ပြေး… ပြေး…. .. ဒီဘက်မှာ … ဒီဘက်မှာ … .. ဟေးးးးးးးးးး . ဗူးသီးပြီဟေး … ဆိုတဲ့ အသံများ၊ .. တွတ်.. တွတ်.. တွတ် …. ဖမ်း … ဖမ်း .. ဖမ်း ထား .. ဆွဲဟ ..ဆွဲထားဟ .. ဟီး … စတဲ့ အသံများ ….. ကျနော့နားထဲ ငယ်မူပြန် အဖြစ် ပြန်လည်ကြားယောင် ခဲ့ပါတယ် ..
သီတင်းကျွတ်လပြည့်ည ရောက်တော့ မီးထွန်းပြီး မြတ်စွာဘုရားကို ပူဇော်တဲ့အခါ ငယ်ငယ်က အကြောင်းလေးတွေကို စိတ်ကူးမှာ တခန်းရပ် ပြန်လည် ရှင်သန်လာခဲ့ပါတယ် ..။ ဒီတော့ ငယ်ငယ်က ကစားခဲ့ပုံတွေ ..၊ ကစားနည်းလေးတွေ စသဖြင့် ကျနော်အနေနဲ့ စိတ်လိုလက်ရ ကစားခဲ့ပုံတွေကို ပြန်ပြောပြချင်မိတာနဲ့ ဒီခေါင်းစဉ်လေးကို တပ်လိုက်တာပါ ..။ တကယ်တော့ ဒီဘလော့ဟာ ရွာသားတစ်ယောက် ဖန်တီးထားတဲ့ ဘလော့ဆိုလည်း မမှားပါဘူး ..။ အကြောင်းမှာ ကျနော် ရွာသားမို့ပါ ..။
ငယ်ငယ်ကဆိုရင် လပြည့်ညရောက်တိုင်း လသာသာကို တခုတ်တရ ကြည့်ဖြစ်ပါတယ် …။ အတိတ်သို့မဟုတ် အနာဂတ်တွေဆီကို အတွေးနဲ့ သတိရခြင်းတွေလည်း ဖြစ်ခဲ့ပါတယ် ..။ ငယ်ငယ်တုန်းကဆိုရင် လပြည့်ညတွေရောက်တိုင်း လသာသာ တလင်းပြင်ထဲမှာ ကလေးများသဘာဝ ကစားလေ့ရှိခဲ့ပါတယ် …။ ရွာတွေမှာဆို အိမ်ဝိုင်းတွေက ကျယ်တာမို့ ညဘက်ကစားကွင်းအဖြစ် အထူးတလည် ရှာစရာမလိုပါဘူး ။ ညဘက် လသာသာမှာ ပူအိုက်ခြင်းမရှိ ပျော်ရွှင်ခြင်းအတိ ကစားရတာမို့ ကလေးတွေ နှစ်သက်စရာပါ ။ ငယ်ငယ်က ကစားခဲ့တာတွေအတွက် ခုထက်တိုင် နှစ်သက်မှု တစ်ခုအဖြစ် ရှိနေဆဲပါပဲ .။ ရွာကငယ်ငယ်ဆိုတော့ ညဘက် ကလေးတွေ အော်ပြီး ကစားသံတွေဟာ ရွာရဲ့အပြင်ကတောင် ကြားနိုင်ပါတယ် ။ ဒါဟာလည်း တောရွာလေးရဲ့ လာသာသာ ညများအတွက် သဘာဝ တေးသွားတွေလိုပါပဲ..။
ငယ်ငယ်က လသာတဲ့ညတွေဆို ကစားနည်းမျိုးစုံ မပျင်းအောင် လှည့်ကစားကြပါတယ် ။ ငယ်ငယ်က ကစား ခဲ့ပုံတွေကို အနည်းငယ် ပြောပြချင်မိပါတယ် ..။ တူးတူး ပုန်းတမ်း ကစားခြင်း ၊ တွတ်ထိုးတမ်း ကစားခြင်း ၊ ဘူးသီးပစ်တမ်း ကစားခြင်း ၊ နဖူးတို့တမ်း ကစားခြင်း ၊ ထုတ်စီးထိုးကစားခြင်း ၊ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ကစားခြင်း ၊ လိပ်ဥဖွက်တမ်း ကစားခြင်း ၊ စသည့် စသည့် တော်တော်များများ ကစားခဲ့ဖူးပါတယ် ..။ တချို့ကိုတော့ ဘယ်လိုခေါ်တယ်ဆိုတာ မေ့နေလို့ မှတ်မိသလောက်ပဲ ဖော်ပြနိုင်ပါတယ်။
တူတူပုန်းရာမှာ ကစားရတာ တော်တော် ဥာဏ်သုံးပြီး စိတ်ကိုထိန်းရပါတယ် ..။ ကစားရာတွင် ကစားသူ အနည်းငယ်မှသည် ဆယ်ယောက်ပတ်ဝန်းကျင်အထိ ကစားနိုင်ပါတယ် ..။ စစခြင်း မဲချပါတယ် မဲချရာမှာလည်း ..။ သစ်စတစ်ခုကို ကိုယ်ညှပ်ချင်တဲ့ လက်ကြားမှာ ညှပ်ပြီး လူဆယ်ရောက်ဆိုရင် လက်ဆယ်ချောင်းလုံး ကွေးပြီး သစ်စ ဘယ်အထဲ ရှိလဲ မသိအောင် ဖွက်ပြီး မဲရွေးခိုင်းပါတယ် ။ သစ်စ ကျတဲ့သူဆိုရင် ပထမဆုံး စပြီး မျက်စိမှိတ် ရပါတယ် ။ မျက်စိမှိတ်နေစဉ်အတွင်း ကျန် ကစားဖက်တွေက သူမသိနိုင်တဲ့ နေရာကို ပုန်းရပါတယ် ။ကစားဖက်တွေ ပုန်းချိန်ရဖို့ မျက်စိမှိတ်ပြီး ၁ ကနေ ၁၀၀ အထိ ရေတွက်ရပါတယ် ။ ရေတွက်ပြီးရင် ထို မျက်စိမိတ်သူကနေ မျက်စိဖွင့်ပြီး လိုက်ရှာဖို့ ရှာလို့ ရပြီလား ဟု အချက်ပေးရပါတယ် ။ ဘာသံမှ ထွက်မလာရင်တော့ ရပြီဆိုတဲ့ သဘောပေါ့ ..။ အဲ့ဒီအချိန်မှာ လူအရေအတွက် ပြည့်အောင် ရှာပါလေ ။ လူအကုန်လုံးဖော်နိုင်တယ်ဆိုရင်တော့ သူ့မျက်စိမှိတ်အလှည့် လွတ်ပြီပေါ့ .. ။ ပထမဆုံးဖော်ထုတ်ခံရသူက သူ့နေရာမှာ အစားဝင်ပြီး တလှည့် မျက်စိမှိတ် လိုက်ရှာရပါတယ် ။ ဒါကတော့ တူတူပုန်းတမ်း ကစားခြင်းပါ ။
တွတ်ထိုးတမ်း ကစားခြင်း
တွတ်ထိုးတမ်းကစားရမှာ တွတ်ထိုးသူဟာ ပါးစပ်ကနေ “တွတ်.. တွတ်.. တွတ်… တွတ် ..” နဲ့ အဆက်မပြတ် အော်ပြီး တဖက်သူကို လိုက်ခုတ်ရပါတယ် (လက်နဲ့ ထိအောင် လုပ်ရပါတယ် .).။ ကစားရာမှာ အဖွဲ့ နှစ်ဖွဲ့ ခွဲရပါတယ် ။ အဖွဲနှစ်ဖွဲ့ရဲ အလယ်မှာ စည်းမျဉ်းထားရပါတယ် .. ။ နောက်ပြီး တဖက် တလှည့်စီ စတင်ပြီး ကစားရပါတယ် .။ တွတ်ထိုးသူအများစုဟာ သန်မာအောင် အားထုတ်ရပါတယ် .. တဖက်က ကိုယ့်ကို ဝိုင်းဆွဲရင် အဲ့ဒီဘက်ကနေ ကိုယ့်ဘက် စည်းထိရောက်အောင် မနည်း ပြန်လှည့်ရပါတယ် ပြန်မရောက်နိုင်ခဲ့ရင် သို့မဟုတ် တွတ်သံ အဆက်ပြတ်ခဲ့ရင် သေတယ်လို့ယူဆပြီး ဘေးကနေ အဲ့ဒီ ပွဲတစ်ပွဲ ပြီးအောင် ထိုင်စောင့်ရပါတယ် ..။ ထိုသို့မဟုတ်ပဲ တဖက်က သူတွေက ဝိုင်းဆွဲတဲ့အချိန်မှာ တွတ်အော်သံလည်း မပြတ်ပဲ ကိုယ့်ဘက် စည်း ပြန်ရောက်နိုင်ခဲ့ရင် တဖက်က ကိုယခုတ်ခဲ့တဲ့ ၊ ထိခဲ့တဲ့သူအားလုံး သေတဲ့ပုံစံဖြင့် ဘေးထွက်ထိုင်ရပါတယ် .။ ကိုယ်က တစ်ယောက်မှ မထိခဲ့ဘူးဆိုရင်တော့ ကိုယ့်ဘက်မှာ ပြန်လှည့်နေနိုင်ပါတယ် . ။ ဒါဟာ တွတ်ထိုးခြင်း စည်းမျဉ်းပါ ။ ပျော်စရာ အရမ်းကောင်းပါတယ် ။ စိတ်လှုပ်ရှာစရာ လည်း အရမ်းကောင်းပါတယ် ။ နှစ်သက်မိတဲ့ ကစားနည်းတစ်ခုပါပဲ ..။
ဗူးသီးပစ်တမ်း ကစားနည်း
ဒီနည်းကတော့ နယ်ဘက်မှာ မိန်းကလေးရော ယောက်ျားလေးရော ရောနှောပြီး ကစားကြတာပါ ..။ ဒီကစားနည်းမှာ ပျော်ရွှင်မှုတွေ ၊ ယှဉ်ပြိုင်မှုတွေ ၊ ပြေးရလို့ ကျန်းမာမှုတွေ ၊ အဖွဲ့ဖြင့် ကစားရလို့ စည်းလုံးမှုတွေ ၊ မျက်စိလျင်လျင် ထားရလို့ ဖြတ်လတ်မှုတွေ ၊ပြိုကျပြီး လွှင့်စင်နေတဲ့ နို့စည်ပုံးလေးများကို စုပြီး စနစ်တကျ ဆင့်ရတာမို့ ပြီးခါနီးထိ သည်းထိတ်ရင်ဖို စိတ်ခံစားချက်များ ဖြစ်မှုတွေ ရရှိပါလိမ့်မယ် ..။ အဲ့ဒီကစားနည်းက နယ်ကျေးရွာတွေဘက်မှာ သဘာဝကျကျ ကစားနည်းလေးပါပဲ ..။ သူက အဖွဲ့ တဖက်စီ လူအရေအတွက် အတူတူ ခွဲပါတယ် .။ နို့စီဗုံး ၇လုံး၊ ၈လုံးလောက်ကို ဆင့်ထားပြီး ဆယ်ကိုက်အကွာလောက်မှ ထိုဆင့်ပြီးသားနို့ဆီပုံးခွံကို ပြိုအောင်ပစ်ရပါတယ် တစ်ယောက်မမှန် နောက်တစ်ယောက် စနစ်ဖြင့် ပစ်ရပါတယ် ။ ပစ်ပြီး ပြိုကျသွားရင် ပစ်တဲ့ဘက်က အဆင့်လိုက် တစ်လုံးမကျန်ပြန်ဆင့်ရပါတယ် ဆင့်လို့ရပြီးသွားရင် တဖွဲ့လုံး “ဗူးသီး” ဆိုပြီး ထအော်ကြပါတယ် ။ တဖက်ကလည်း ပစ်လိုက်တဲ့ ဘောလုံးဖြင့် နို့ဆီပုံးခွံကိုလာဆင့်မဲ့သူကို ပြန်ပြီး လိုက်ပစ်ပေါက်ရပါတယ် ထိရင်သေ သဘောမျိုးပေါ့ ။ သေသွားတဲ့သူက ရပ်နားပြီး ဘေးက ထိုင်ကြည့်ရုံပါပဲ ။ ဘောလုံးဖြင့် ပစ်ပေါက်လိုက် ထွက်ပြေးလိုက် ။ ဘောလုံးအဝေးရောက်နေရင် လာဆင့်လိုက် စသဖြင့် စိန်ပြေးတိုင်း ကစားသလိုပဲ ပျော်စရာ ကောင်းပါတယ် ။ ရှိသမျှ နို့ဆီဗုံးတွေ အကုန် ဆင့်ပြီးပြီဆိုရင်တော့ အောင်မြင်တဲ့ အချိန်ပါ ။ နောက်ဆုံးသတ်အနေနဲ့ ဖြိုချခဲ့တဲ့ အသင်းက “ ဗူးသီး ” ဆိုပြီး အော်လိုက်ချိန်မှာတော့ ထိုအသင်းအတွက် အပျော်ဆုံးအချိန်ပါပဲ ..။ တခါတခါ ဗူးသီး အော်ခါနီး ယိုင်နဲ့နဲ့နဲ့ ပြန်ပြိုသွားတာတွေ ဖြစ်တဲ့အခါ အားလုံးက “ဟာ” ဆိုပြီး အာမေဋိတ်အသံများဖြင့် ထအော်ကြပါတယ် ..။ တကယ်ပျော်စရာပါ .။ နှစ်သက်မိတဲ့ ကစားနည်းပါပဲ ..။
မျက်စိမှိတ် ပြီး နဖူးတို့တမ်း ကစားနည်း
ဒီနည်းကလေးကတော့ သရုပ်ဆောင် အတတ်ပညာကို အစပျိုးပေးလိုက်တဲ့ နည်းလို့ ကျနော် တွေးပြီး ယူဆမိပါတယ် ..။ ဘယ်လိုကြောင့်လဲဆိုရင်တော့ ဆက်လက်နားထောင်ကြည့်ပါ ..။ ဒီကစားနည်းမှာ တဖက်ကို လူအညီ စီ ခွဲခြားသတ်မှတ်ပြီး ကစားတဲ့ နည်းပါ ..။ တဖွဲ့နဲ့တစ်ဖွဲ့ဟာဆယ့်လေးငါးလှမ်း အကွာစီခွာပြီး အတန်းလိုက် ထိုင်နေရပါတယ် .. ။ တဖက်ကို ခေါင်သူကြီး လို့ ခေါ်တဲ့ ခေါင်းဆောင်တစ်ယောက် စီ ရှိပါတယ် .. ။ သူက တဖက်အသင်းသားကိုမျက်စိမှိတ်ရမဲ့သူပေါ့ ။ တဖက်အသင်းရဲ့ အစဉ်လိုက် တစ်ယောက်ချင်းစီမှိတ်ရပါတယ် .. ။ နဖူးတို့မဲ့သူဖက်ကတော့ တို့ချင်တဲ့သူတို့ပါ ပြီး အတို့ခံ တခြားအသင်းသားက ဘယ်သူတို့တာလဲဆိုတာကို ဖြေရပါတယ် ..။
အဖြေလွဲသွားရင် အမှတ် မရပဲ ဖြေလိုက်လို့ မှန်ရင် ထိုအသင်းဘက်က တမှတ်ရပါတယ် ။ ဒီလိုနဲ့ တဖက် တလှည့်နည်းဖြင့် မှိတ်ပြီး အမှတ်များတဲ့ဘက်က နိုင်တဲ့ ကစားနည်းပါ ။ ဒီကစားနည်းမှာ တို့တဲ့ဘက်က အတို့ခံရမဲ့သူ မသိအောင် ဥာဏ်နီဥာဏ်နက်သုံးပြီး တို့ပါတယ် .. လမ်းကို အဖြောင့်အတိုင်းမသွားတာတို့ ၊ ခြေသံမကြားအောင် လမ်းလျှောက်တာတို့ ဖြင့် လှည့်စားပြီးတို့ပါတယ် ။ ဒါမှ ဖြေရတဲ့သူ အဖြေလွဲမှာလေ .။ နောက် ဖြေတဲ့သူကလည်း စူးစမ်းရပါတယ် .. ဘယ်သူလဲဆိုတာကိုပေါ့ ..။ အများအားဖြင့်တော့ ရမ်းသမ်း ဖြေရပါတယ် ။ နောက် တဖက်အသင်းသား မျက်လုံးတွေ ၊ ကိုယ်အမူအရာတွေကို လိုက်ကြည့်ပါတယ် ..။ မသင်္ကာရင်တော့ တရားခံ ဒင်းပေါ့ .. J ဆိုပြီး ဖော်ရတာပါ။
တဖက် အသင်းသားတွေကလည်း ကိုယ်မတို့ပဲ ကိုယ်တို့သလိုလိုဘာလိုလိုနဲ့ အိုက်တင်တွေဖြင့် ဟန်ဆောင်ပြီး နေကြပါတယ် ။ ဖြေတဲ့သူ လွဲရင်တော့ “ဟေး… ” ဆိုပြီး သံပြိုင် ထအော်ကြပါတယ် ..။ ဖြေတဲ့သူကလည်း တို့တဲ့သူ အမှန်ပေါ်ဖို့ အသည်းအသန် ရွေးရသလို တို့တဲ့သူတွေဘက်ကလည်း ဖြေတာလွဲသွားဖို့ ခပ်တည်တည်သို့မဟုတ် မသိချင်သယောင်ယောင်ဖြင့် သရုပ်ဆောင်ကြရပါတယ် ..။ အဲ့ဒီကစားနည်းက တွေးခေါ် စဉ်းစား ဆုံးဖြတ်မှုတွေကို တိုးတက်စေလာနိုင်ပါတယ် ..။ လူကဲခတ်နည်းတွေလည်း တတ်လာနိုင်ပါတယ် ။ ဒါကြောင့် နှစ်သက်မိပါတယ် ..။
ထုတ်စီးထိုးကစားခြင်း ၊ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ကစားခြင်း ၊ လိပ်ဥဖွက်တမ်း ကစားခြင်း စတာတွေက လည်း စိတ်ဝင်စားစရာ နဲ့ ပျော်စရာ ကောင်းတဲ့ ကစားနည်းတွေပါပဲ ..။ ကဲ ဒီညတော့ အိပ်ချိန်ရောက်ပြီမို့ ကစားတာ ရပ်ကြပါစို့ ဗျာ.. ။ အိမ်ရောက်ရင် ဘုရားရှိခိုးပြီး အိပ်ပါတော့မယ် ..။ မနက်ကြ ကျောင်းသွားရမှာမို့ မေမေက စောစောအိပ်တဲ့ ..။ ဒါကြောင့်မို့ အိပ်ပါပြီ .. 😛 ။
း) ငယ်ငယ်က ဖြတ်သန်းခဲ့တဲ့ ကစားနည်းတွေနဲ့ အတွေးတွေပါ ..။ တခါတခါများဖြင့် အခွင့်ကြုံခဲ့မည်ဆိုရင် ကလေးများဖြင့် ထိုကစားနည်းတွေကို ကစားကြည့်ချင်ပါသေးတယ် ..။
ဘာနေ
20-10-2011
ဘာနေေ၇
ဒီစာလေးကို ဖတ်ပြီး ငယ်ငယ်က လသာသာမှာ သူငယ်ချင်းတွေနဲ့ တွတ်ထိုးတမ်း ကစားခဲ့ ကြတာကို သတိ၇တယ်။
ဘယ်တော့ မှပြန်မ၇ နိုင်တော့ တဲ့  ငယ်ဘ၀လေးပေါ့ ။။
လွမ်းမိပါတယ် ငယ်ဘ၀ကို….
ပို့စ်လေးကို ဖတ်ပြီး သိပ်ကိုပျော်ရွှင်သွားမိတယ်။ ငယ်တုန်းကအကြောင်းတွေကိုလည်း ပြန်သတိရမိတယ်။
ခင်တဲ့
မေသိမ့်
ဘာနေရေ…. http://www.moba4all.org မှာလည်း ပို့စ်လေးတွေ လာတင်ပေးဖို့ ဖိတ်ပါတယ်ရှင်။ မိုဘာဆိုတာ ဆိုရှယ်ဆိုက်လေးပါ။ ခင်တဲ့ ဘလော့ဂါတွေကို အတတ်နိုင်ဆုံးစုထားတာပါ။ ပျော်ရွှင်ဖို့ကောင်းပါတယ်။ မျှော်နေပါ့မယ်။
ဒီပို.စ်လေးကု ဖတ်ပြီး အပူအပင် ကင်းတဲ. ကလေးဘ၀ကို ပြန်လည်းသတိ ရမိတယ်။
ငယ်ငယ်တုန်းကတော့ ထမင်းရေပူလောင်မှာကြောက်ခဲ့ပါတယ် ။ ထမင်းရေပူလောင်ရင်သေတာကိုးဗျ ။
ကြီးလာတော့လည်းကြောက်နေရတာပါပဲ။ ၀မ်းအပူလောင်မှာကိုပေါ့။
ငယ်ငယ်တုန်းက မထွေးအသားခါးရင် ချောင်းငယ် ၊ မြစ်ငယ် ၊ ပင်လယ်ရေနဲ့ဆေးခဲ့တယ်ဗျာ။
ခုချိန်မှာ မထွေးအသားခါးတော့ ဘာရေနဲ့ဆေးမလဲ။ ကျေးဇူးပါ။
>>ဟုတ်တယ် သူငယ်ချင်း .. ငယ်ဘဝကို ကျနော်လည်း သတိရမိတော့ ရေးဖြစ်သွားတာ .. အဲ့ဒီအချိန်တွေ ဘယ်တော့မှ ပြန်မရတာတော့ သေချာတာပေါ့ဗျာ …း)
>>မမေသိမ့် . ကျနော် မန်ဘာဝင်ထားပါတယ်ခင်ဗျ ..း)
>>လာရောက်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် mya ရယ် ..း) …
>>ငယ်ငယ်က ငယ်ဘဝပေါ့ဗျာ ကြီးလာတော့လည်း ကြီးဘဝပေါ့ ငယ်ငယ်က ကြီးတဲ့ ဘဝကို မရောက်နိုင်သေးသလို ကြီးလာတော့လည်း ငယ်ဘဝကို ပြန်မရောက်နိုင်ဘူးဗျ .. မိတ်ဆွေကြီးရယ် ပြဿတိုင်းမှာ အဖြေရှိပါတယ်ဗျာ ..း)
ချက်ချင်းကိုပြန်လိုက်လာတယ်ဘယ်ရမလဲ…..
မိဂျက်ပါနော်….ချစ်သက်တမ်းက ၆နှစ်လေ လက်ထပ်ပြီးပါပြီ
ဒါပေမယ့်ဒီလကိုရောက်ရင်အမြဲနှစ်ပတ်လည်တော့လုပ်တယ်…ပြောချင်တာတွေပြောနေတာနဲ့
ဖတ်လိုက်တဲ့စာတောင်ပျောက်နေပြီ…
ဒီပိုစ်လေးကိုဖတ်ပြီးခလေးဘ၀ကိုတော့သတိရနေမိတယ်…မထွေးအသားခါးတယ်နော်…jasmine
အသားကတော့ချိုတယ်….နှလုံးသားလဲဖြူပါတယ်
ကိုယ့်ဟာကိုပြောတာနော်….ခင်တဲ့ jasmine
အဲ .. ဟီး .. မသိလို့နော် .. ချစ်သက်တမ်း ခြောက်နှစ်ဆိုတော့ ကျနော့်လည်း ထင်မိထင်ရာ ထင်ကြောင်းပါ ..
ခုလို နှစ်ပတ်လည် တွေ လုပ်ဖြစ်တယ်ဆိုတော့ ဝမ်းသာကြောင်းပါ
နောက်ထပ် နောက်ထပ် နှစ်များလည်း နှစ်ပတ်လည်တွေမှာ ပိုပြီး ပျော်ရွှင်ပါစေဗျာ ..