ဒီမနက်

နိုးထလာတဲ့အခါ

ဒီမနက် ဒီလိုတွေးမိသွားလို့ ခေါင်းစဉ်ကို ဒီမနက် ဆိုပြီး တင်ပြထားတာပါ .. ။ ဘယ်လိုအတွေးမျိုးလဲဆိုရင် .. မနက်စောစော အိပ်ယာအထမှာ ကိုယ်ကိုယ်တိုင် ဘာတွေစဉ်းစားနေမိလဲဆိုတာ သတိထားမိလိုက်တော့ … ချေချေမြစ်မြစ်မရှိတဲ့ အတွေးတွေပဲ တွေးပြီး အိပ်နေသလိုနဲ့ နိုးထနေရင်း  အိပ်ယာပေါ် ပက်လက်လှန်စဉ်းစားနေတဲ့ပုံစံ ။ ဘာစဉ်းစားနေလဲဆိုရင် အရေးမပါတဲ့အတွေးတွေချည်းပဲ .. ခက်တာက .. ဘာလို့မြန်း ဒါတွေပဲ အတွေးထဲ ဝင်နေတာပါလဲ ဆိုတာပါ။ အဲ့ဒီအချိန် ထပ်စဉ်းစားမိပြန်တာကတော့ .. ကိုယ်ကိုယ်တိုင် ပရမ်းပဒါ ဖြစ်နေတဲ့ အတွေးတွေကို လက်ခံစဉ်းစားမိလို့ ဒီအတွေးတွေပဲ မိမိခေါင်းထဲ ဝဲလှည့်နေတယ်ဆိုတာပါ ပဲ ။

ဖြစ်နေကြတာ .. ဒီလို

တကယ်တော့ စိတ်ကသာတွေးလေတော့  လက်တွေ့ မှာ ဘာမှမထင်ပေါ်ဘူးထင်ရပေမဲ့ တနေ့တာအတွင်းမှာ ကိုယ်တွေးတဲ့အတွေးတွေက ဘဝအတွက် တော်တော်အရေးပါတယ်ဆိုတာ သတိထားမိသူ နည်းပါတယ် ။ အတွေးအာရုံတွေကလည်း သဘာဝအားဖြင့် ထင်ရာစိုင်းတတ်တဲ့ အမျိုးပါ ။ သတိမထားမိလေ သူတွေးချင်ရာ ရောက်ချင်ရာ ရောက်လေပဲ ။ အဲ့ဒီလိုနဲ့ လတ်တလော ပေါ်လာရာ အမြင်၊ အကြား ၊ အတွေ့တွေ မှာလည်း လိုက်ပြီး ရောက်တတ်ရာရာ တွေးမိပြန်ပါတယ်  . ။ အဲ့ဒီလိုနဲ့ ကျနော်တို့ ပိုင်ဆိုင်တဲ့နေ့တွေကို ထင်ရာစိုင်းတဲ့ အတွေးတွေအတွက်  ပေးဆပ်ခဲ့ရတာပါ ။

အများလည်းသိကြပါတယ် ။

သဘာဝမို့ သဘာဝပါလို့ ဆိုပေမဲ့ လူတိုင်းလူတိုင်းဟာ ..  ထူးခြားခြင်းနဲ့ တန်ဖိုးကို မြတ်နိုးကြတာပါပဲ ။ အဲ့ဒီလိုမြတ်နိုးစိတ် ရှိလေ ကိုယ့်ကိုယ်ကို သတိထားဖို့လိုလေပါပဲ ..။ အမှန်တကယ် ကျနော်တို့တတွေဟာ  ကြီးပွားချင်ကြတယ် ၊ ချမ်းသာချင်ကြတယ်၊ မြင့်မြတ်ချင်ကြတယ် ၊ ဘဝမှာ တန်ဖိုးရှိချင်ကြတယ်..၊  သူများတွေထက် ဦးဆောင်မှုလည်း ကောင်းချင်ကြတယ် ။ အဲ့ဒီလိုတွေ ဖြစ်ချင်ကြတဲ့ ကျနော်တို့ အတွက် ယခု ဒီမနက် ကျနော်တွေးမိတာလေးက အကျိုးပြုမိမယ်ထင်လို့ တင်ပြကြည့်လိုက်တာပါ ။ ဒီအကြောင်းအရာကလည်း စာရေးဆရာတော်တော်များများက ဖော်ပြဖူးပြီးသားပါ ။ သို့သော် ကျနော်ကိုယ်တိုင် သိသလိုလိုနဲ့ အမှုမဲ့ အမှတ်မဲ့ နေဆဲပါပဲ ။ တခြားသူတွေလည်း ဒီလိုဖြစ်နေမယ်ဆိုတာ အသိသာကြီးပါ ..။ ခက်သည်က ဘယ်လို ပြုပြင်မလဲ ဆိုတာပါ ။

သိစိတ် မသိစိတ်

လိုချင်တာ ၊ ဖြစ်ချင်တာ ၊ ရချင်တာကို ကိုယ့်ရဲ့ တနေ့တာ စိတ်အိမ်မှာ အချိန်ဘယ်လောက်ပေးထားပြီး တွေးထားမိသလဲဆိုတာပါပဲ ။ တကယ် ကြိုးစားနေတဲ့ သူတစ်ယောက်အတွက် မိမိလိုချင်တဲ့ပုံစံကို ရံဖန်ရံခါ တွေးတယ်ဆိုရင်တော့ နည်းနည်း လိုအပ်ချက်ရှိသေးတယ်လို့ ပြောရမှာပါပဲ ..။ ဘယ်လိုများကြောင့် လိုအပ်လဲဆိုရင် ..။ ကျနော်တို့ နေ့စဉ်တွေးစိတ်မှာ မသိစိတ် ဟုဆိုအပ်သော ဘာမှမသိသလိုဖြစ်နေတဲ့ စိတ် 😀 ၊ သိစိတ်ဟုဆိုအပ်သော ယခု စာဖတ်နေစဉ် သိတဲ့စိတ် .. အဲ့ဒီလို မန်မိုရီ -မှတ်ဥာဏ်အပိုင်းတွေရှိပါတယ် .. ။ ဒါက ဦးနှောက်ရဲ့ ဖွဲ့စည်းမှုမှ လုပ်ဆောင်ချက်တွေပါ ။ ကျနော်တို့ နိုးထနေစဉ်မှာ သိစိတ်အပိုင်းအားဖြင့် ဦးဆောင်ပြီး သူပဲ ထင်ပေါ်တယ်လို့ သာမန်အသိဖြင့်ယူဆရပါတယ် ။ တကယ်အမှန်မှာ အဲ့ဒီအချိန် မသိစိတ်က ဘယ်ရောက်နေလဲဆိုရင် .. သူက သိစိတ်ရဲ့ အောက်ဘက်ကနေ ချောင်းပြီး မှတ်ဥာဏ်တွေအဖြစ် စုဆောင်းနေတာပါ ။

ဆယ်ပုံ့ တစ်ပုံတည်း

အရင် ပို့စ်အဟောင်း တစ်ခုမှာ လည်း ဒီအကြောင်းကိုဖော်ပြဖူးပါတယ် ။ ဘယ်လိုလဲဆိုရင် သိပ္ပံပညာအရ လူတစ်ယောက် နိုးထနေချိန်မှာ မှတ်ဥာဏ်တွေဟာ တချိန်ထဲအတွင်း မသိစိတ်အိမ်မှာ ကိုးပုံ ဝင်ပြီး သိစိတ်အတွင်းမှာ တစ်ပုံသာ ဝင်ရောက် သိမ်းဆည်းပါတယ်တဲ့ ။ ဒီလိုဆိုရင် မသိစိတ်အိမ်က အင်အားပိုကြီးကြောင်း ဖော်ပြလိုက်တာပါပဲ .။ ဒီတော့ တနေ့တာ အတွင်း ထင်ရာမြင်ရာ အတွေးကောင်းရော မကောင်းတာတွေပါ မသိစိတ်အိမ်မှာ စုဆောင်းထားမိနေပါမယ် ။ မသိစိတ်အိမ်ဟာ အမှန်အားဖြင့် မိမိစရိုက်အဖြစ် ထွက်ပေါ်လာမဲ့ မူရင်း မြစ်ဖျားခံနေရာပါပဲ ။ ကျနော်တို့ အတွေးတွေ ကောင်းလေ စရိုက်ကောင်းလေပါပဲ .. အတွေးတွေ ညံ့လေ စရိုက်က မကောင်းလေပဲ ဖြစ်လာကြတာပါ ။

အတွေးတွေကို စိစစ်ပါ

ဒီတော့ နေ့စဉ် သာမန်တွေးနေကြ အတွေးတွေကို ကျနော်တို့ အနာဂတ် လူနေမှု စရိုက်အတွက် သတိထား စိစစ်ဖို့လိုလာပါပြီ ။ လူဆိုးဟု သတ်မှတ်ခံရသော လူတစ်ယောက်ဟာ သူငယ်ငယ်က အပြစ်ကင်းစင်တဲ့ ခလေးလေး ဆိုတစ်ယောက်ပါ ။ ထို့အတူ လူကောင်းဟု ဆိုတဲ့ သူတစ်ယောက်ဟာလည်း ငယ်ငယ်က ကလေးလေး တစ်ယောက် ပါပဲ ။ ဒီလို ခလေးချင်းတူတူဆိုပေမဲ့ စရိုက်တွေ အကောင်းအဆိုး ကွဲသွားတာကတော့ စောနက ကျနော်ပြောတဲ့ လက်ခံတွေးတောခြင်းတွေကြောင့်ပါ ။ ဒီတော့ မိမိလတ်တလော တွေးနေတဲ့ အတွေးတွေဟာ မကောင်းတဲ့ အတွေးတွေဆိုရင်တော့  သတိထားပါ .. ထိုအတွေးဟာ မိမိဘဝကို ပုံဖော်မဲ့ အစိတ်အပိုင်းဆိုတာ မမှားပါဘူး ။

မကောင်းတာကိုပဲ ဖက်တွယ်တဲ့ စိတ်

သာမန်စိတ်အားဖြင့် လူ့စိတ်ဟာ တရားစကားနဲ့ ပြောမယ်ဆိုရင် ကိလေသာ ထူပြောနေတဲ့ စိတ်ပါ ။ ဘယ်လိုကိလေသာလဲ ဆိုရင် တဏှာဖြစ်တဲ့စိတ် . သာယာမှုအပေါ်မှာ ခံစားချင်တဲ့ စိတ်ပါ ။ လူတစ်ယောက် ဘာတွေးနေလဲဆိုတာ တခြားသာမန် လူတစ်ယောက်အနေနဲ့ မသိနိုင်ပါဘူး ဒီတော့ အဲ့ဒီလူဟာ သူတွေးချင်ရာ တွေးတာပါပဲ ။ ဥပမာ ဝစီကံဖြင့် မပြောအပ်တဲ့ အတွေးမျိုး ၊ ကာယကံဖြင့် မပြုလုပ်အပ်တဲ့ အတွေးမျိုးတွေကို သာယာမှုအပေါ်လိုက်ပြီး တွေးမိကြတာပါပဲ ။ အဲ့ဒီအချိန်မှာ အတွေးကို သတိမထားမိဘဲ မရပ်တန့်မိဘဲ ဖြစ်ပါက ထိုလိုတွေးလေ့တွေးထ ရှိတဲ့သူရဲ့ စိတ်အိမ်ဟာ သူတွေးသလိုမျိုးပဲ စရိုက်ဟာလည်း ပြောင်းလဲသွားပါတယ် ။  ကိုယ်ကသာ သတိမထားမိတာပါ အထက်မှာပြောခဲ့တဲ့ မှတ်ဥာဏ်သိမ်းဆည်းမှုမှာလိုပဲ  ကိုယ်တွေးထားတဲ့ အရာတွေမှာ မကောင်းတာတွေက များနေလေ ဆိုးကျိုးဖြစ်လာမှု များလေပဲ ဖြစ်နေမှာပါ ။

တွေးသလို ပုံပေါ်လာမှာပါ .

ဒီတော့ ကိုယ့်ဘဝအတွက် ရလဒ်ကောင်းကောင်းလိုချင်ရင် အတွေးကောင်းကောင်းများဖြင့်သာ စိစစ်တွေးတတ်ဖို့ လိုပါတယ် ။ ယခုအချိန်မှာ ကိုယ်ဖြစ်ချင်တာ မဖြစ်နိုင်သေးတာဟာ ကိုယ်တွေးတဲ့ အတွေးဟာ မစင်ကြယ်သေးလို့ သို့မဟုတ် လိုအပ်ချက်ရှိနေလို့ပါ ။ တနေ့တာအတွင်းမှာ မိမိကိုယ်ကိုယ် ချိန်ဆကြည့်ပါ .. ငါ ဘယ်လိုအတွေးတွေ တွေးနေလဲဆိုတာ စိစစ်ကြည့်ပါ ။ ကိုယ်တွေးတဲ့အတွေးကို ခန့်ခွဲနိုင်ပြီဆိုရင် သင့်စရိုက် သင့်ဘဝဟာ သင်လိုသလို အလိုလို ပုံပေါ်လာပါလိမ့်မယ် ။ လူတိုင်း အချိန်တိုင်း အတွေးတိုင်းနဲ့ နေ့တိုင်း ပြီးဆုံးနေကြတာပါ ။ ဘယ်လို အတွေးတွေကိုလက်ခံလဲ ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ဘယ်လို လူ ဘယ်လိုအမျိုးအစား စရိုက်တွေနဲ့ လူ ဆိုပြီး ပုံပေါ်လာမှာပါ ။

ဆန္ဒအဖြစ်

ဒီမနက် မှာ ဒီအတွေးကို ကျနော် တွေးမိပါတယ် ။ တကယ်တော့ စိတ်ဆိုတာ နက်နဲတဲ့ အရာ ပါ..။ ယခု တင်ပြထားတဲ့ ကျနော်အမြင်ဟာလည်း ပြည့်စုံချင်မှ ပြည့်စုံပါမယ် သို့သော် စာဖတ်သူအနေနဲ့ မိမိအမြင်နဲ့ ပေါင်းစပ်ပြီး မြင်ကြည့်စေဖို့ တင်ပြမိတာပါ ။ ကျနော်တို့တတွေဟာ အဲ့ဒီလို တွေးရင်း သေရင်လည်း သေသွားပါလိမ့်မယ် … ။ ကျနော့်အနေနဲ့ ကိုယ်ကိုယ်တိုင် ယခုအချိန်မှာ သေသွားရင်လည်း ဝမ်းမနည်းပါဘူးဟုသာ မိမိကိုယ်ကိုယ် ပြောနေမိမယ်လို့ ယူဆထားတာပါ ။ အားလုံးကိုယ်လည်း မိမိအတွေးတွေကို စိစစ်ရင်း ကြံ့ခိုင်တဲ့ စိတ်နှလုံးတွေ ဖြစ်လာဖို့ ပျိုးထောင်ကြပါလို့ သာ ဆန္ဒပြုချင်ပါတယ် ..။

စကားလက်ဆောင်

နေမင်းသည် ရပ်တန့်မနေသလို နေဝင်သွားခြင်းသည်လည်း ရှိနေမည်သာပါ ။ မွေးဖွားခြင်း ဖြစ်ပေါ်လာသလို သေဆုံးခြင်းဟာလည်း အိပ်ပျော်မနေပါဘူး ။ မဲမှောင်နေတဲ့ ဒီလောကကြီးမှာ အသိပညာ ဥာဏ်မျက်လုံးတွေကို ဖွင့်ထားကြဖို့ သတိပေးလိုပါတယ် ။ ကြိုးတစ်ချောင်းအတွက် အစတဖက် ရှိသလို အဆုံးတဖက် ဆိုတာလည်း ရှိပါတယ် ။

ဘာနေ

၁၃ရက် ၊ သြောဂုတ်လ ၊ ၂၀၁၁

Advertisements

2 thoughts on “ဒီမနက်

  1. အတွေးကောင်းသူ ။ ကြားဖူးမယ်ထင်ပါတယ် ။ အမြဲတမ်းမုတ်ဆိတ်လေးပွတ်ပြီးတွေးနေသူတစ်ယောက်ကိုတွေ့တော့ သမီးရှင်ဖြစ်သူက “အင်းဒီကောင်လေးတော့အကြံအစီကြီးကြီးရှိမယ်ထင်ပြီး ”သမီးနဲ့ပေးစားလိုက်တယ်။
    အိမ်ထောင်ကျပီးတစ်နှစ် ဒီပုံအတိုင်း ။ စောင့်ကြည့် ၊ နောက်တစ်နှစ်လည်း ဒီပုံအတိုင်း ။
    နှစ်တွေကြာလာတော့ ယောက္ခမဖြစ်သူက မနေနိုင်“ငါ့သားရယ် ဘာတွေများ ဒီလောက်တွေးတော
    ကြံဆနေရတာလဲ ”လို့မေးတော့မှ ဘာမှမဟုတ်ရပါဘူးအမေရယ် ”ဒီမုတ်ဆိတ်မွှေးတွေ ဘယ်ကထွက်လာ
    တာလဲလို့စဉ်းစားနေတာပါ ” တဲ့ ။ အကျိုးမရှိတဲ့တွေးတောမှုတွေက ဘ၀အတွက်အကျိုးမရှိတာ
    မှန်တယ်ဗျို့ ။

    1.း) 😀 အင်း ကျနော်လည်း မုတ်ဆိတ်မွေး ဘယ်ကနေထွက်လာတာပါလိမ့်ဆိုပြီး တွေးနေတာ .. 😀 .. ဟုတ်ကဲ့ဗျာ မကောင်းတဲ့အတွေးက ဘဝအတွေက် အကျိုးမရှိတာ အမှန်ပါ . မိတ်ဆွေကြီး .. ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s