောတယ် ” ဘာညာ စသဖြင့် ရှိနေပြီး ပိုရှုပ်ထွေးသွားနိုင်လို့ပါ  ။ ထိုသို့သော သူများဖြင့် ကြုံတွေ့ရပါက ထိုပတ်ဝန်းကျင်မှာ  မိမိရဲ့ ကောင်းကွက်များကိုသာ ထုတ်သုံးခြင်းဖြင့် ထိုသူများ စိတ်ယိုင်လာစေ ၊ အတုယူချင်စိတ် ဖြစ်လာစေဖို့ သိမ်းသွင်းစေလိုပါတယ် ။

 

ကိုယ့်ပတ်ဝန်းကျင်မှာ အဲ့ဒီလို သဘောတရားတွေမျိုး ရှိတတ်ပြီး မိမိအတွက် ၊ မိမိပတ်ဝန်းကျင်အတွက် အကောင်းဆုံးသော နေထိုင်နည်းဖြင့် နေထိုင်တတ်ဖို့ လိုအပ်ပါတယ် ။ ပထမဆုံးအနေနဲ့ လိုအပ်ချက်ကတော့ .. ကိုယ့်ကိုယ်ကို မြင်အောင်ကြည်ခြင်းပါ ။ ကျနော်တို့အနေနဲ့ ကိုယ့်ကိုယ်ကို မြင်အောင် ကြည့်တတ်ပါသလား ။ ဒီမေးခွန်းက လွယ်သလိုနဲ့ လက်တွေ ကျင့်သုံးတဲ့အခါ တိမ်မရောင်နဲ့ နက်ပါတယ် ။ လွယ်လွယ်ဖြေရရင်တော့ ကိုယ်လုံးပေါ်မှန်တစ်ချပ်ကို ရှေ့ကထားပြီး ကိုယ့်ကိုယ်ကို ကြည့်လိုက်ရုံပါပဲ ။ နောက်တစ်ခုက စကားပြောခြင်းအတွက်ပါ ။ ကိုယ်ပြောလိုက်တဲ့ စကားကနေ တခြားသူရဲ့ တုံ့ပြန်မှုကို ကြည့်တတ်ရပါမယ် ။ ကိုယ်က ဆိုးရင် တဖက်က အဆိုးပြန်လာပါလိမ့်မယ် ။ ကိုယ်က ပြုံးပြ ဖော်ရွေတယ်ဆို တဖက်ကလည်း ပြုံးပြ ဖော်ရွေပါလိမ့်မယ် ။ နောက်ဆုံးတစ်ခုကတော့ အရေးအကြီးဆုံးဖြစ်တဲ့ မိမိရဲ့ စိတ်မနောပါပဲ ။ စိတ်မနောလို့ ပြောလိုက်တာနဲ့ တရားဘက်လိုင်း ဖြစ်တယ်လို့ မယူဆစေလိုပါဘူး ။ တချို့လူငယ်တွေဟာ တရားဆိုတာကြီးကို မသုံးကြည့်ပဲ မုန်းနေကြသလိုပဲ ၊ သူတို့နဲ့ မဆိုင်သလိုပဲ တွက်ထားကြလို့ပါ ။ အဲ့ဒီ စိတ်မနောကို မြင်နိုင်ဖို့က ကိုယ့်စိတ်ကို ပြန်ကြည့်တဲ့ နည်းပါ ။ ဥပမာ ကိုယ်တွေးတာကို ပြန်သိနေတာ ။ ငါ ဘာတွေတွေးနေတယ် ။ ငါ့စိတ် ဘယ်တွေရောက်နေတယ် ။ စသဖြင့် ပြန်သိစေတာပါ ။ အဲ့ဒီလို ပြန်သိနေရင် လူဟာ အလိုလို ခွဲခြားသိမြင်တတ်တဲ့ဥာဏ်ကြောင့် လမ်းမှားရောက်နေသလား ၊ မရောက်သလားဆိုတာ မိမိအခြေအနေကို အလိုလိုသိနေပါလိမ့်မယ် ။ နောက်ပြီး နောက်ဆုတ်တန်သင့် ၊ ရှေ့တိုးတန်သင့် ၊ ရပ်တန်းက ရပ်တန်သင့် ဆိုတဲ့ စိတ်ကို ပြန်ကြည့်နည်းတွေ ရလာပါလိမ့်မယ်  ။

 

စိတ်ကို ပြန်ကြည့်တဲ့နည်း ကိုတော့ အချိန်တိုင်း သတိရတိုင်း လုပ်ကြည့်စေချင်ပါတယ် .. ။ လုပ်ဖူးတဲ့သူတိုင်း အကျိုးများခြင်း ၊ ငြိမ်းချမ်းခြင်း ရရှိလာတာကို အလိုလိုလက်ခံသိလာပါလိမ့်မယ် ။ ကျနော်တို့ နေ့စဉ် လုပ်စရာကိုယ်စီ ရှိနေတဲ့ အချိန်တိုင်းမှာ …မိမိကိုယ်ကို ပြန်ကြည့်တဲ့ နည်းကို သတိတရထားပြီး လုပ်နိုင်ဖို့ဟာ တော်တော် ခဲယဉ်းပါတယ် ။ မိမိကိုယ်ကို တန်ဖိုးထားတဲ့သူဆိုရင်တော့  သတိထားပြီး နေခြင်းကို အမှတ်ရလိုက် လုပ်လိုက် ၊ မေ့လိုက် ၊ ပြန်သတိရလိုက် စသဖြင့် ဆက်ကာ ဆက်ကာ လုပ်နေမယ်ဆိုတာ ယုံကြည်ပါတယ် ။ အဲ့ဒီလိုသိပြီး လုပ်ဖို့ဆိုတာ တကယ်ဖြတ်သန်းနေတဲ့ ဘဝမှာ တော်တော် မေ့တတ်တာပါ။ တနေ့တာအတွင်း အလုပ်လုပ်ချိန်မှာစိတ်က ဟိုပျံ့ဒီလွင့်နဲ့ အမြဲလိုလိုဖြစ်နေပြီး ဒီသတိထားမှုဟာ ကြားခံ ဝင်နေဖို့ ခဲယဉ်းပါတယ် ။ သို့သော် တွေးပြီး မလုပ်နိုင်ပါဘူးလို့ မရှိစေပဲ လက်တွေ့ စလုပ်ဖြစ်ဖို့ လိုပါတယ် ။ ဒါမှ မိမိဟာလည်း ကိုယ့်ဘဝကို နေရတာမှာ ကျေနပ်မှုရှိတဲ့ လူတစ်ယောက် ဖြစ်လာတယ်ဆိုတာ ကိုယ်တိုင် သိလာပါလိမ့်မယ် ။

 

ဒီလောက်ပဲ မျှဝေတတ်ပါတယ် ။ ယခု ကျနော် တင်ပြတဲ့ သုံးလီ ဆိုတဲ့ အကြောင်းကို သုံးသပ်ပြီး သုံးတတ်စေဖို့  သုံးကြိမ်လောက် လေးလေး နက်နက် ထပ်ပြောချင်မိပါတယ် ။

 

ဘာနေ

၃၁၊ အောက်တိုဘာ ၊၂၀၁၁

 

 

 

Advertisements

One thought on “သုံးလီ

  1. မှန်ပါတယ်…လောကကြီင်္းမှာကိုယ်၊နှုတ်၊စိတ် သုံးပါးကို အမြဲမပြတ်ဂရုစိုက်ပြီး…ကျင့်သုံးနိုင်ကြမယ်ဆိုရင်…မိမိကိုယ်တိုင်ရော..လောကကြီးတစ်ခုလုံးပါ…
    သာယာလှပလာစေနိုင်မှာ…အမှန်ပါပဲ….:)

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s