ရှင်လူ

ရှင်လူ

အသက်ရှင်နေတဲ့ လူက ရှင်လူပါ ။ ရှင်လူအကြောင်းပြောချင်တာက ရှင်လူမှာ ဘာတွေလုပ်သင့်သလဲ ဘယ်လိုနေသင့်သလဲ နဲ့ ဘယ်လို တန်ဖိုးရှိကြောင်း သတိထားစေချင်တဲ့  စိတ်ကြာင့် ဖြစ်ပါတယ် ။ ရှင်လူအကြောင်း မပြောခင် သေလူအကြောင်းကို အနည်းငယ် ပြောပြချင်ပါသေးတယ် ။ လူတစ်ယောက် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေသွားသည်ရှိသော် သူလုပ်ချင်သော ၊ သူသွားချင်သောနေရာများ ၊ သူပြောချင်သော စကားများ စသည်စသည်များ လုပ်ခွင့်မရှိ ပြုမူခွင့်ရှိတော့မည်မဟုတ်ပါ ။ သေသွားတဲ့သူသည် မည်သည်ကိုမှ စွမ်းဆောင်နိုင်မည်မဟုတ် ။ မသေခင်သာ ပြုပြင်ပြောင်းလဲနိုင်သည်သာ ဖြစ်နိုင်ပါသည်။

ရှင်လူဖြစ်တဲ့  ကျနော်တို့တတွေအဖို့ တွေးဆကြည့်စေချင်တာမှာ ကျနော်တို့ အခုအချိန်မှာ သေသွားသည်ရှိသော် ကျေနပ်နိုင်ပါမည်လော ။ မကျေနပ်နိုင်ဘူးဆိုရင် မည်သည့်အရာများကို လုပ်ဖို့ရှိသနည်း လူ့ဘဝအတွက် မည်သို့သောအရာများကိုချန်ထားချင်ပါသနည်း ။ လူသားတွေကို မည်သို့ အကျိုးပြုချင်ပါသေးသနည်း ။ ကိုယ်မသေခင် ကိုယ်တတ်နိုင်သလောက် လူ့ဘဝအတွက် မည်သည်တို့ကို ချန်ထားခဲ့ချင်သနည်း ။ အဲ့ဒီလို အမေးများဖြင့် တွေးကြည့်စေချင်ပါသည် ။ တွေးလည်း တွေးသင့်သည့်အရာပါ ။ ဆင်ခြင်သင့်သည့်အရာလည်း ဖြစ်ပါတယ် ။ ဘာလို့လဲဆိုရင် အစိုးမရတဲ့ သေခြင်းတရားဟာ မည့်သည့်အချိန်မှာ လာမည်ဟု ကျနော်တို့အားလုံး မသိကြသောကြောင့် ဖြစ်ပါသည် ။

ယခု ကျနော်တို့တတွေဖြစ်နေကြသည်မှာ လုပ်နေကြ အလုပ်များအပေါ် မသေတဲ့သူများလိုပဲ ပြုမူတတ်ကြတာပါ။ နောက် လူမှုဆက်ဆံရေးတွေအပေါ်မှာလည်း မာနများ ၊ တကိုယ်ကောင်း ဆန်ခြင်းများ ၊ ကိုယ့်အတွက်သာ ကြည့်တတ်ခြင်းများ နှင့်သာ အများဆုံး ပြုမူတတ်ကြသည်မှာလည်း ကိုယ်တွေ့ပင် ဖြစ်ကြတာပါ ။ သာမန်အားဖြင့် ပြောလိုက်ရင် လူ့ဘဝကို မသေခင် ဘယ်လိုအကျိုးပြုချင်တာ ဘယ်လိုမျိုး ဖြတ်သန်းချင်တာ စသဖြင့် စိတ်ကူးယဉ် ပြောချက်တွေသာ ထွက်လာကြမှာပါ ။ တကယ်လက်တွေ့မှာတော့ ဖြင့် လိပ်သာသာ အပြုအမူများသာ များကြပါသည် ။ ပြောချင်သည်က ကျနော်တို့ အစွန်းမကျဖို့ကို ပြောချင်တာပါ ။ မြတ်စွာဘုရား ကျင့်သုံးခဲ့တဲ့ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးစေချင်ပါတယ် ။

ပျားလည်းစွဲသာ ရှဉ့်လည်းလျှောက်သာ ဆိုသလိုပဲ နှစ်ဦးနှစ်ဘက် အဆင်ပြေကြမဲ့ နည်းလမ်းတွေကို ရွေးသုံးစေချင်တာပါ ။ အစွန်းမရောက်ပါနဲ့လို့ ပြောချင်တာက အစွန်းရောက်ရင် ပြုတ်ကျတတ်လို့ပါ ။ အလယ်မှာ နေပါ ။ ဘယ်အစွန်းကိုမှ မသွားပါနဲ့ လှုပ်ရှားနေတဲ့ လောကကြီးထဲမှာ ပြုတ်မကျစေဖို့ မိမိကိုယ်ကိုယ် ထိန်းရင်း လောကကို အလှဆင်ပေးကြပါ ။ ထိုသို့ အလှဆင်နိုင်ဖို့ရာ သေသူများ မတတ်နိုင်ပါ ။ ကျနော်တို့လို ရှင်လူများသာ ဖန်တီးနိုင်တဲ့ အရာမို့ မိမိပတ်ဝန်းကျင်ကို ငြိမ်းချမ်းခြင်းတွေ ဝေမျှနိုင်ပါစေ ။ ငြိမ်းချမ်းခြင်းဆိုသည်မှာ မိမိဆီမှ ဖော်ရွေမှု ကြင်နာမှုများနှင့် ချိုသာသော အပြုံးများကိုသာ ပေးစေချင်တဲ့ သဘောပါ ။ ထိုသို့ ပေးဆပ်ခြင်းဖြင့် ထိုအပေးခံလူရဲ့ နှလုံးသားမှာ မိမိဆီမှာ ငြိမ်းချမ်းခြင်း ဖော်ရွေခြင်းများ ကူးစက်သွားပါလိမ့်မည် ။ ထိုသို့ ကူးစက်ခြင်းဖြင့် ထိုသူနဲ့ ဆက်စပ်နေသောသူများပါ ထိုသူ့ဆီမှ ငြိမ်းချမ်းခြင်းများ ကူးစက်ကာ လောကကြီး အလိုလို လှပါလာပါလိမ့်မည် ။

မည်သို့ပင် တပါးသူက ဆိုးသွမ်း အကျည်းတန်နေပါစေ မိမိဆီမှ မေတ္တာလှိုင်းများ နှင့်အတူ တဖက်လူကို အရေးတယူ လက်ခံခြင်းများကို ပေးလိုက်ပါ ။ ချိုသာခြင်းကို လူတိုင်းနှစ်သက်သောကြောင့်ပါ .။ အရင်က ပြောဖူးပါတယ် ချိုသာခြင်း ကြင်နာခြင်းတွေကို လူမဆိုထားနှင့် တိရိစ္ဆာန်လေးတွေတောင် နားလည်ကြတယ် နှစ်သက်ကြတယ် ဆိုတဲ့ အကြောင်းပါ ။ သက်ရှိတွေမှာ နွေးထွေးမှုကို မြတ်နိုးကြပါတယ် ။ ကြင်နာမှုကို တောင်းတကြပါတယ် ။ မည်သို့သော အရာဝတ္ထုပစ္စည်းများကို ပိုင်ဆိုင်နေပါစေ ထိုသို့ ကြင်နာမှု များ မရှိရင် အလကားသာ ဖြစ်ပါမည် ။ နေရခဲတဲ့ လူ့ဘဝအတွင်း အသက်ရှင်စဉ်အတွင်းမှာ ထိုသို့ အနှစ်မရှိခြင်းများဖြင့် မနေချင်ပါ ။ မည်သူ့ကိုမျှလည်း ထိုသို့ မဖြစ်စေချင်ပါ ။

စကားတစ်ခွန်းရှိပါသည် ။  ဆိုးစရှိလျှင် ဆိုးချင်ချင် ၊ ကောင်းစရှိလျှင် ကောင်းချင်ချင် ဆိုတဲ့ စကားပါ ။ ကျနော်တို့ စိတ်တိုလိုက်ပြီဆိုလျှင် ထိုစိတ်က ဆက်တိုဖို့သာ ရှိပါတယ် တဖက်က အတိုက်အခံက တင်းမာနေရင် ထို စိတ်တိုဒေါသမီးက မငြိမ်းနိုင်ပါဘူး ဆက်လက် ပြင်းထန်ပေါက်ကွဲဖို့ပဲ ရှိတော့တာပါ ။ နောက်ပြီး စိတ်တို ဒေါသ ထွက်တာတွေက အမြဲလိုလို ဖြစ်နေပြီဆိုရင်တော့ မိမိကိုယ်ကို သတိထားပြီး ထိန်းဖို့ လိုလာပါပြီ ။ ဘာလို့လဲဆိုရင် မိမိတို့ စိတ်အတွင်းမှာ လုပ်နေကြ အရာများက စိမ့်ဝင်သွားတတ်လို့ပါ ။ မသိစိတ်လို့ခေါ်တဲ့ စိတ်ထဲကို မကောင်းတဲ့ စိတ်များ ဝင်သွားပြီဆိုလျှင် ထိုစိတ်ရဲ့ စွမ်းဆောင်ချက်ကြောင့် မိမိဆီမှ အလိုလိုပြုမူလိုက်မိသော ပြုမူမှုများသည် အဆိုးဘက်ကိုသာ ဦးတည်သွားတတ်ပါသည်။ ဒါကြောင့် စိတ်ဆိုးခြင်း စိတ်ကောက်ခြင်း ၊ ဒေါသတွေကို မဖြစ်အောင် ထိန်းသင့်ပါတယ် ။

ကောင်းစရှိလျှင် ကောင်းချင်ချင် ဆိုတာမှာတော့  စိတ်အစဉ်က သဘောတရားအတိုင်းပါပဲ ။ အကောင်းလုပ်စ ရှိလာလေလေ အကောင်းတွေသာ ထပ်လုပ်ဖြစ်လာလေလေ ပါပဲ ။ သူတပါးကို ကူညီလိုက်တဲ့ လူတစ်ယောက်စိတ်မှာ ထိုကူညီမှုကြောင့် တဖက်လူက ကျေးဇူးတရားဆိုပါမည် ။ ထိုသို့ မိမိကို ကျေးဇူးတရား ဆိုခြင်းသည် ကူညီသူရဲ့ စိတ်နှလုံးကို ပီတိ ဖြစ်မိသွားစေပါတယ် ။ ထိုကြောင့် မိမိကူညီလိုက်တဲ့ လုပ်ရပ်ကြောင့် ကျေနပ်ခြင်းဖြစ်စေပါတယ် ။ နောက် လိုအပ်တဲ့နေရာ အားပေးစရာ ဖြစ်နေတဲ့ နေရာ အားငယ်သူများနှင့် ကြုံတွေတဲ့ အချိန်တွေမှာဆိုရင် ထိုသူ့ဆီမှ ကူညီချင်စိတ်များ နိုးထလာကာ ကိုယ်ထိလက်ရောက် ကူညီမှုများ ဖြစ်သွားပါလိမ့်မည် ။ ထိုမှတဆင့် ကူညီဖို့ရာ ရဲ့ရင့်လာကာ အကောင်းတွေသာ ဆက်လက်တိုးတက်ဖြစ်ပေါ်လာပါမည် ။ ဒါတွေက လူ့သဘောတရားတွေပါ ။

ယခု ကျွန်ုပ်တို့ အသက်ရှင်နေပါသည် ။ သေလူများထက် လုပ်ပိုင်ခွင့် နှိုင်းဆလို့မရအောင်ရှိပါတယ်။ ထိုလုပ်ပိုင်ခွင့်တွေမှာ ကောင်းခြင်းတွေ ဖြစ်စေတဲ့ လုပ်ပိုင်ခွင့် ဖြစ်ဖို့က ကျနော်တို့တာဝန်တွေပါ ။ မိမိဘဝကို တန်ဖိုးထားတဲ့ သူဆိုရင် ထိုလုပ်ပိုင်ခွင့်ကို အကျိုးရှိရှိအသုံးချကြမည်မှာ သေချာပါ ။ ထိုသို့ အကောင်းများ ဖြစ်စေအောင်လုပ်မယ်ဆိုတဲ့ အတွေးကို အနာဂတ်သို့မရွေ့ပါနဲ့ ။ ငါ ဘယ်အချိန်ရောက်ရင် ဘယ်အသက်အရွယ်ရောက်ရင် ဘယ်လောက်ချမ်းသာရင် ဘာနဲ့ နေရရင် စသဖြင့် အေးဆေးနေနိုင်တဲ့ အရာ တစ်ခုခုပိုင်ဆိုင်မှ လုပ်မည်ဟု အတွေးမရောက်စေချင်ပါ ။ အတွေးလည်း မရောက်သင့်ပါ ။ ဘာလို့လဲဆိုရင် နောက်ဆိုတာ မသေချာပါ ။ ယခု အချိန်သည်သာ တကယ့်လက်တွေ့ ရွှေရောင်အချိန်ပဲ ဖြစ်တာမို့ လက်မလွတ်စေချင်ပါ ။ အကယ်၍ လက်ရှိမိမိမှာ အကျိုးသက်ရောက်မှု မရှိတဲ့ စိတ်ထားများရှိနေလျှင်ဖြင့် သတိထား ရှောင်ကျဉ်စေချင်ပါတယ် ။ အကောင်းကိုသာ အပြုသဘောဆောင်၍ လုပ်ဆောင်စေချင်ပါတယ် ။

ထိုသို့ မိမိရဲ့ ကောင်းမှုလုပ်ရပ်တွေကို ယနေ့ဆိုသော အတိုင်းအတာအတွင်းမှာ လုပ်စေခြင်းမှာ ရှင်လူ သေလူ ဆိုတဲ့ ခြားနားချက်ကြောင့်လို့ ဆိုချင်ပါတယ် ။ တဖက်သာသွားတတ်သော နည်းလမ်းကြောင့်ပါ ။ အလေးချိန်ရှိတဲ့ ပစ္စည်းဟာ အမြင့်တနေရာ အထက်ကနေ အောက်ကို ကျသကဲ့သို့ ပါပဲ ။ ထိုပစ္စည်းဟာဖြင့် အောက်ကနေ အထက်ကို ပြန်တက်ရိုးထုံးစံမရှိနိုင်ပါ ။ သေခြင်းတရားနှင့် ပတ်သက်တဲ့ ရှင်လူနဲ့ သေလူမှာလည်း ထို့အတူပါပဲ ။ ရှင်လူမှသာ သေလူအဖြစ်သို့ ပြောင်းလဲသွားပြီး သေလူမှ ရှင်လူ ပြန်မဖြစ်လာနိုင်သော သဘောတရားပါ ။ ထိုရှင်ခြင်း မှ သေခြင်း ခြားနားခြင်းသည် အစိုးမရပါသောကြောင့် မိမိရဲ့ တနေ့တာဘဝကို အကောင်းဆုံးသော စိန်များဖြင့်သာ စီချယ်ကြဖို့ သတိပေးလိုပါသည် ။

အရင်ကရေးခဲ့သော ပြည့်ဝခြင်း အကြွေးဘဝတနေ့တာအမှိုက် ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ မိမိပိုင်ဆိုတဲ့ဘဝအတွက် အကောင်းဆုံးနေထိုင်နိုင်ခြင်းအကြောင်းများကို ကျနော့် အထင်အမြင်များဖြင့် ဆွေးနွေးထားပါတယ် ။ အချိန်ရလျှင်ဖြင့် ဖတ်စေချင်ပါသည် ။

ရေလိုအေးလို့ ပန်းလို ချမ်းမြေ့ကြပါစေ ……။

17-3-2011

ဘာနေ

Advertisements

3 thoughts on “ရှင်လူ

  1. သေလူတွေထဲမှာတော့ ရှင်လျှက်နဲ့ဘ၀တွေသေဆုံးသွား သူတွေအဆိုးဆုံးပါပဲ ။
    ဘ၀သေဆုံးသွားသူတွေထဲမှာ တစ်ချို့က မသိလို့မကျင့်သုံးခြင်းထက် ၊
    သိလျှက်နဲ့မလိုက်နာသူတွေလည်းပါပါတယ် ။
    အလိုတစ်ခုအတွက် မိုးခါးရေလိုက်သောက်ရင်း လူ့ပတ်ဝန်းကျင်ရဲ့အပြင်ဘက်ကို
    ရောက်သွားကြပါတယ် ။
    အားလုံးရှင်သန်ခြင်းတွေလှပနိုင်ပါစေ………..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s