ထိုအလွှာရဲ့ အောက်မှာ

ကျနော်တို့ တတွေဟာ နေ့စဉ်နဲ့အမျှ သွားကြ ၊ လာကြ ၊ စားကြ ၊ သောက်ကြ ၊ ပျော်ပါးစရာရှိ ပျော်ကြ ၊ ငိုစရာရှိ ငို ၊ ဆွေးစရာရှိ ဆွေး ၊တွေးစရာရှိ တွေးကြလိမ့်မယ် ၊ ပြီးတော့လည်း လုပ်ဆောင်စရာ နိစ္စဓူဝ တွေကိုလည်း ငြီးညူခြင်း က တဖုန် စိတ်ပါခြင်းက နည်းနည်း မသိမသာ ကျော်လွှာသွားခြင်းက တလှည့်နဲ့ အချိန်နာရီတွေကို အပျက်အကွက်မရှိ ဖြတ်သန်းရင်း တနေ့တာရဲ့ အားမာန်တွေကို ဆိုင်ရာဆိုင်ရာတွေမှာ သုံးပြီး ဘဝအမောတွေကို ရေတွက်နေကြပါတယ် ။ အများကတော့ အဲ့ဒါ ဘဝတဲ့ ကျနော်လည်း ဘဝလို့ ပြောမှာပါပဲ … ။

အဲ့ဒီလိုဘဝတွေထဲ တို့တတွေက ဘာတွေထူးသလဲ တခြားသူတွေကရော ဘာတွေထူးသလဲ .. မေးချင်မိတယ် ။ သာမန်အဖြေကတော့ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တာခြင်းတူတူပါပဲ ဆိုပြီး ပြောကြမှာ သေချာပါ။ ဟုတ်ပါတယ် လူတိုင်း  နှာခေါင်းပေါက်ကနေ အသက်ရှူကြတာ တူပါတယ် ။ ဒါပေမဲ့ ဘာမတူသလဲ ထပ်ကြည့်ရင်တော့ စိတ်နှလုံး ခံယူချက်တွေခြင်း မတူကြပါဘူး … စိတ်ခံယူချက် ဆိုးနေရင် ထိုသူရဲ့ဘဝဟာ သူ့စိတ်ရဲ့ အရောင်အတိုင်း ဆိုးနေပါလိမ့်မယ် .. စိတ်ခံယူချက် ကောင်းနေတဲ့ သူတစ်ယောက်ဟာလည်း သူ့ခံယူချက်အတိုင်း သူ့စရိုက်သူ့ဘဝအခြေအနေတွေဟာ အကောင်းတွေနဲ့ ပြည့်နေပါလိမ့်မယ် .. ။ ကျနော် ပြောချင်တာ အဲ့ဒီအချက်ကလေးပါပဲ ..။

လူသားတစ်ယောက်မှာ အဓိက ဇာတ်ဆောင်လည်း ဖြစ်သလို အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ စိတ်ထားတတ်မှုဟာ တော်တော်လိုပါတယ် .။ နေရာကဏ္ဍအသီးသီးအလိုက် အချက်ကျကျ ထားတတ်မှု ပိုင်နိုင်မှု ဖြစ်ဖို့က လွယ်ကူတဲ့အရာ မဟုတ်သလို မရနိုင်တဲ့ အရာလည်း မဟုတ်ပါဘူး ..။ ခံစားမှု တွေဖြစ်တဲ့ စိတ်ညစ်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ငိုကြွေးခြင်းတွေဟာ ခံစားမှု သိမှု စိတ်အိမ်ကနေ ပြီး သိရှိခြင်း ခံစားခြင်း ဖြစ်လာတာပါ ။

ထက်မြက်တဲ့အသိဥာဏ်ကို မိမိ အသိထဲမှာ ထည့်ထားဖို့ကို ဆိုလိုချင်တာပါ ။ သာမန်အကြည့်ထက် ပိုနက်နဲတဲ့ အမြင်မျိုးရှိဖို့လိုပါတယ် ..။ ဘယ်လိုအမြင်မျိုးလဲဆိုရင် ယခုလိုကြုံနေရတဲ့ဘဝရဲ့ အမှန်တရား ကို မြင်နိုင်ဖို့ပါ ။ ဘယ်လိုမမြင်နိုင်မှုကို မြင်နိုင်ဖို့ဆိုတာက ဥပမာ .. ကျနော့်ရှေ့က ကောင်မလေးတစ်ယောက်ဖြတ်သွားလိုက်တယ်ဆိုပါစို့ဗျာ သူက ချောရင် ချောမယ် ပေါ့။ အဲ့ဒီအခါမှာ သာမန် ကြည့်နေကြ မျက်လုံးက ချောလိုက်တာဆိုပြီး လိုချင်တပ်မက်စိတ်နဲ့ အဲ့ဒီ ကောင်မလေးသွားရာ မျက်စိဖြင့် မြင်လို့ရသမျှ လိုက်ကြည့်မိမယ်ထင်ပါတယ် ..။ နောက်ပြီး အဆင်သင့်ရင် ပိုင်ဆိုင်ချင်တဲ့ စိတ်ကြောင့် ရင်းနှီးအောင် ကြိုးစားချင် ကြိုးစားမိပါမယ် ။ အဲ့ဒီလို ချောတယ်လှတယ် မမြင်ပဲ စွဲလမ်းစိတ်မဖြစ်အောင် တခြားနည်းနဲ့ မြင်မယ်ဆိုရင် ထိုအမြင်မျိုးက ကျနော်တို့ကို တော်တော်လေး အကျိုးပေးပါလိမ့်မယ် ။ ဘယ်လိုအမြင်လဲဆိုရင် လူသားတစ်ယောက်မှာ .. အသွေးအသားတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဒာကိုယ်ပဲဆိုတာ ဥာဏ်မျက်လုံးနဲ့ တွဲစပ်ပြီး မြင်ဖို့ပါ.။

ကျနော်တို့ဟာ သက်ရှိတွေပါ ။ သက်ရှိတွေမှာ ကိုယ်လုံးနဲ့ စိတ် နှစ်ခုပေါင်းစပ်ထားတာပါ ။ ကိုယ်လုံးဟာ အသက်ရှင်နေစဉ်မှာပဲ အကျိုးပြုပြီး သေသွားရင် ဘာမှ အကျိုး မပြုနိုင်ပါ ။ ခုလိုပြောနေတာက စွဲလမ်းဖို့ မသင့်တာကို မစွဲလမ်းစေချင်လို့ဆိုတာသိထားပေးပါ။ ကျနော်တို့ ဈေးတွေကို ရောက်ဖူးမယ်ထင်ပါတယ် . ဈေးတွေမှာ အသားတန်းတွေရှိမယ် ။ အဲ့ဒီမှာ အသားတွေကို ခုတ်ထစ် ပိုင်းဖြတ်ပြီးေ၇ာင်းကြပါတယ် ။ ထိုအသားတွေက ကျနော်တို့လို အသက်ရှင်နေတဲ့ သတ္တဝါကနေ ရရှိတာပါ ။ အူတွေ အသည်းတွေ ၊ အစာအိမ်တွေ ၊ နှလုံးတွေ အရေပြားတွေ ၊ သွေးတွေ အသားနီနီတွေ ၊ မစင်တွေ စသည်တွေဖြင့် မြင်နေရင်းကိုပဲ ထိတ်လန့်စရာပါ ။ ထိုသို့သော အရာတွေဟာ ကျနော်တို့ ကိုယ်ထဲမှာလည်း ရှိတယ်ဆိုတာ သိထားစေချင်တာပါ ။ သေချာတွေးကြည့်ရင် သိပေမဲ့  စွဲလမ်းစိတ်က ဖုန်းအုပ်ပြီး အဲ့ဒါတွေ မရှိဘူးဟုသာ ခံယူရင်း တပ်မက်ခြင်းတွေကို အသက်ရှင်နေစေခဲ့တာ သံသရာ တစ်လျှောက်ကနေ ယခုထိတိုင်ပဲ ဆိုတာ သတိထားမိသူ နည်းပါလိမ့်မယ် ။

အပေါ်ယံ အရေပြားက ဖုံးထားလို့သာ ချောတယ် ၊လှတယ် ၊စွဲလမ်းတယ်ဆိုတာ ဖြစ်လာတာပါ ။ အကယ်၍ အရေပြားသာ ဖုံးမထားပါက ကျနော်တို့ အသိမှာ အရိုးအသားများဖြင့် သွေးကြောတွေဖြင့် အစာအိမ်တွေဖြင့် စုစည်းတည်ဆောက်ထားတဲ့ အစုအစည်းအဖြစ်သာ မြင်တွေ့ကြရမှာပါ ။ သေချာမှု ရှိစေချင်ရင် မိမိလက်ကို ကိုင်ကြည့်ပါ အတွင်းဘက်မှာ အရိုးတွေရှိတယ် .. အသားတွေရှိတယ် အကြောတွေနဲ့ လှုပ်ရှားနိုင်အောင် ဖွဲ့စည်းထားတယ် ။ ဒါတွေဟာ ကြာရှည်မတည်မြဲဘူးဆိုတာ အဲ့ဒီသေချာမြင်တဲ့ အချိန်မှာ သိလာပါလိမ့်မယ် ။ တကယ်တော့ ကျနော်တို့တတွေဟာ ဥာဏ်မျက်လုံးမရှိပဲ စွဲလမ်းမှုတွေပိုပြီး ဒုက္ခတွေက အဆမတန်ကြီးနေကြတာကို သတိပြုစေချင်တာပါ ။

သေခြင်းတရားဆိုတာ အချိန်မရွေးလာနိုင်တယ်ဆိုတာကို လူတိုင်း သာမန်အမြင်ဖြင့် လက်ခံကြပေမဲ့ တကယ်စိတ်ရင်းမှာဖြင့် မလေးနက်ကြပါဘူး သတိလည်းမထားကြပါဘူး ၊ မေ့လျှော့နေကြပါတယ် ။ အကယ်၍ သေခြင်းတရား ဆိုတာက ကျနော်တို့ဆီ ရောက်လာပြီ ဆိုပါတော့ .. ဘယ်လိုရင်ဆိုင်မလဲ ။။ ပူပူဆွေးဆွေးလား ၊ ငြိမ်းငြိမ်းချမ်းချမ်းလား ၊ ဘာမှ မသိလိုက်ပဲလား ၊ ငါဘာမှ မလုပ်ခဲ့လိုက်ရလေခြင်းဆိုတဲ့ နောင်တစိုးရိမ်ခြင်းတွေနဲ့လား ၊ ပိုင်ဆိုင်ထားသမျှတွေကို ထားမခဲချင်သော အစွဲအလမ်းတွေနဲ့လား … ဆိုတဲ့ အခြေအနေတွေနဲ့ ဖြစ်နေမယ်ဆို ရင် .. သင်ဘယ်လိုလုပ်မလဲ …။ ယခုလက်ရှိ ဘာမှ ပြင်ဆင်မထားဘူးဆိုရင် သင်တို့ ကျနော်တို့ အဲ့ဒီလိုအချိန်ကို ရောက်တဲ့အခါ နောက်မှသိတဲ့ နောက်တနဲ့ နှစ်ပါသွားရင်း အရှုံးနဲ့သာ ရင်ဆိုင်ရမှာပါ။ ထိုကြောင့် အဲ့ဒီလိုအခြေအနေမျိုး မည်သူ့ကိုမျှ မဖြစ်ချင်ပါ ။

တစ်ဘဝတာ လူ့လောကကို ဖြတ်သန်းစဉ်တလျှောက် တွေ့ကြုံနေရတဲ့ အရာတွေကို မစွဲလမ်းသင့်ဘူး ။ မတွယ်တာသင့်ဘူး ။ ဒါပေမဲ့ သမုဒယ နှောင်ပတ်တတ်မှုကြောင့်  စွဲလမ်းကြတယ် တွယ်တာကြပါတယ်။ ဘာဖြစ်လို့စွဲလမ်းကြသလဲဆိုရင် အသိဥာဏ်က မနက်နဲတော့ အပေါ်ယံအမြင်မှာတင်ပဲ ရပ်တန့်နေလို့ပါ။ ဥပမာ လူတစ်ယောက်ကိုမြင်ရင် လှတယ် ၊ မလှဘူး ၊ ရုပ်ဆိုးတယ် ၊ သင့်ပါတယ် ၊ စမတ်ကျပါတယ်  စသဖြင့် ဒါလောက်ပဲ အများစု မြင်ကြတာပါပဲ ။ တကယ်တော့ ထိုလူဟာ အပေါ်ယံအရေပြားဖြင့်သာ ဖုန်းကွယ်ပြီး အတွင်းက အသားစိမ်းတွေကို  မသိမှု အဝိ ဇ္ဇာ ဖြင့် အမြဲလိုလိုဖုံးနေတာကြာင့်  အမြင်တွေမှာ မနက်နဲတာပါ။ အသိစိတ်တွေမှာ အမှန်ကို လက်ခံဖို့ ခက်ခဲနေတာပါ ။

တကယ်တော့ ဒီလောကကြီးထဲမှာ ဖြစ်ပေါ်လာခြင်းရှိရင် ပျောက်ကွယ်သွားခြင်းလည်း ရှိပါမယ် ။ ရှင်ခြင်းရှိသလို သေခြင်းလည်းရှိပါမယ် ။ ခုခေတ် ကျနော်တို့တတွေဟာ  သေခြင်းတရားကို အမြဲလိုလို မတွေ့မကြုံရမဲ့ အရာအဖြစ်  မေ့ထားကြပါတယ် ။ မတွေ့ရမဲ့ အရာအဖြစ်လဲ ယုံကြည်သလိုလိုရှိကြတယ် ။ ယခုလက်ရှိ ကျင်လည်နေတဲ့သူ အားလုံးဟာ အရင်က နေ ခုထိ တသံသရာလုံး သေခဲ့ဖူးကြပေမဲ့ သေခြင်းတရားဆိုတာကို ဘယ်တုံးကမှ မတွေ့ဖူးတဲ့ အရာအဖြစ် သိမြင်နေကြပါတယ် ။ အကယ်၍ ထိပ်တိုက်ကြုံရတဲ့အချိန် လွယ်လွယ်နဲ့ ကြွေပျက်သေဆုံးရမယ်ဆိုတာကို သိလိုက်တဲ့အခါမှာ မသေချင်ကြလို့ ကြောက်ကြတယ် ။ အဲ့ဒီအချိန်မှာ ဘယ်လို အခြေအနေနဲ့ ဖြတ်သန်းရမလဲဆိုတာ လူတိုင်းလိုလိုက ဝေဝေဝါးဝါးနဲ့ ဘာကို ဖက်တွယ်ရမယ်ဆိုတာ မသိကြတော့ဘူး ။  စိတ်နဲ့ လက်လှမ်းမှီရာ ဖမ်းဆုပ်ကြတယ် ။ ထိုအရာတွေက တော့ စွဲလမ်းခြင်းလည်း ဖြစ်မယ် ။ ဒေါသလည်း ဖြစ်မယ် ။ လောဘလည်း ဖြစ်မယ် ။ မောဟလည်း ဖြစ်ချင်ဖြစ်ပါမယ် ။ ဘာနဲ့ပဲ ဖြစ်ဖြစ် အဆုံးသတ်သွားမှာပါ  ။ တချို့သာ တရားမှတ်ပြီး နေတတ်ကြတာပါ ။ ဒါက အလွန်နည်းပါးလွန်းပါတယ် ။ သူတို့ဟာ သေခြင်းတရားကို ရင်ဆိုင်ဖို့ အရင်ကတိုင် တရားဘာဝနာ အားထုတ်ခြင်းတွေကို စတင်လုပ်ဆောင်ရင်း ကြိုတင်ပြင်ဆင်ကြပါတယ် ။ သံသရာမှ လွတ်မြောက်လမ်းကိုရှာကြတယ် ။ အဲ့ဒီ လူနည်းစုတွေက လွှတ်မြောက်လမ်းကို သိပေမဲ့ အများစုက တော့ မဆုံးနိုင်တဲ့ သံသရာ စက်ဝန်းထဲ လှည့်လည်ရင်း ခရီးဆက်ကြရပါတယ် ။ အဲ့ဒီလိုလွတ်လမ်းကို ရှာကြရာဝယ် မြတ်ဗုဒ္ဓ ဟောကြားလမ်းညွှန်ခဲ့တဲ့ မဂ္ဂင်လမ်းကလွဲလို့ တခြား လမ်းမရှိပါဘူး ။ အဲ့ဒီလို ကောင်းတဲ့ လမ်းကို လျှောက်နိုင်သူဟာ အလွန်နည်းပါးပါတယ် ။

တနေ့က ဖေ့ဘွတ်မှာ သေခြင်းတရာကို ဆွေးနွေးထားကြတာ ဖတ်မိပြီး ဒီအကြောင်းကို တွေးမိေ၇းမိတာပါ။ တကယ်တော့  သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့ တရားဘာဝနာ ဆိုတာ နေ့စဉ် လုပ်ဆောင်သွားရမဲ့ အရာဆိုတာ အများက ထပ်တူ ပြောထားကြပါတယ် ။ အသက်ငယ်သည်ကြီးသည်မရွေး သေကံ ဆိုက်ကပ်ချိန်မှာ  သေကြမှာမို့ တရားဘာဝနာ လုပ်ငန်းတွေကို လုပ်ဆောင် ကြစေချင်တာပါ ။ တရားဘာဝနာ လုပ်ဆောင်ရမဲ့သူကလည်း ငယ်သည် ကြီးသည် မရှိစေချင်ပါ။ ဘာလို့လဲဆို သေခြင်းတရားက အုပ်စိုးမရတာမို့ပါ ။ ထိုသို့ အသိစိတ်တွေကို ထုံနေဖို့အတွက် မိမိစိတ်အတွေးမှာ အမြဲလိုလို အသိပေးမှု ရှိနေအောင် လုပ်ပါ ။

နောက်ဆုံး ပြောချင်တာကတော့ မိမိတို့ တနေ့တာ ခရီးကိုပဲ သတိထားစေချင်တာပါ ။ ခရီးကြမ်းကို  ဖြတ်သန်းစဉ်တစ်လျှောက် ဘဝခရီးလမ်းမှာ အသုံးမဝင်တာတွေကို မသယ်မိစေဖို့ သတိဖြင့် အမှန်တကယ် လိုအပ်တာများကို မိမိကျောပိုးအိပ်ထဲသို့  စီစစ်ပြီး ထည့်တတ်ဖို့လိုပါတယ် ။ ခရီးက ကြမ်းတမ်းတာမို့ မိမိကိုယ်ကို သက်သာစေမဲ့ နည်းလမ်းတွေ တန်ဖိုး ရှိတာတွေကို သယ်ဖို့ မမေ့ပါနဲ့ ။ လွယ်ကူသည် မဟုတ်သော်လည်း ခက်သည်လည်း မဟုတ်ပါ ။ ကြိုးစားအားထုတ်မှု ဝီရိယသာ အဓိကမို့ ထပ်မံအားထုတ်များကို မပြတ် ထည့်ပေးပါ ။ သင်လိုချင်နေတဲ့ ငြိမ်းချမ်းခြင်းတွေနဲ့ အတူ လှပ တန်ဖိုးရှိသော လူ့ဘဝကို သင်ပိုင်ဆိုင် ရယူနိုင်ပါလိမ့်မည် ။

(အပ္ပမာဒေန သမ္ပါဒေထ) မမေ့မလျှော့ သတိဖြင့် နေနိုင်ကြပါစေ …. ။

ဘာနေ

၅-ဂျူလိုင်-၂၀၁၁

Advertisements

2 thoughts on “ထိုအလွှာရဲ့ အောက်မှာ

  1. Meaning and thoughtful idea u share us!Thanks a million! Barnay.Yes,we didn’t notice to control our happiness,sorrows and emotions in a rightful way in our everyday life.
    စိတ်နဲ့ လက်လှမ်းမှီရာ ဖမ်းဆုပ်ကြတယ် ။ ထိုအရာတွေက တော့ စွဲလမ်းခြင်းလည်း ဖြစ်မယ် ။ ဒေါသလည်း ဖြစ်မယ် ။ လောဘလည်း ဖြစ်မယ် ။ မောဟလည်း ဖြစ်ချင်ဖြစ်ပါမယ် ။ ဘာနဲ့ပဲ ဖြစ်ဖြစ် အဆုံးသတ်သွားမှာပါ ။
    I prefer these words.
    Yes,This will pass too.

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s