ခရီးသည်

ခရီး

လောက လူ့ဘ၀ တစ်လျှောက်လုံး ဖြတ်သန်းရခြင်းကို ခရီးတစ်ခုအဖြစ် ပုံဖော်မည်ဆိုရင် ကျနော်တို့ တတွေဟာ အဲ့ဒီခရီးကို မလွှဲမသွေ သွားနေရတဲ့ ခရီးသည်တွေပါ ။ ခရီး ဆိုသည်မှာ အဆုံးမရှိတဲ့ ခရီးနဲ့ အဆုံးသတ်မှတ်ချက်ရှိတဲ့ ခရီး ဆိုပြီး ခွဲခြားကြပြန်ပါတယ် ။ ထိုခရီးတွေအတွက် ကျနော်တို့ ဖြတ်သန်းချက်တွေ ပေါ်မှာ မူတည်ပြီး နှစ်မျိုး နှစ်စား ကွဲသွားပြန်ပါတယ် ။ ဘယ်လိုတွေလဲဆိုရင် နောက်ပြန်လှည့်ပြီး ပြန်လာရတဲ့ ခရီးနဲ့ နောက်ပြန်မလှည့်ရတဲ့ ခရီးဆိုပြီး နှစ်ခုအဖြစ် တွေးမိပါတယ် ။ နောက်ပြန်လာတဲ့ ခရီးမျိုးဟာ ဥပမာ ကိုယ့်အိမ်ကနေ ခရီးတစ်ခု စတင်ခြင်း ပုံစံပါ . ကိုယ်လိုချင် သွားချင်တဲ့ နေရာ ရောက်ပြီးရင် ကိုယ့်အိမ်ကို ပြန်လှည့်ပြန်ရတဲ့ ခရီးပါ ။ နောက်ပြန်မလှည့်တဲ့ ခရီးဟာဘယ်လိုလဲ ဆိုရင် ခြေသလုံးကိုအိမ်တိုင်လုပ်ပြီး လှည့်လည်သွားလာနေတဲ့ သူတွေလိုပါပဲ ..။ သူတို့ဟာ ရောက်တဲ့ အရပ်မှာ အခြေချပြီး ကိုယ့်နေအိမ်အဖြစ်သတ်မှတ်ပြီး နေကြတဲ့သူတွေပါ ။ သူတို့ဟာခရီးပေါက်သလောက် ရှေ့ဆက်သွားပြီး မိမိအိမ်ရယ်လို့ဆိုပြီး နောက်ပြန်မလှည့်ကြပါဘူး ။

ထူးဆန်းတဲ့ကမ္ဘာ

ဒီခရီးတွေ လျှောက်လှမ်းဖို့အတွက် ကမ္ဘာကြီးတည်ရှိနေပါတယ် ။ ဒီကမ္ဘာဟာ တော်တော်လေးကို ထူးဆန်းတယ် အသက်ရှိတယ် ။ ဘာလို့ ထူးဆန်းအသက်ရှင်နေတာလဲလို့ဆိုရင် ကမ္ဘာကြီးပေါ်မှာ သက်ရောက်မှုတစ်ခုအတွက် တူညီတဲ့ သက်ရောက်မှုတစ်ခု ဖြစ်ပေါ်ပေးလို့ပါပဲ ။ ကမ္ဘာပေါ်မှာ အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တည်လာခြင်းဟာ သဘာဝအမှန်တရား တစ်ခုလို ဖြစ်တည်နေတာပါ ။ ကျနော်တို့တတွေပြုလုပ်တဲ့ ကောင်းတဲ့ အမှု တစ်ခုကနေ ကောင်းကျိုး တစ်စုံ ပြန်လည်တုံ့ပြန်ပေးခြင်းပါ ။ ဒီအတွက်ကိုလည်း ထူးဆန်းတယ်လို့  ဆိုရမလားပဲ.. တကယ်တော့ ကမ္ဘာကြီးဟာ အသက်ရှင်နေတဲ့ လူတစ်ယောက်လို သက်ရှိတွေကို တူညီမှုတွေ ပြန်လည် ကျရောက်စေပါတယ် ။ ဥပမာ မကောင်းမှု လုပ်တဲ့ သူအတွက် မကောင်းမှု တုံ့ပြန်ချက်တွေ ကျရောက်လာသလို .. ကောင်းမှု လုပ်သူအတွက် ကောင်းကျိုးတွေ ပြန်လည်ကျရောက်စေတဲ့သဘောပါ ။

အပြန်ခရီးအတွက် ပျင်းသည်

ခရီးတွေမှာ သွားချင်တဲ့ ခရီး ရှိသလို မသွားချင်တဲ့ ခရီးလည်း ရှိပြန်ပါတယ် ။ သွားချင်တဲ့ ခရီးဆိုရင် ဘာပဲ ကြုံကြုံ ကျေနပ်နေကြတာပါ မသွားချင်တဲ့ ခရီးဆိုရင် သွားရတာကိုပဲ သက်သက် အချိန်ကုန် အလဟဿ ဖြစ်တယ်လို့ ယူဆမိပြန်ရော .. ဒါပေမဲ့ သွားတဲ့ ခရီးအတွက် ဆတူ အပြန်ခရီးကိုတော့ နှင်ကြရစမြဲပါပဲ ။ ကျနော်ဆို တခါတခါ တွေးဖူးတယ် ကိုယ်သွားတဲ့ ခရီးအတွက် အပြန်မရှိရင်ကောင်းမှာဆိုပြီးလေ ဘာလို့လဲဆိုတော့ ပြန်လာရတာ ပျင်းတဲ့ စိတ်ကြောင့်ပါ 😛 ။

ကံ

အဲ့ဒီမှာ အသွားရှိတဲ့ ခရီးအတွက် အပြန်ဆိုတာလည်းရှိသလို လူ့ဘဝ မှာရှိတဲ့ လုပ်ရပ်တွေအတွက် အပြန်သက်ရောက်မှုဆိုတာလည်း ရှိပါတယ် ။ အရင်က ပြောဖူးပါတယ် ကံ ကံရဲ့ အကျိုး ဆိုတာကိုလေ .. ဒါကိုလူတိုင်းသိပါတယ် .. လုပ်ရပ်အတွက် တူညီသော အကျိုးဖြစ်စေတာပါ ။ ကောင်းမှုလမ်းကို သွားတဲ့ သူအဖို့ ရရှိမဲ့ အကျိုးက ကောင်းတာတွေဖြစ်ပြီး . မကောင်းမှု ဒုစရိုက် ကိုလှမ်းနေတဲ့သူအဖို့ ရှေ့သွားလေလေ ပိုပြီး ကိုဆီပြန်လာမဲ့ ဒုက္ခက ပိုကြီးလေလေ ဆိုတော့ .. တွေးကြည့်မယ်ဆိုရင် ထိုသူတွေအတွက် တကယ်ရင်လေးစရာပါ ။ ထို့အတူ ယနေ့ ကျနော်တို့တတွေ ဖြတ်သန်းနေရတဲ့ ဘဝမှာ  ဘယ်အလုပ်ကိုပဲ လုပ်လုပ်ပါ အသွားခရီးရှိသလို အပြန်ခရီးဆိုတာလည်း ရှိနေမည်သာပါ ။

ရှင်းလင်းခြင်း

ဒီတော့ ကိုသွားတဲ့ ခရီးအတွက် အသွားမှာ လမ်းရှင်းထားပေးခြင်းဟာ အပြန်အတွက် ခရီးပိုတွင်ပြီး အချိန်တိုတိုနဲ့ ပြန်လာနိုင်တဲ့ အချက်က  ကိုယ့်လုပ်ရပ်အတွက် အကျိုးသက်သေပါ ။ ကျနော်တို့တတွေ လျှောက်နေတဲ့ လမ်းတွေဟာ ရှင်းပြီးသားလည်း ဖြစ်မယ် ခင်းပြီးသားလည်း ဖြစ်ချင်ဖြစ်မယ် .. အကယ်၍ မရှင်းရသေး မခင်းရသေးဘူးဆိုရင်တော့ ရှင်းပါ ခင်းပါ လို့ ဆိုချင်ပါတယ် .. အပြည့်အဝမဟုတ်တောင် ကျနော်တို့ အချိန်တွေထဲက အလဟဿ ဖြစ်မဲ့ အရာတွေကို လမ်းရှင်းတာ ခင်းတာမှာ အသုံးချလိုက်ပါ ။ ဒီလိုဆိုရင်ဖြင့် အပြန်လမ်းလည်း ကောင်းပါလိမ့်မယ် နောက်လျှောက်သောသူအတွက်လည်း အဆင်သင့်ဆိုသလို ခရီးပိုတွင်သွားပါမယ် ။ ထို့အတွက် လူတစ်ချို့ ဆိုကြတယ် ပရဟိတ စိတ် ဆိုပြီး အလေးထားကြတယ် ။

သနားစရာတွေလား

ကျနော်တို့တတွေဟာ ဘဝခရီးသည်အဖြစ်လည်းကောင်း .. သံသရာ ခရီးသည်အဖြစ်လည်းကောင်း  လိုချင် သည် ရှိ မလိုချင်သည်ရှိ ၊ သွားချင်သည်ရှိ မသွားချင်သည်ရှိ ထိုခရီးတွေကို မနားတမ်း လျှောက်လှမ်းနေကြရတာပါ ။ ဘယ်အတွက် သွားတယ်ဆိုတာကို မသိသူများက ရှေ့ဆက်သွားကြပြီး သိသူများက ခရီးသွားရခြင်း ရပ်တန့်စေဖို့ ကြိုးစားကြပါတယ် ။ ထိုသူတွေ ခရီးကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဥာဏ်မမှီသူ အတ္တကြီးသူများကတော့ ဆက်လက် ခရီးဆက်နေကြပြန်ရော ။ ခရီးကို အဆုံးသတ်ပြီးသားသူများကတော့  ရှေ့မဆက်ကြဖို့ ပြောကြပါလေရဲ့ ။ ခရီးရဲ့ ဘယ်သို့ဘယ်ပုံရှိပါလေရဲ့ ဆိုပြီး ပြောပြပေးပေမဲ့ အတ္တမာနတွေကို ခေါင်းပေါ် တင်ရွက်နေသူတွေကတော့  အစွဲကြီးတွေနဲ့ နည်းနည်းလေးမှ စိတ်မဝင်စားတာတော့ တကယ်ကို သနားစရာ သတ္တဝါတွေပါ ပဲ ။

ဘယ်နေရာမှာ ခရီးဆုံးမည်လဲ

ခရီးအဆုံးကို သိပြီးသူတွေကတော့ ပြောကြပါတယ် ။ လမ်းဆုံးက မင်းဘေးနားမှာတဲ့ ။ ဘာလို့လဲဆို ကျနော်တို့ သွားနေတဲ့ လမ်းက စက်ဝိုင်းကြီးကို ပတ်လျှောက်နေသလို ဖြစ်နေတာလေ စက်ဝိုင်းဆိုတော့ ထပ်ခါတလဲလဲ ဒီလမ်းကိုပဲ လျှောက်နေပြီး အဆုံးရှိမည်အထင်နဲ့ သွားနေကြတာပါ ။ တကယ်တော့ ခရီးအဆုံးက စက်ဝိုင်းလမ်း တစ်လျှောက်မဟုတ်ပဲ ဘေးနားလေးမှာပါ .. လက်တကမ်းလေးမှာပါ ။ ကျနော်တို့တတွေဟာ ယခု ဖြတ်သန်းနေစဉ် မှာ စွဲလမ်းခြင်း စိတ်တွေနဲ့ သံယောဇဉ် သမုဒယ နှောင်ကြိုးတွေကို ဗဟိုပြုပြီး လျှောက်နေကြလို့ သံသရာ စက်ဝိုင်းရဲ့ လမ်းပေါ်ကကို မဆင်းနိုင်ကြပါဘူး ။ ထို သမုဒယတွေကို မျက်ကွယ်ပြုလိုက်ပြီ ဆိုရင်တော့ လမ်းဆုံး ဆိုတာ  မိမိနဲ့ လက်တကမ်းလေးမှာ ရှိနေတယ်ဆိုတာ မြင်တွေလာမှာပါ ။

ဘယ်လို ဆုံအောင်လုပ်မည်လဲ

သာမန်သွားနေကြ စိတ်နဲ့ ရုပ် ဂီယာ(gear) ချက်တွေကို ပြောင်းပေးဖို့ပါပဲ .. ဒါမှ တသံသရာလုံး လျှောက်နေခဲ့ကြတဲ့  လမ်းကြီးကနေ တခြား လမ်းကို ရောက်သွားပါလိမ့်မယ် ။ ထိုဂီယာ ချက်တွေကတော့ လိုချင်မှု ၊ စွဲလမ်းမှု ၊ သံယောဇဉ် တွယ်တာမှု  စတဲ့ သောက တွေပါပဲ ။ ပြောင်းလဲရမဲ့ ဂီယာချက်တွေကတော့  အရာအားလုံးရဲ့ မတည်မြဲခြင်း သဘောတရားတွေ ၊ အခြေခံဘဘာဝကျတဲ့ ဖြစ်ခြင်း ပျက်ခြင်း တွေကို ရှုမြင်စေတဲ့ အရာတွေပါ ။ ထိုအချက်တွေကတော့  တသံသရာလုံး မရပ်မနားပဲ သွားနေတဲ့ ကျနော်တို့ ဘဝစက်ယဉ်ကြီးကို ရပ်တန့်ပေးတဲ့ နေရာပါ ။ ထိုသို့ ရပ်တန့် ပေးလိုက်မိရင်ဖြင့် ငြိမ်ငြိမ်လေးနဲ့ ငြိမ်းနေရတဲ့ အရသာဟာ ဘယ်ဟာနဲ့မှ မလဲချင်တဲ့ တန်ဖိုးရှိတဲ့ အရာ ဆိုတာ သိသွားပါလိမ့်မယ် ။

အချိန်တွေဖြင့် ဖန်တီးထားတဲ့ ရခဲတဲ့ လူ့ဘဝမှာ လမ်းတွေ ရွေးတတ်ပြီး သံသရာ ခရီးဆုံးအောင် လျှောက်လှမ်းနိုင်ကြပါစေလို့ တောင်းဆုပြုရင်း .. အပ္ပမာဒေန သမ္ပာဒေထ= မမေ့မလျှော့တဲ့ သတိနဲ့ နေကြပါ  ဆိုတဲ့ မြတ်စွာဘုရား မှာကြားခဲ့တဲ့ အဆုံးအမလေးကို နှလုံးသွင်း နေကြပါလို့ သတိပေးချင်ပါတယ် ။

ယခုအချိန်မှာဖြင့် … သင်လည်း ခရီးသည် ကျွန်ုပ်လည်း ခရီးသည် ဒီလို ခရီးသွားသူ အချင်းချင်း နွေးထွေးမှု ၊ အတွေးအမြင် မြင့်မားမှု ၊ မျှဝေခံစားမှုတွေကို နှီးနှောဖလှယ်ရင်း ကြုံရဆုံရတဲ့ အခိုက် ဒီကမ္ဘာလောကကြီးကို အမြင်တွေရှင်းစေဖို့ မီးထွန်းလိုက်ကြပါစို့ ..။

ဘာနေ

၂၆-မေလ-၂၀၁၁

Advertisements

2 thoughts on “ခရီးသည်

  1. Food for thought!
    so good ideas u share us,i agree with yr idea and i now do self -observation by reading yr post.Frd,thanks for showing and warning us ”Let’s stop our circle of being reborn repeatly ”.Yes,we must be aware that we are walking onwards or we are returning our path in life.
    Go On sharing! my frd.

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s