ဒေါသော

ဒေါသော

ဒေါသအကြောင်းကို ပြောချင်လို့ ဒေါသောဆိုပြီး ခေါင်းစဉ်တပ်လိုက်တာပါ ..။ ဒေါသ အကြောင်း ပြောမယ်ဆိုလို့ .. ကျနော် ငယ်ငယ်က ဒေါသ တော်တော်ကြီးတာပါ ။ သို့သော် ခုတော့ နည်းနည်း ဒေါသနည်းတယ်လို့ ပြောရမလား ဒါမှမဟုတ် ထိန်းထားတယ်လို့ ပြောရမလား ပဲ .. တစ်ခုခုတော့ တစ်ခုခုနဲ့ပါ ။ တခါတခါ ဒေါသထွက်ပါတယ် သို့သော် စိတ်ထဲတင်ပဲ ပြီးသွားတာတွေ ရှိပါတယ် ။ တော်ရုံတန်ရုံ ဒေါသ အပြင်မထွက်လာတတ်ဘူး ။ တချို့ကလည်း သဘောကောင်းတယ် ဆိုပြီး သတ်မှတ်ကြပါတယ် ။ ထိုအထင်ဟာ ဟုတ်ချင်လည်း ဟုတ်ပါမယ် .. ဟုတ်ချင်မှလည်း ဟုတ်ပါမယ် ။ တစ်ခုခုပဲလို့သာ ကိုယ့်ကိုယ်ကို ယူဆပါတယ် ။  တကယ်တော့ ကျနော်ကိုယ်တိုင်လည်း ပုထုဇဉ်စိတ်နဲ့ လူသားတစ်ယောက်မို့ … ခံစားချက်ဆိုတာလည်း ရှိတာပေါ့ ..။ အများသူငါတွေလို ဒေါသစိတ် ရှိတာပါပဲ ။ ဒါက ကြိုတင်ဝန်ခံခြင်းပါ ။

ဒေါသဟာ ကိုယ့်စိတ်နဲ့ ဆန့်ကျင်တာမျိုးမှ ထွက်ပေါ်လာတာပါ ။ အလိုမကျစိတ်ကြောင့် ဒေါသ ဖြစ်လာပြီး တဖက်သတ်ဆန်ဆန်ဖြစ်နေမှု အပေါ် ညီမျှသွားအောင် မိမိဆီကနေ တစ်ခုခု အားထုတ်လိုက်တဲ့သဘောပါ ။  ဒီလိုနဲ့ တဖက်က မခံရပ်နိုင်လို့ ပြန်တုံ့ခြင်းကနေ အဆုံးမသတ်နိုင်တဲ့ ရန်ပွဲတွေ ဖြစ်လာကြတာပါ ။ လူ့ပတ်ဝန်းကျင်လောကမှာ ဒေါသထွက်တဲ့သူကို မည်သူမျှ လက်မခံကြပါဘူး ။ မလေးစားကြပါဘူး ။ ကျနော်လည်း မလေးစားပါဘူး ။ လူတိုင်းဟာ ဒေါသထွက်တဲ့သူကိုမြင်ရင် အဲ့ဒီသူကို တိုက်ရိုက်မပြောပေမဲ့ စိတ်ထဲမှာတော့ ရုပ်ဆိုးလိုက်တာ၊ အကျည်းတန်လိုက်တာ ဆိုပြီး သတ်မှတ်ကြပါလိမ့်မယ် ။

ဒေါသထွက်တဲ့သူကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး ။ သူအနေနဲ့လည်း သူ့စိတ်မှာ ဒေါသထွက်သင့်လို့ ထွက်တာပါ ။ ဒေါသထွက်စရာ အကြောင်းမရှိပဲနဲ့ တဖက်သား မကြိုက်တာ ဘယ်သူ လုပ်ချင်ပါ့မလဲ  ။ တချို့မှာတော့ ဒေါသထွက်တာအတွက် အကျင့်လိုလိုကို ဖြစ်နေကြပါလိမ့်မယ်  ။ အစပထမတော့ အမြင် မကြည်လင် မနှစ်သက်တာတွေဖြစ်ရာကနေ  နောက် မြင်မြင်သမျှ အမှားအသေးလေးတွေကို လိုက်ရှာပြီး ဒေါသအဖြစ် ဖန်တီး နဲ့ မလိုအပ်တာတွေပါ ပိုဝန်ပိလာတဲ့ သဘောပါ  ။ အမှန်မှာတော့ ဒေါသထွက်တဲ့သူက ရှုံးတဲ့သူပါပဲ ။ လူတိုင်း တစ်နေ့ကို 24 နာရီဖြင့်သာ နေကြရပါတယ် ။ ဒီတနေ့တာအတွင်းမှာ ဒေါသထွက်မိတယ်ဆိုရင် ပျော်ရွှင်စရာ ကိုယ့်ရဲ့ တနေ့ဟာ မလှတော့ပဲ ချို့ယွင်းချက်တွေဖြင့် ရှိနေပါလိမ့်မယ် ။ ဒါကို သတိမထားမိကြလို့ ဒေါသကို လက်ခံနေကြတယ်လို့ ကျနော့်အနေနဲ့ ယူဆမိပါတယ် ။

တခါ စကားတစ်ခုကြားမိပါတယ် .. “သူများကို အပြစ်ပြောတဲ့သူဟာ တာဝန်မကျေတဲ့သူပဲ” တဲ့ ။ ကျနော့်အနေနဲ့ သူများကို အပြစ်ပြောတော့မယ်ဆို အဲ့ စကားလေးက အရင်ကြို ဆုံးမနေတာမို့ ပြဿနာဖြစ်တဲ့ အပေါ်မှာ တဖက်သားကို အပြစ်တင်ခြင်းဟာ လျှော့ပါးသွားပါတယ် ။ ဒီလိုနဲ့ အကျိုးသင့် အကြောင်းသင့် စကားပြောခန်းဆီကို ကူးစက်သွားပါတယ် ။ နောက်ထပ် တမျိုး ရှိပါသေးတယ် ။ တခါတခါ အမြင်ကပ်တဲ့ ပုဒ်မတွေနဲ့  .. ဘာမှ မဆီမဆိုင် ကိုယ့်အပေါ်ကို ဒေါသထွက်နေတဲ့သူတွေနဲ့လည်း ကြုံဖူးကြပါလိမ့်မယ် ။ ထိုအချိန် ကိုယ့်မှာလည်း အပြစ်မရှိပဲ အပြစ်မြင်တဲ့အပေါ် အလိုမကျဖြစ်နေပါလိမ့်မယ် ။ အဲ့ဒီအချိန် အလိုမကျ ဖြစ်မဲ့အစား နားလည်ပေးလိုက်ပါ ။ ထိုသူတွေအနေနဲ့ သူတို့ စိတ်ကို မသိသေးလို့ သို့မဟုတ် မရင့်ကျက်သေးလို့  ဆိုပြီး သတ်မှတ်ကြည့်လိုက်ပါ ။ ကိုယ့်စိတ်မှာ သူတို့ကို နားလည်ပေးတဲ့စိတ် ဖြစ်လာပါလိမ့်မယ် ။ ဒေါသထွက်တဲ့သူက မိမိကိုယ်ကို မသိသေးတဲ့သူတွေပါ ဆိုပြီးတော့ မြင်ကြည့်လိုက်ပါ ။

လူတိုင်းဟာ ကိုယ့်ဘဝကို နစ်သက် တန်ဖိုးထားချင်ကြပေမဲ့ .. တကယ်လက်တွေ့မှာ နှစ်သက် တန်ဖိုးထားခြင်း နည်းနေကြပါတယ် ။ ကိုယ့်ဘဝကို တကယ်တန်ဖိုးထားတဲ့သူက ဒေါသကို လွယ်လွယ်နဲ့ မထွက်ဘူး ။ ဒေါသထွက်ဖို့ ကြုံလာရင်လည်း တဖက်လူကို သူ့လက်ရှိအခြေအနေကနေ တိုးတက်လာအောင် အပြစ်ပြောခြင်း ဒေါသအဖြစ် ထုတ်ပြခြင်းအစား အားပေးခြင်း ၊ နည်းပေးခြင်း စတာတွေအဖြစ် ပြောင်းလဲ ပစ်ကြပါတယ်  ။ ဒါဟာ မွန်မြတ်ခြင်းနဲ့ လူ့တန်ဖိုးကို ပီပီသသ ထုတ်ပြခြင်းပါပဲ ။ ဒီလိုလုပ်လိုက်တဲ့ အကျိုးဟာ ငြိမ်ငြိမ်မနေပါဘူး .. ။ တဖက်သားကလည်း လူသားတစ်ယောက်မို့ ပြန်လည် တတ်သိလာပြီး ကောင်းတဲ့ လုပ်ရပ်တွေ ၊ ကြိုးစားခြင်းတွေ ၊ ယုံကြည်မှုတွေ တိုးလာတာကို တွေ့ရပါလိမ့်မယ် ။

ဒီတော့ ဒေါသ ဖြစ်ဖို့ အခွင့်အရေးကြုံလာရင် .. ဒေါသအစား ဒေါသထက် ပိုကောင်းတဲ့ နည်းလမ်းကို ဖြစ်ပေါ်နေတဲ့ အကြောင်းအခြင်းအရာပေါ်မှာ ရှာကြံပြီး ပြုမူတတ်ဖို့လိုပါတယ် ။ အဲ့ဒီအတွက်လည်း  မိမိပတ်ဝန်းကျင်မှာ မိမိကို လေးစားတဲ့သူတွေ ၊ ယုံကြည်အားကိုးတဲ့သူတွေ များလာတာကို တွေ့ရပါလိမ့်မယ် ။့  ကိုယ်ကိုယ်တိုင်အနေနဲ့လည်း ဒေါသကြီးသူအဖြစ်ကနေ သဘောထားကြီးသူ ၊ နားလည်ပေးနိုင်သူ ၊ စိတ်သဘောထား မြင့်မြတ်သူ အဖြစ် ပြောင်းလဲသွားပါလိမ့်မယ် ။ ဒီတော့ မိမိပတ်ဝန်းကျင်ရဲ့ စိတ်အခြေခံတွေပြောင်းလဲဖို့ ပထမဆုံးခြေလှမ်းကတော့ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့ပါပဲ ။

ခုလို တင်ပြထားခြင်းကို လူတိုင်းက မှန်တယ်လို့ လက်ခံချင် လက်ခံပါလိမ့်မယ် .. ဒါပေမဲ့လည်း တကယ်လက်တွေ့မှာ  မကျင့်သုံးကြတဲ့သူက များနေပါတယ် ။  ကျင့်သုံးသူတွေကိုတော့ လေးစားလျှက်ပါ ။ ဘာလို့လဲဆိုရင် ကောင်းမွန်အေးချမ်းသာယာတဲ့ လူ့လောကကြီးအတွက် ခွန်အားရှိသော လူသားတစ်ယောက် တိုးလာခြင်းမို့ပါ ။ ဒီတော့ လူတိုင်း ဒေါသထွက်တတ်တယ်ဆိုပေမဲ့ .. သတိထားပြီး ဒေါသအစားတခြားတစ်ခုခုကို အစားထိုးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ် ။ ဒေါသသည် မကောင်းမှု (အကုသိုလ်) ပါ ။ ပြုသည် ၊ ပြင်သည် ဆိုတာဟာ မိမိနှင့်ဆိုင်တာမို့ အထူးတလည် ပြောမနေချင်တော့ပါ ။ ကျနော့် စိတ်အိမ်မှာတော့ အမှန်တကယ် ပျော်ရွှင်အေးချမ်းတဲ့ လူ့လောကကြီး ဖြစ်တည်လာဖို့ကို တောင်းတလျှက် ပါ……………။

ဘာနေ

၃၀-အောက်တိုဘာ-၂၀၁၁

Advertisements

4 thoughts on “ဒေါသော

  1. ကိုယ့်နဲ့ရင်းနှီးနေတဲ့ “ဒေါသ”ဆိုတဲ့ဝေါဟာရစကားလေးအကြောင်းသိချင်တာနဲ့ လက်လှမ်းမှီသလောက်လေးလိုက်ရှာဖတ်မိပါတယ် ။ “ဒေါသ” ဆိုတာ မွေးစားသားပဲကိုဗျ၊ ကိုယ်နဲ့ရင်းနှီးလွန်းအားကြီးနေတော့ကိုယ့်ဘာသာစကားလို့ပဲမှတ်ခဲ့မိတာလေ၊ “ဒေါသ”
    ဆိုတာ မြန်မာလို“ဖျက်ဆီးခြင်း”လို့သိရတယ်။ ကိုယ့်စိတ်ထဲမှာ သူခြယ်လှယ်နေပြီဆိုရင်
    သူတစ်ပါးကိုလဲဖျက်ဆီး၊ ကိုယ့်ကိုယ်လဲဖျက်ဆီး ခံရတတ်တယ်တဲ့ ၊ “ဒေါသ”အနှောင့်အပူး
    ခံနေရတဲ့သူတစ်ယောက်ဟာ ကြည်လင်နေတဲ့ရေတစ်ခွက် အနယ်ထသွားရင် ဘယ်သူမှ
    မသုံးချင်သလိုမျိုးဖြစ်ခံရတတ်တယ်-တဲ့ ။ “ဒေါသ” ရဲ့ ဆန့်ကျင်ဘက်စကားတစ်လုံးကို
    တွေ့ရသေးတယ်ဗျာ ။ “အဒေါသ” တဲ့ ။ သူကတော့ ကျွန်တော်တို့သိနေတဲ့ “မေတ္တာ”ပါပဲ။
    အဲ-“မေတ္တာ”ဆိုတာကတော့ “ချစ်ခင်နှစ်သက်မှု”ပေါ့ဗျာ။ အဲ့ဒီတော့ ကျွန်တော်တို့ရဲ့
    ကိုယ်အမူရာ နှုတ်အမူရာတွေမှာ မနှစ်သက်ဖွယ် အရောင်းအဆင်းတွေ မပေါ်ပေါက်ဖို့အတွက်
    “ချစ်ခင်ခြင်း”မျက်လုံးတွေနဲ့ အရာရာကိုကြည့်ရှုသုံးသပ်နိုင်ဖို့လိုမယ်ထင်တယ်ဗျနော် ။
    ဒေါသရှေ့ထားမှားတတ်တယ်-ဆိုတဲ့စကားပုံလေးလည်းရှိတယ်မို့လား ။ တစ်ခါခါ ဒီ“ဒေါသ”
    ကဘာကြောင့်ဖြစ်ဖြစ်လာရတာလဲလို့စဉ်းစားကြည့်မိတယ်ဗျာ။ အဓိက ကတော့ ကိုယ်လို
    ချင်တာတွေဖြစ်မလာတတ်လို့ပါပဲ ။ လိုချင်တာဆိုတာကလည်း အားလုံးသိနေတဲ့ “လောဘ”
    ပဲမို့လားဗျာ ။ လောဘကြောင့်ဒေါသဖြစ်တယ်လို့ဆိုရလိမ့်မယ်နော် ။ “လောကကြီးဆိုတာ
    ကိုယ့်စိတ်တိုင်းကျတည်ဆောက်ထားတဲ့လောကကြီးမဟုတ်” ဆိုတဲ့ တရားစာသားလေးကို
    လည်းသတိရမိပါတယ် ။ ကိုယ့်စိတ်တိုင်းကျဖြစ်ချင်နေတဲ့စိတ်များနေရင် “ဒေါသ”ဖြစ်စရာ
    တွေများနေမလားပဲ။ မှတ်မိလာတဲ့ တရားစာသားလေးနဲ့ အဆုံးသတ်ပါရစေဗျာ။
    “ဒီနေ့ဒေါသဖြစ်စရာရှိတယ်ဆိုရင် ၊ ခဏသိမ်းထားပြီး ၊ နောက်နေ့မှဆက်ဖြစ်ပါ” တဲ့ ။
    ချစ်ခြင်းမျက်လုံးများဖြင့် ကြည်လင်နေတဲ့ စိတ်နှလုံးတွေ တည်ရှိနိုင်ကြပါစေ ။
    ကျေးဇူပါ။

  2. သိပ်ကိုကောင်းတဲ့ ဆောင်းပါးလေးပါ။ ဒေါသကို မထိန်းသိမ်းရင် နောက်ဆက်တွဲပြဿနာက ပိုပြီး ကြီးလာတာများပါတယ်ရှင်။ လော၊ ဒေါ၊ မော ကိုပယ်သတ်ရမယ်ဆိုတာလည်း တရားတော်တွေမှာပါတာမို့လား။

    ခင်မင်လေးစားလျက်

  3. ဟုတ်ကဲ့ မိတ်ဆွေကြီး… မေတ္တာကို နှလုံးသွင်းနိုင်အောင် ကြိုးစားပါ့မယ်ဗျာ .. ကျေးဇူးပါ ..

    ဟုတ်ကဲ့ .. အမ မေသိမ့် .. လောဘ ၊ ဒေါသ ၊ မောဟ .. သုံးခုလုံး ကင်းနိုင်ဖို့ ကြိုးစားသင့်ပါတယ် .. .

  4. ပို့စ်ကော ကိုဂါး ရဲ့ ကော့မန့်ကော မှတ်သားစရာတွေသေချာဖတ်သွားပါတယ် ၂ယောက်လုံးကိုလည်းကျေးဇူးတင်တယ်ဗျ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s