ခါတော်မှီဖို့ ကြုံခဲသည်

ခုတလော ကျနော် စာရေးပျင်းနေပါသည် .။ စာရေးဖို့ စိတ်ကူးရှိပေမဲ့ ဟိုတို့တိ ဒီတို့တိ ရေးရင်း ရေးရင်း ဟိုမရောက် ဒီမရောက်နဲ့ အဆုံးသတ်ထားရတဲ့ ရေးလက်စ အကြောင်းအရာလေးတွေလည်း ရှိခဲ့ပါသည် .။ ယခု ဘာနေသည် တည်ငြိမ်နေတဲ့သူ မဟုတ်လေသောကြောင့် အတွေးများသည်လည်း တစ်သွေးတစ်သံတည်း မဖြစ်နေတာကိုတော့ ဝန်ခံရင်း တောင်းပန်ပါသည်.။ ဒီဘလော့ စာမျက်နှာမှာ တရားဓမ္မအကြောင်း ပါသည်.။ လူငယ်တွေအတွက် ပြောချင်တာတွေပါသည်။ အချစ်အကြောင်း အနည်းငယ်ပါသည်.။ ဖြစ်လေ့ဖြစ်ထရှိသော လူ့အပြုအမူလေးများပါသည် ။ ဒါတွေ အကုန်လုံးသည်ပင် ကျနော့်အတွေးများမှ စီးဆင်း လာခြင်းဖြစ်သည် ။ ကျနော့် အတွေးက စီးဆင်းလာတာသည် .. ကျနော့် စရိုက် ဖြစ်လိမ့်မည်ဟု တချို့ ခန့်မှန်းမိမည် ဖြစ်ပါသည် ..။ မှန်ပါသည် ဒီဘလော့ စာမျက်နှာတွေသည် ကျနော့် စရိုက်နှင့် ခပ်ဆင်ဆင်တူနေပါသည် ။

တခါတခါ အတွေးခေါင်သည် …။ တခါတခါ အတွေးစိပ်သည် .. ။ ကျနော်သည် ပညာရှိမဟုတ်လေသောကြောင့် အမှားဆိုတာသည်လည်း ကင်းမည် မဟုတ်ပါ။ အမှားရှိခြင်းသည် အမှန်အတွက် လမ်းစဖြစ်သည်ဆိုတာလည်း ဝန်ခံပါသည် ။ တရားဓမ္မနဲ့ပတ်သက်လို့ စာဖတ်အတွေ့အကြုံပဲ ရှိပါသည် .. ဒါကြောင့်မို့ မရင့်ကျက်သေးတဲ့ တင်ပြမှုတွေ ပါရှိနေပါသောကြောင့် သူငယ်ချင်းများအနေနဲ့ မိမိတို့သိတာရှိတာကို ဖြည့်စွက် ဝေမျှစေလိုပါသည် ..။  ဘယ်လိုအကြောင်းအရာကို ရေးပါ လို့ မတိုက်တွန်းစေချင်လိုပါ ..။ အတွေးပေါ်ရာသာ တင်ပြရလေသောကြောင့် ကြောင်းကျိုးဆက်စပ်မှု ရှိချင်မှလည်း ရှိပါမည် .. သို့သော် စာစကားတစ်ခုသည် အဓိပ္ပါယ် တစ်ခုရှိမည်မှာ မလွဲပေ ..။

စာအရေးကြဲလို့ စာရေးမယ်ဆိုပြီး အတွေးစကို ထုတ်ကြည့်မိလိုက်ပါသည် ..။ မနေ့က ၁၃၇၃ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ခဲ့သည်။ အဲ့ဒီနေ့သည် ဗုဒ္ဓဘာသာ တိုင်း အလေးအမြတ်ထားရာ နေ့တနေ့လည်း ဖြစ်တာမို့ ကျနော်လည်း ထိုနေ့ကို ထူးခြားအောင်နေမည်ဟု မိမိကိုယ်ကို ပြောပြထားခဲ့သည် .။ သို့သော် ထင်သလို မလုပ်နိုင်ခဲ့ပါ ..။ ဘာကြောင့်လဲဆိုရင် လုပ်နေကြ အကျင့်တွေက ထိုနေ့ရဲ့ ထူးခြားမှုကို မျက်နှာသာ မပေးဖြစ်ခဲ့ ..။ ဖြတ်သန်းခဲ့ပြီးတိုင်းနေ့တွေလို စီးဆင်းမြဲ စီးဆင်းခဲ့သည် ..။ ယခု ဒီနေ့ .. မနေ့ကရဲ့ နောက်နေ့ ဒီနေ့ မနက်မှာ .. အတွေးကိုပဲ အားကိုးရင်း ဘလော့စာမျက်နှာ တစ်ခု ဖန်တီးမည်ဟု တွေးနေခဲ့ပါသည် ..။ ဘယ်လိုအကြောင်းအရာလဲ ဘာတွေလဲဆိုရင်တော့ ဒီဘလော့ ခေါင်းစဉ်ကိုသာ ပြန်ဖတ်ကြည့်စေလိုပါသည် ..။ ခါတော်မှီဖို့ ကြုံခဲသည် တဲ့ …။

ကျနော်တို့ နေ့စဉ် လမ်းလျှောက်ကြပါသည် .. အလုပ်လုပ်ကြသည် .။ စားကြသည် .. စကားပြောကြသည် .. အမြဲလိုလို အသက်ရှူကြရသည် .။ လှုပ်ရှားမှုမျိုးစုံနဲ့အတူ စိတ်သွားရာလမ်းသည်လည်း မပါမဖြစ် အမျိုးအမျိုး အဖုံဖုံ ပါဝင်နေပါသည် ..။ စနစ်ကျချင်လည်း ကျမည် ..။ ဖရိုဖရဲ ဖြစ်နေချင်လည်း ဖြစ်နေမည် ..။ အဝေးကို ငေးမျှော်ချင်လည်း ငေးမျှောမည် ..။ ထိုင်ကာ တွေးချင်လည်း တွေးမည် ..။ ဘာပဲဖြစ်ဖြစ် ထိုနေ့သည် 24 နာရီဖြင့် တည်ဆောက်ထားခြင်းမှာ ပုံသေဖြစ်သည် ..။ ပုံသေမဟုတ်တာကတော့ ကျနော်တို့ သက်တမ်းဖြစ်သည် .။ ခဏလေးနဲ့ ကုန်ချင်ကုန်သွားမည် .. သက်တမ်းစေ့ နေရချင်လည်း နေရနိုင်သည် ။ မျက်စိတမှိတ်အတွင်းလည်း ပျက်စီးသွားနိုင်သည် .. ။ ဘယ်လိုပဲ ရှည်ကြာကြာ နောက်ဆုံး ပျက်စီး သေဆုံးကြရပါမည် ..။ ခက်သည်က လူဟု ဖြစ်တည်လာခြင်းရဲ့ ဂုဏ်သတ္တိပဲဖြစ်သည် ..။ လူတစ်ယောက် လူလို အသက်ရှင်ပြီး လူလိုကျင့်ကာ လူတစ်ယောက်အသွင်ဖြင့် အဆုံးသတ်ဖို့ပဲ ဖြစ်သည်။

လူတစ်ယောက်မှာ စိတ်ကူးအာရုံသည် … လွယ်လွယ်ပြောင်းလိုရပေမဲ့ တာရှည်ခံမှုမရှိ ထပ်ခါထပ်ခါ မလုပ်သ၍ ထိုစိတ်ကူးဖြစ်စဉ်သည် ပျက်သုဉ်းသွားအုံးမည်မှာ သေချာပါသည် ..။ နေ့စဉ် လုပ်နေကြ အကျင့်နဲ့ အပြုအမူများကသာ လက်ရှိပိုင်ဆိုင်တဲ့နေ့ကို  ဗီဇအဖြစ် ဦးစီးဦးဆောင် စီမံခန့်ခွဲနေအုံးမည်သာ ဖြစ်သည် ..။ ခုခေတ် တက်ကျမ်းတွေမှာ ပြောသလိုပဲ ကိုယ်လိုချင်တဲ့ စရိုက်အတွက် အပြုသဘောဖြင့် ပြုပြင်ပြောင်းလဲမှသာ လက်တွေ့ထိရောက်မှု ရှိလာမှာပါ ..။ ကျနော်တို့အနေနဲ့ ကောင်းမှုတွေ ၊ ကောင်းတဲ့ အကျင့်တွေကို တစ်ခါလုပ်ပြီး ထပ်မမေ့စေပဲ ထပ်ခါထပ်ခါ လုပ်ပေးခြင်းဖြင့် ပါရမီဟုခေါ်သော အကျင့်စိတ် ဖြစ်တည်လာပါလိမ့်မယ် ။ မိုးကုတ်ဆရာတော်ဘုရားကြီး သတိပေးသွားတဲ့ စကားလေးကိုဖြင့် လူတိုင်း မှတ်သားသင့်ပါတယ် ..။ “ရင့်ရင့် မရင့်ရင့် ကျင့်သာကျင့် အရင့်ဖြစ်မြဲသာ” ဆိုတဲ့ ဆုံးမစကားလေး ဟာ… ကျနော်တို့အတွက် အားတက်ဖွယ်ပါ ..။ ဘယ်လို ပုံစံ အကျင့်ကောင်းတွေကိုမဆို ကျနော်တို့ အဲ့ဒီစံလေးနဲ့ နှလုံးသွင်းကျင့်စေချင်ပါတယ် ..။ သဘောမှာ ထပ်ခါထပ်ခါ လုပ်ဆောင်ပေးခြင်းဖြင့် ပါရမီဆိုတာ ဖြစ်လာတာမို့ပါ ..။

လူတိုင်းလိုလိုမှာ .. “ငါဟာ တရားရိပ်မှာ ခိုလှုံရရင် ဘယ်လိုလေးကျင့်မယ် ၊ ဘယ်လိုလေးနေမယ် ၊ ဘယ်လိုလေး စားသောက်မယ် ၊ ဘယ်သို့ နှလုံးသွင်းပြီး ကိုယ်ပိုင်တဲ့ တနေ့တာကို တရားဓမ္မ ဝိပဿနာ နည်းတွေဖြင့် ဖြတ်သန်းမယ် ” စသဖြင့် တွေးမိကောင်းတွေးမိကြပါလိမ့်မယ် ..။ ကျနော်တွေးကြည့်ပါတယ် .. အဲ့ဒီလိုအချိန်တွေဟာလည်း ယခုကျနော်တို့ ပိုင်ဆိုင်တဲ့ နေ့တွေလိုပဲ 24 နာရီထက် မပိုဘူး မထူးခြားပါဘူး ..။ ဘဝအစိတ်အပိုင်းအတွင်းက တစ်ရက်ချင်း အတူတူပါပဲ ..။ ဒါပေမဲ့ ခံယူချက် စိတ်နှလုံးမှာတော့  ထူးခြားနေနိုင်ပါတယ် ..။ အကယ်၍ ကျနော်တို့တတွေဟာ သေသည်အထိ အဲ့လိုနေရာတွေကို မရောက်နိုင်ဘူး ဆိုရင် ဘယ်လိုလုပ်ပါမလဲ ။ ဘာတွေနဲ့ ကိုယ့်ဘဝကို တန်ဖိုးရှိအောင်လုပ်ရမလဲ ဆိုတာကတော့ ထင်သလို မဖြစ်သေးတဲ့ ကျနော်တို့လို ဘဝပိုင်ရှင်တွေအတွက် တွေးစရာပါပဲ ..။

“ငါတော့ဖြင့် တရားစခန်းမဝင်ရလို့ တရားကိုမလုပ်နိုင်ပါဘူး ” လို့ ကိုယ့်ကိုယ်ကို ညည်းနေသူများအဖို့ သတိပြုစေချင်ပါတယ် ..။ တကယ်တော့ တရားဟာ မိမိစိတ်အိမ်မှာသာတည်တာပါ .. ပတ်ဝန်းကျင်မှာ တည်တာမဟုတ်ပါဘူး။ မန်းတောင်ရိပ်ခိုမှ တရားရတာ မဟုတ်ပါဘူး ဘယ်အရိပ် ၊ ဘယ်နေပူမှာပဲ နေနေပါစေ တရားရှိအောင်နေတဲ့စိတ်ဟာ တရားရမှာပါပဲ ..။ အေးချမ်းတဲ့ ရေမြေတောတောင် ၊ တရားရိပ်သာ ..၊ စစ်ကိုင်းတောင် တွေလိုနေရာတွေမှာ သွားပြီး တရားအားထုတ်နိုင်ရင်တော့ ကောင်းပါတယ် ။ သို့သော် မလုပ်နိုင်သူက များနေပါတယ်..။ တချို့လည်း လုပ်နိုင်ပါတယ် ..။ တချို့လည်း ငြိမ်းအေးကြပါတယ် .. ။ တစ်ချိုးလည်း ငြိမ်းအေးချင်မှ ငြိမ်းအေးပါမယ် ..။   တရားစခန်းမှာနေပြီး တရားရှိအောင် မနေတဲ့စိတ်ထက် အလုပ်မှာနေပြီး တရားရှိအောင်နေတဲ့ စိတ်က တရားရလာမှာပါပဲ ..။ မြင်မြင်သမျှ တရားရှုတတ်ရင် မိမိစိတ်အိမ်မှာ တရားကိန်းလာပါလိမ့်မယ် ..။ နေ့စဉ် ပြုမူနေကြ နိစ္စဓူဝ အလုပ်တွေမှာကိုပဲ မိမိစိတ်အစဉ်က တရားနဲ့ လုပ်ကိုင် ပြုမူမယ်ဆိုရင် ကြာလာတဲ့အခါ ပါရမီရင့်သန်ပြီး သူတော်ကောင်းများ အလိုရှိရာနေရာကို ရမှာ မလွဲပါဘူး ။

ယခုခေါင်းစဉ်မှာလည်း ခါတော်မှီဖို့ ကြုံခဲသည် ဆိုပြီး ပေးထားပါတယ် ။ ဘယ်အတွက်လဲဆိုရင်တော့ မိမိဘဝကို အမှုမဲ့ အမှတ်မဲ့ နေနေတဲ့သူတွေအတွက်ပါ ..။ အများသိနေကြ စကားအတိုင်း လူအဖြစ်ကိုရဖို့ ခဲယဉ်းပါတယ် .. ခုလိုတရားစကားတွေကို နားလည်ဖို့ တော်တော်ခဲယဉ်းပါတယ် ..။ ဒါကြောင့် ခုဖတ်နေသူအတွက် တရားသဘောတွေကို နားလည်နေခြင်းဟာ ကံကောင်းတယ်လို့ ကျနော်ဆိုချင်ပါတယ် ..။ ဘာကြောင့်လဲဆိုရင် မိမိကိုယ်တိုင် စိတ်မှာကိုပဲ ဒီတရားသဘော ဘယ်လိုရှိတယ်ဆိုတာကို ဆင်ခြင်တတ်သွားတဲ့ အတွက်ကြောင့်ပါ ..။ ခုလိုတရားစကားပြောလို့ မင်းက စကားကြီးစကားကျယ် နဲ့ လို့ ပြောရင်လည်း ကျနော် မည်သို့မျှ စိတ်မခု စိတ်မဆိုးပါဘူး .. ခုက ကျနော့်စိတ်မှာ မှန်သည်ဟု ထင်တာကို မျှဝေခြင်းပါ.။ ဒီမျှဝေခြင်းကနေ စာဖတ်သူအတွက် အတွေးကောင်းရလဒ် အနည်းငယ်မျှ ရရှိသွားရင်ဖြင့် ကျေးဇူးတင် ကျေနပ်နေမိမှာပါ …။

ခါတော်မှီနေပါသည် ..။ ကံကောင်းဖို့ ကောင်းတဲ့ကံတွေလုပ်ကြပါ..။

ဘာနေ

13-10-2011

 

Advertisements

4 thoughts on “ခါတော်မှီဖို့ ကြုံခဲသည်

  1. တရားရှာကိုယ်မှာတွေ့တဲ့…။ ဘယ်နေရာရောက်နေနေ ကိုယ်တိုင်က ငြိမ်းအေးအောင်နေတတ်ရင် အပူလျော့ပါတယ်။
    ဒီလိုပို့စ်ကောင်းလေးအတွက်ကျေးဇူးတင်ပါတယ်။

    ခင်တဲ့
    မေသိမ့်

  2. ဟုတ်ကဲ့ လာရောက် ဖတ်ပေးတဲ့အတွက် မမေသိမ့်ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျာ .. လူတစ်ယောက်ဟာ မိမိကိုယ်ကိုယ် သတိထားကြည့်လိုက်ရင် ဘာလုပ်ရမယ်ဆိုတာ အဖြေပေါ်လာတတ်ပါတယ် ..။

  3. ကျေးဇူးတင်ပါတယ်ဗျာ တစ်ခါတလေ ဘာကိုမှန်းမသိပဲ ဘာသာရေးမလုပ်ဖြစ်တော့ လူက နုံးချိ ပင်ပန်းလွန်းလို့ ဒါပေမယ့် ဘုရား တရား ကိုတော့ အမြဲတမ်းနှလုံးသွင်းမိပါရဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးပါ ကိုဘာနေ သတိလေးပြန်ရသွားတယ် ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s