ယုတ္တိ

ဘာလဲ ယုတ္တိ

ယုတ္တိတဲ့ ဘာလဲ ယုတ္တိက .. 🙂 ။ လက်တွေ့သဘောကို ဆိုလိုတာပါ တစ်ခုခုကိုလက်တွေဖြင့် သက်သေပြခြင်း သို့မဟုတ် အများလက်ခံနိုင်သော အတွေးအမြင် ၊ ဖြစ်နိုင်သော အရာကိုဆိုလိုခြင်းပါ ။ တချို့ပြောကြပါတယ် “မင်းပြောတာ ယုတ္တိမရှိဘူး” စသည်ဖြင့် ပြောတတ်ကြပါတယ် ဘာလို့ယုတ္တိမရှိတာလဲ လို့ ဆိုရင် အများမြင်နေကြ ဖြစ်နိုင်သော အရာများနှင့် ဝေးကွာနေခြင်းကြောင့်ပါ ။ ဥပမာဆိုရပါလျှင် “ကျနော် နတ်သမီးလေး တပါးနဲ့ ညတိုင်း တွေ့ဖြစ်တယ်” လို့ဆိုမယ်ဆိုရင် ကြားတဲ့သူကအားလုံးက ယုတ္တိမရှိဘူးဟု ပြောကြမှာ သေချာပါ ။ ဘာလို့လဲဆို ယနေ့ခေတ်လူ့လောကမှာ ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်းတွေကို ပုံစံသတ်မှတ်ထားသလိုမျိုး ဖြစ်နေလို့ပါ ။

အတွေးစခြင်း

အရာရာမှာ ယုတ္တိလို့ ဆိုရမဲ့ လက်တွေ့သဘောနဲ့ ယှဉ်တဲ့ အပြုအမူတွေကသာ ခရီးရောက်ကြစမြဲပါ ။ ဒီခေါင်းစဉ်ကို ရေးဖြစ်ဖို့ အတွေးတခုကြောင့် ပုံပေါ်လာရခြင်းပါ ။ ဘယ်လိုကြောင့်လဲဆိုရင် အဒေါ်တစ်ယောက် ဖျားတဲ့ ရောဂါကြောင့် ဆေးရုံတင်ထားရတဲ့ အကြောင်းပါ ။ သူက အဖျားဆိုပေမဲ့ အသက်က နည်းနည်း ကြီးတော့ သာမန် လူရွယ်တွေလို ချက်ချင်းမသက်သာဘူး ဖြစ်နေတယ်လေ ။ အဲ့မှာ အိမ်ကနေ ဆန်ပြုတ်ပြုတ်ပြီး ဆေးရုံကို မနက်တိုင်းသွားသွားပို့ရတယ် ။ အဲ့ဒီလိုနဲ့ သူ ဆေးရုံမှာ အဖျားရောဂါနဲ့ နှစ်ပတ်လောက်ကြာနေတယ် ။ ကျနော်လည်း တွေးမိတယ် အဖျားက ခုအချိန်ထိ ဘာလို့ မကောင်းသေးတာလဲ ဘာကြောင့် ဆေးရုံမှာ ဆက်နေနေရတာလဲလို့ပေါ့  စသဖြင့် အတွေးက စလာပါတော့တယ် ။

တွေးမိခြင်း

“ရေစိုခြင်းကို မနှစ်သက်သူ တစ်ယောက်ဟာ ရေထဲကနေ ကုန်းပေါ်ကိုမတက်ပဲ ခြောက်သွေ့ခြင်းကို မရနိုင်ဘူး ” ဆိုတာပါပဲ ။ ရေထဲကနေ ကုန်းပေါ်မတက်ပဲ ကိုယ်က “ငါခြောက်ခြောက်သွေ့သွေ့ နေချင်လိုက်တာ ” ဆိုပြီး စိတ်ထဲက ဖြစ်နေလို့ မရပါဘူး ။ ခြောက်သွေ့ချင်ရင် ခြောက်သွေ့ စေနိုင်တဲ့ နည်းကိုသုံး ပေါ့ ဒါလေးပါပဲ ။ ရေသောက်ချင်တဲ့ လူတစ်ယောက်ဟာလည်း ထို့အတူပါပဲ … ရေဆာတယ်လို့သာ ပြောနေပေမဲ့ ရေအိုးထဲက ရေကိုခပ်မသောက်ဘူးဆိုရင် ရေဆာ မပြေနိုင်သလို ကျနော်တို့ လူ့ဘဝ တစ်လျှောက်မှာ ကိုယ်ဖြစ်ချင်၊ နေချင်တာတွေကို လိုချင်ရုံသက်သက်နဲ့ ထိုနေရာများကို ရရှိမလာနိုင်ပါဘူး ။

ဝီရိယတဲ့

ယုတ္တိဆိုတဲ့ လက်တွေ့ကျတဲ့ နည်းကသာ ခရီးရောက်တာပါ ။ ဘယ်နေရာဘယ်စခန်းဆီကို မျှော်မှန်းနေရုံဖြင့် ရောက်ရှိမသွားပါဘူး အဓိက ကတော့ လျှောက်လှမ်းဖို့သာ အဓိကပါ ။ မောင်ပေါက်ကျိုင်း ရာဇဝင်ထဲက “မေးပါများ စကားရ သွားပါများ ခရီးရောက်” ဆိုသလို လူ့ဘဝမှာ လက်တွေ့ကျ နည်းက ရှေ့ဆုံးနံပါတ်တစ်ပါ ။ လက်တွေ့ ဖြစ်ဖို့က အားထုတ်ခြင်း ဝီရိယ ရှိမှ ဖြစ်လာမှာပါ ။ လူ့ဘဝမှာ တစ်ခုခုဖြစ်မြောက်ဖို့ဆိုရင် ကံ ၊ ဥာဏ် ၊ ဝီရိယ ဆိုပြီး သုံးမျိုး အချိုးကျ တွဲစပ်ပြီးမှ ဖြစ်မြောက်မှာပါ ။ ကံတစ်ခုတည်းချည်းပဲ မဖြစ်နိုင်သလို  ဥာဏ် တစ်ခုတည်းနဲ့လည်း ဖြစ်မလာနိုင်ပါဘူး ၊ ထို့အတူ စိုက်ထုတ်မှု ဝီရိယ တစ်ခုတည်းနဲ့လည်း အရာရာဟ လှလှပပ ဖြစ်တည်လာမှာ မဟုတ်ပါဘူး ။

လောကဓမ္မဖြင့်

စောနက ပြောသလိုပါပဲ ရေထဲမှာ ရှိနေသူဟာ ခြောက်ခြောက်သွေ့သွေ့ နေချင်တယ်ဆိုရင် ရေထဲကနေ ကုန်းပေါ်ကို တက်မှ ဖြစ်လာမှာပါ .. ထို့အတူ လောက အတွင်းမှာ မိမိနေချင် ၊ ရချင်နေတဲ့ အရာအားလုံးဟာလည်း  တူတူပါပဲ ။ လောကီရေးရာမှာဖြင့် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝချင်သူဟာ စုဆောင်းခြင်းမရှိပဲ ကြီးပွားမလာနိုင်သလို လောကုတ္တရာ ရေးရာမှာလည်း တရားဓမ္မကို မကျင့်ကြံ မကျိုးကုတ်ရင်ဖြင့် တရားထူးနဲ့ ဝေးနေအုံးမယ်ဆိုတာ အသေချာပါ ။ ခုခေတ်တော်တော်များများ သက်ကြီးပိုင်းတွေကို တွေ့ရပါတယ် .. သူတို့ဟာ တရားနဲ့လည်း နေချင်သေးတယ် ဒါပေမဲ့ တရားတဲ့ အလုပ်ကို မလုပ်တတ်ကြဘူးဖြစ်နေပါတယ် ။ ကိုယ့်ကိုယ်ကိုလည်း အသိနည်းနေသေးသလို အသိဥာဏ်မြင့်တက်လာမှု ဖြစ်လာဖို့ကိုလည်း အားမထုတ်ကြပါဘူး ။ နောက်ဆုံး သေခြင်းတရားရဲ့ ဝါးမျိုခြင်းအောက်မှာ ဟိုလိုလို ဒီလိုလိုဖြင့် တရားရှိသလိုလို မတရားသလိုလိုနဲ့ မရဏ နယ်ထဲကို ဝင်ရောက်သွားကြတာတွေက များပါတယ် ။

ဘယ်လိုသံဝေဂလဲ

လူတိုင်းနီးပါ သေခြင်းတရားဆိုတာကို အပြည့်အဝ ထောက်ခံချင်ပုံမရပါဘူး ဒါပေမဲ့ သေမယ်ဆိုတဲ့ အသိလောက်ပါပဲ . တချို့ဆိုရင် သံဝေဂကို တွေ့တုံးခဏပဲ ရကြသလိုလိုရှိပြီး ထို သံဝေဂမြင်ကွင်းနဲ့ မျက်နှာလွှဲလိုက်တဲ့ အချိန်ကစပြီး သာမန် နေနေကြ စိတ်အခြေအနေနဲ့ သေခြင်းတရားကို စာစကားလောက်သာ မြင်နေကြပါတယ် ။ အကယ်၍ ထိုသူတွေမျိုးမှာဖြင့် သေခြင်းတရားနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံလာပြီဆိုရင်တော့ ခြေမကိုင်မိ လက်မကိုင်မိ အဖေကယ်ပါ အမေကယ်ပါ စသဖြင့် သွေးရူးသွေးတန်း ကြောက်နေမှာတော့ သေချာပါ ။ တကယ်သေခါနီးမှာ ထိုသို့ ကြောက်စိတ်ဖြင့်သာ အဆုံးသတ်သွားမယ်ဆိုရင်တော့ ထို့ဘဝဟာဖြင့် ရခဲလှသော အခြေအနေမှာ ရသင့်တာ မရလိုက်သလို ဖြစ်သွားပါမယ် .. ။

သတိတရားသည်သာ

ထိုသို့ ကြုံကြိုက်ချိန်မှာ အကောင်းဆုံးသော အဆောင်ကတော့ သတိပါပဲ . သတိမရှိရင်ဖြင့်  ငြိမ်ငြိမ်မနေသော စိတ်အိမ်ဟာ ခုန်ဆွ ခုန်ဆွ ဖြစ်နေပါလိမ့်မယ် ။ သတိ ရှိမှုလေး အကျင့်ရနေရင်ဖြင့် သတိတရားလေးဝင်လာပြီး မိမိအတွက် အမြင်မှန်ကို မြင်နိုင်ပါလိမ့်မယ် ။ လူ့ဘဝမှာ စိတ်ဖြင့်သာ ကြီးစိုးနေတာမို့ သတိတရားဟာ မွေးကတည်းကနေ သေသည်အထိ ရှိရမဲ့ အရာပါ ။ ကြီးပွားချမ်းသာရေးမှာပဲဖြစ်ဖြစ် တရား ဓမ္မ ကျင့်ကြံရာမှာပဲဖြစ်ဖြစ် သတိရှိခြင်း၊ သတိမြဲခြင်း ဟာ အထိရောက်ဆုံးပါပဲ ။ ဘာလို့လဲဆို သတိဆိုတာက မိမိသွားနေသော လမ်းတွေကို ဆန်းစစ်ခြင်း ဖြစ်တာကြောင့်မို့ပါ ။

ဒါကြောင့် ယုတ္တိတန်တဲ့ အမြင်တွေဖြင့်သတိရှိရှိနေပြီး မိမိဦးနှောက်နဲ့ နှလုံးသားကို ကောင်းကောင်း အသုံးချပါလို့ ဆိုချင်ပါတယ် ။

“ရေထဲက လူတစ်ယောက်ဟာ ခြောက်ခြောက်သွေ့သွေ့ နေချင်တယ်ဆိုရင်ဖြင့် ကုန်းပေါ်မတက်ပဲ ခြောက်သွေ့ မလာနိုင်ပါဘူး .” ။

ဘာနေ

၃၁-မေလ-၂၀၁၁

Advertisements

2 thoughts on “ယုတ္တိ

  1. ရထဲက လူတစ်ယောက်ဟာ ခြောက်ခြောက်သွေ့သွေ့ နေချင်တယ်ဆိုရင်ဖြင့် ကုန်းပေါ်မတက်ပဲ ခြောက်သွေ့ မလာနိုင်ပါဘူး ။

    လေးစား လိုက်နာစရာ အတွေးလေးပဲ ကောင်းလိုက်တာ ဟုတ်တာပေါ့ ကျနော်တို့တွေ လိုချင်တာကို လိုချင်တယ်လို့ပြောနေရုံနဲ့ ဘယ်ရနိုင်မှာလည်းနော့် ။

    မင်္ဂလာပါ ဘာနေ နာမည်လေးဆန်းလို့ ကျနော် စာလေးတွေမကြာမကြာ လာဖတ်ဖြစ်တယ် ခြေရာတော့ မချန်ခဲ့ဖြစ်ဖူး ။

  2. ကျေးဇူးဗျာ ကိုမောင်မျိုး “ကျနော့်ဘဝရဲ့ ဇာတ်ခုံ” ကိုလည်း အရင်က နေ့တိုင်း လိုလို ရောက်ဖြစ်ပါတယ် ခုရက်တော့ မအားတာနဲ့ မရောက်ဖြစ်တာပါ .. ဘလော့တွေက ဝင်လို့မလွယ်လို့လေ ..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s