ငြိမ်းချမ်းခြင်း

ငြိမ်းချမ်းခြင်း
ငြိမ်းချမ်းခြင်းဆိုလို့ ဘယ်လိုမျိုးလဲ သိချင်စရာဖြစ်နေပါလိမ့်မယ်။ ငြိမ်းချမ်းခြင်းဆိုတာ ဒုက္ခနည်းခြင်း စိတ်သောကကင်းခြင်း ငြိမ်းငြိမ်းအေးအေးလေးဖြင့် လူ့ဘဝကို ဖြတ်သန်းနေရခြင်း .. စသည့် သဘောများ သက်ရောက်ပါတယ် ။ တကယ်လက်တွေ့မှာတော့ ကိုယ်ခန္ဓာငြိမ်းချမ်းခြင်းထက် စိတ်ငြိမ်းချမ်းခြင်းက ပိုပြီး နှစ်သက်စရာကောင်းပါတယ် ။ စိတ်နဲ့ ကိုယ်ဟာ အမြဲလိုလို ဆက်စပ် ဒွန်တွဲနေပါတယ် ။ စိတ်ငြိမ်းချမ်းရင် ကိုယ်ခန္ဓာပါ ငြိမ်းချမ်းလာပါတယ် ။ ဒီတော့ စိတ်ကျန်းမာမှ ကိုယ်ကျန်းမာပါတယ် ။ ထိုအတူ ကိုယ်ကျန်းမာတဲ့သူ အများစုကလည်း စိတ်ကျန်းမာကြပါတယ် ။
ငြိမ်းချမ်းခြင်းဆိုတာ ကို လူတိုင်းအလိုရှိကြပါတယ် ။ ဒါပေမဲ့ လိုချင်ချင်ရှိပေမဲ့ မရယူတတ်ကြပါဘူး ။တကယ်တော့ ငြိမ်းချမ်းခြင်းက နေရာတိုင်းမှာ ရှိနေတတ်ပါတယ် ။ ကိုယ်က ဘယ်နေရာရောက်မှ ဘယ်လိုပုံစံရှိနေမှ ဘယ်လို ရာထူး တွေရမှ ဘယ်အသက်အရွယ်ရောက်မှ ဘယ်သူနဲ့နေမှ ဘယ်သူစကားနားထောင်မှ ငြိမ်းချမ်းအောင်နေမယ် စသဖြင့် တနေရာရာကို ဦးတည်ပြီး လွှဲချတတ်ကြပါတယ် ။ တကယ်တော့ ငြိမ်းချမ်းခြင်းကို မွေးဖွားဖို့က မိမိဆီမှာပဲ ဖြစ်တည်ပါတယ် ။ ငြိမ်းချမ်းခြင်းကို ခံစားဖို့ကလည်း မိမိပဲ ဖြစ်နေပါတယ် ။ ဒါပေမဲ့ လူအများစုက ငြိမ်းချမ်းခြင်းဟာ တခြားနေရာမှာ ရှိနေတယ်လို့ ထင်မြင်ကြပါတယ် ။ ဘာလို့အဲ့ဒီလိုမြင်လဲဆိုရင် သူတို့ဆီမှာ ငြိမ်းချမ်းခြင်းဟာ ကျင်လည်ကျက်စားလေ့ မရှိကြလိုပါပဲ ။
လူ့ဘဝမှာ ဖြတ်သန်းစဉ်တစ်လျှောက်  အဆင်မပြေတာတွေ ရှိမယ် ၊ ကိုဖြစ်ချင်သလို ဖြစ်မလာတာတွေရှိမယ် ၊ သွားချင်တဲ့ နေရာကို လက်တကမ်းအလိုရောက်မှ မဆုပ်ကိုင်မိတာဖြစ်မယ် ၊ ချစ်ခြင်း အလွဲတွေလည်းရှိမယ် ၊ အညှိုးအတေးလေးတွေလည်းရှိမယ် ၊ ပျော်ရွှင်စရာတွေလည်း ရှိမယ် ၊  စိတ်ညစ်တဲ့ အချိန်လည်းဖြတ်သန်းရမယ် ၊ ချစ်တဲ့ သူတွေနဲ့ ရှင်ကွဲ သော်လည်းကောင်း သေကွဲ သော်လည်းကောင်း ခွဲခွာခြင်းလည်း ကြုံလိမ့်မယ် ၊ မဖြစ်ချင်တာလည်း ဖြစ်လာတတ်လိမ့်မယ် ၊ ပိုင်ဆိုင်ချင်တာများလည်း ရှားပါးနေလိမ့်မယ် ၊ လိုတာရသလိုလိုနဲ့ လိုနေမြဲလည်း ဖြစ်နေလိမ့်မယ် ။ ထိုအရာတွေနဲ့ ဘဝတစ်ခုဟာ သူ့အခန်းနဲ့ သူ သရုပ်ဆောင် နေကြတာပါ  ။
လူအများစုရဲ့ အတွေးတွေက “တို့ဘဝတစ်လျှောက်မှာ တို့ဘယ်လိုနေမယ် ၊ ဘယ်လိုအဆုံးသတ်မယ် ၊ ဘယ်လိုနားလည်ပေးကြမယ် ၊ နောက် ဘယ်လိုကောင်းကျိုးအလုပ်တွေ ကို လောကကြီးအတွက် ပေးဆပ်မယ် ၊ နောက် အေးချမ်းရာကို ဒို့ ရှာကြမယ် ၊ ဒို့မသေခင်မှာ ငြိမ်းငြိမ်းချမ်းချမ်းလေးနေသွားမယ် ။ အဲ့ဒီအချိန်ကြရင် ဒို့ဆီမှာ လောဘ ဒေါသ မောဟ ကင်းနေအောင် ထားမယ် ။ သူများတွေကို နိုင်ထက်စီးနင်း မလုပ်တော့ဘူး ။ အားလုံးကိုနားလည်ပေးမယ် ။ ပျော်ရွှင် ငြိမ်းချမ်းရာကို ဖြတ်သန်းမယ်” စသဖြင့် ဘဝခရီးတာကို အပိုင်းအပိုင်း အဆစ်ဆစ်ဖြင့် တွက်ဆနေကြမယ်လို့ ထင်ပါတယ် ။ ဒါပေမဲ့ တစ်ခုပြောချင်မိတာကတော့ “ဘယ်အချိန်မှာဖြင့် တို့ ငြိမ်းချမ်းအောင် နေမယ်”ဆိုတဲ့ အတွေးဟာ မသေချာ မရေရာပါဘူးလို့ ဆိုချင်ပါတယ် ။
မိမိကိုယ်တိုင် ဒီနှစ်ကုန်အထိ အသက်ရှင်ရှင် ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်မယ်လို့ အာမခံနိုင်ပါသလား ။ ဖျားနာခြင်း စတဲ့ ကျန်းမာရေးချို့တဲ့ခြင်း ၊ မမျှော်လင့်ပဲ ဖြစ်လာတတ်မှုများ ဒါတွေဟာ သင်ရှောင်လွဲလို့ မရတဲ့ အရာတွေ ဖြစ်နေပါလိမ့်မယ် ။ မကျန်းမာတဲ့အချိန် တစ်ခုခုဖြစ်လို့ စိတ်ပုံမှန်မဟုတ်သွားတဲ့ အချိန်မှာ ငြိမ်းချမ်းခြင်း ဆိုတာ မိမိဆီမှာ ဖြစ်မလာနိုင်ပါဘူး ။ ထိုအချိန်များမှာဖြင့် ပူပင်ခြင်း စိုးရိမ်ခြင်း ဆိုတဲ့ အတွေးများဖြင့် အပူမီးများ ဖြစ်နေပါလိမ့်မယ် ။ အချိန်ရှိခိုက် ငယ်ရွယ်စဉ်အခါမှာ မိမိဘဝကို သေချာ ကျနစွာ တည်ဆောက်မလာတဲ့သူဟာ မိမိဘဝနေဝင်ချိန်မှာ နောင်တများရစမြဲပါ ။ ထိုအချိန်ဟာဖြင့် မည်သို့မျှ မတတ်နိုင်တဲ့ အခြေအနေပါ ။
လူတိုင်းလိုလိုပါပဲ တနေ့တာအလုပ်ပြီးချိန် အိပ်ပြန်ချိန်မှာ ကျေနပ်မှု ပျော်ရွှင်မှုဖြင့် ဖြတ်သန်းချင်ကြပါတယ် ။ ထိုသို့ ကျေနပ်ပျော်ရွှင်ချိန်တွေအစား  အပူတွေဖြင့် ရင်ဆိုင်ရခြင်း ၊ တွေးနေရခြင်းကို မည်သို့သောသူမျှ မနှစ်မျိုနိုင်ပါ။ အဲ့ဒီလိုပဲ မိမိဘဝအဆုံးသတ်ချိန် နေဝင်ချိန် ၊ အိမ်ပြန်ချိန် နားချိန်မှာ ငြိမ်းချမ်းခြင်းဖြင့်သာ လူတိုင်းအလိုရှိကြသည်သာပါ ။ လိုချင်ကြတယ် ။ လိုချင်တယ် ။ မည်သို့ရမလဲ သိချင်ကြတယ် ။ သိချင်နေတယ် ။ မည်သူလမ်းပြမလဲ ။ ဆိုတာတွေကို မျှော်လင့်မိမယ်ထင်ပါတယ် ။ တချို့တလေကတော့ ထိုသို့ ငြိမ်းချမ်းခြင်းကို မည်သူ့ဆီကရနိုင်မလဲ ဆိုတာကို သိတယ် ။ မည်သို့ လုပ်ရမလဲ ဆိုတာကိုလည်း သဲ့သဲ့လေး သိကြပြန်ပါတယ် ။ ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ တနေ့တာရဲ့ နိစ္စဓူဝ ကို မကျော်ဖြတ်နိုင်ကြပါဘူး ။ တကယ်တော့ ငြိမ်းချမ်းခြင်းကိုရဖို့ အလုပ်နဲ့ သက်သေပြမှ ရပါလိမ့်မယ် ။ အလုပ်လုပ်မှ ထမင်းစားရမယ် ဆိုသလိုပဲ စိတ်ကိုလေ့ကျင့်ပေးတဲ့ အလုပ်ကို လုပ်မှ ငြိမ်းချမ်းမှုကို ရပါလိမ့်မယ် ။
ဖြတ်သန်းနေတဲ့ မိမိဘဝကို ပြုပြင်ပြောင်းလဲပြီး တန်ဖိုးတက်အောင် လုပ်ဖို့ စိတ်မဝင်စားတဲ့ သူများက  ဘဝတစ်ခုဟာ အချိန်တန်ရင် ပြီသွားပါလိမ့်မယ်ဆိုပြီး ရိုးအီနေတဲ့ဘဝကိုသာ ရိုးအီနေတဲ့ အကျင့်တွေနဲ့ မသိမသာနေသွားကြတာပါ။ အမှန်မှာတော့ဖြင့် အချိန်ရှိနေတုန်း သတိထားသင့်တာ။ လုပ်ခွင့် ရှိနေတုန်း လုပ်သင့်တာပါ ။ ဘာလုပ်သင့်လဲ ဆိုရင် မိမိစိတ်အိမ်ကို ငြိမ်းချမ်းမှု နယ်ထဲသို့ ရွှေ့ပြောင်းသင့်တာပါ။ ဘယ်လိုရွှေ့မလဲဆိုရင်တော့ သတိထားပြီး မိမိစိတ်ကို စောင့်ကြည့်နေခြင်းဖြင့် မိမိစိတ်ဘယ်သို့ရှိတယ်ဆိုတာသိလာပါလိမ့်မယ် ထိုမှ ထိန်းသိမ်းခြင်းဖြင့် တည်ဆောက်ရပါမယ် ။
စိတ်ကို တည်ငြိမ်အောင်လုပ်ခြင်းသည် မိမိစိတ်ကို ပျံ့လွှင့်ခြင်း ဖြစ်မနေစေပဲ စိတ်နဲ့မိမိလုပ်ရပ်တွေနဲ့ ကပ်နေအောင် ထိန်းထားခြင်း ၊ သတိထားခြင်းပါ ။ ထိုအရာသည် စိတ်ကို တည်ငြိမ်စေပြီး မိမိကျင်လည်နေတဲ့ လုပ်ငန်းကိုပါ တိတိကျကျနဲ့ တိုးတက်မှု ပိုမိုရရှိလာမှုကို ဖြစ်စေပါတယ် ။ သတိရှိခြင်းသည် တခြားနည်းနဲ့ ပြောမယ်ဆိုရင် သမာဓိကောင်းခြင်း လို့ ဆိုချင်ပါတယ် ။ ထိုသို့ တည်ငြိမ်အောင်နေခြင်းဟာ ငြိမ်းချမ်းမှုကို ဖြစ်စေပါတယ် ။ မိမိအတွက် အဘက်ဘက်က အကျိုးဖြစ်စေတဲ့ အကြောင်းတရားကို အချိန်ရှိတုန်းလုပ်စေချင်ပါတယ် ။ ထိုသို့ တည်ငြိမ်ဖို့ အတွက်ဆိုရင် တရားထိုင်ခြင်းများ ဖြင့်လည်းရရှိနိုင်ပါတယ် ။ မိမိနေ့စဉ်အလုပ်ကို သတိထားပြီး လုပ်ခြင်းများဖြင့်လည်း ရရှိနိုင်ပါတယ် ။ ဘယ်အရာနဲ့ပဲဖြစ်ဖြစ် မိမိသည် တည်ငြိမ်နေမှုအဖြစ်ကို ရသွာလျှင်ဖြင့် ကျေနပ်စရာပါ ။
စိတ်ငြိမ်းချမ်းမှုဖြစ်လာဖို့အတွက် မိမိဘဝကို ရိုးရိုးရှင်းရှင်းလေးမြင်ပေးပါ ။ ထိုအမြင်ကြောင့် မိမိစိတ်အိမ်ကလည်း ရိုးရှင်းလာပါလိမ့်မယ် ။ ထိုသို့ ရိုးရှင်းလာပြီဆိုလျှင်တော့  မိမိကိုယ်တိုင်ကလည်း ငြိမ်းချမ်းလာတာကို သိရှိခံစားရပါလိမ့်မယ်။

မိမိဟာ လူ့ဘဝမှာ နေရဖို့ ရက်ပိုင်းအတွင်းပဲ ကျန်တော့တယ်ဆိုရင် သင်ဘာကိုရွေးချယ်မလဲ ။ ထိုအချိန်မှာ မိမိအတွက် မည်သို့သော အရာကို ဆုပ်ကိုင်မည်လဲ ။ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ သင်ဟာ အဆုံးသတ်ခံရမဲ့ သူဆိုတာ မမေ့စေချင်ပါ ။

9.3.2011

ဘာနေ

Advertisements

5 thoughts on “ငြိမ်းချမ်းခြင်း

  1. စိတ်ထောင်းကိုယ်ကြေ ၊ စိတ်ပျိုကိုယ်နု ဆိုပြီး ရှေးလူကြီးတွေက ကျွန်တော်တို့ကိုလက်ဆောင်စကား
    ထားရစ်ခဲ့ပါသည် ။ သို့သော်လည်းပေါ့လေ ကျွန်တော်တို့စိတ်တွေအမြဲတမ်း ပျိုမျစ်နုညံ့ပျော်ရွှင်နေ
    ဖို့ကခက်မယ်ထင်ပါသည် ။ စိတ်ဆိုတဲ့နာမ်ပုဒ်လေးနဲ့ညစ်ဆိုတဲ့ကြိယာပုဒ်လေးတွဲစပ်ထားတဲ့“စိတ်ညစ်”
    ဆိုတဲ့ဝေါဟာရလေးကိုညာဏ်မှီသလောက်စဉ်းစားကြည့်မိပါသည် ။
    စိတ်ဆိုတာ-အမြင် ၊ အကြား ၊ အနံ့ ၊ အရသာ ၊ အတွေ့ ၊ ဆိုတဲ့ (အာရုံအားပါး)ကိုတွေ့ထိခြင်း ၊ ညွှတ်
    တတ်ခြင်း ၊ သိခြင်း သဘောလေးလို့သိရပါသည်။ ညစ်-ဆိုတာ-မသန့်ရှင်းခြင်း ၊ ပေကျံခြင်း လို့အဓိပ္ပါယ်
    ရမည်ထင်ပါသည် ။ နှစ်ပုဒ်ပေါင်းလိုက်ရင် အသိတွေမသန့်ရှင်းခြင်း ။ အသိတွေပေကျံနေခြင်းလို့ဖွင့်ဆို
    ရမည်ထင်ပါသည်။ ဒါကြောင့်ကျွန်တော်တို့အသိတွေ ဘာကြောင့် မသန့်ရှင်း ပေကျံနေရသလဲလို့
    စဉ်းစားကြည့်သင့်ပါသည် ။ မသန့်ရှင်းပေကျံနေတာကိုသိပြီးဖယ်ရှားပစ်မှသန့်ရှင်းတဲ့အသိကိုရရှိနိုင်မည်
    ဖြစ်ပါသည် ။ ကျွန်တော်တို့တွေ့ထိနေရတဲ့ အာရုံငါးပါးမှာ တပ်နှစ်သက်စရာ ၊ မနှစ်မြို့စရာ ၊ တွေဝေ
    စဉ်းစားစရာ ၊ ၀န်တိုစရာ ၊ မနာလိုစရာ ၊ မကျေနပ်စရာတွေကအပြည့်ပါနေပါသည်။ ဒီအာရုံဆိုးတွေရဲ့
    ဝေရာမှာ ကျွန်တော်တို့အသိတွေဘယ်လိုထားမလဲ စဉ်းစားဖို့ကောင်းပါသည်။ ( ဒီနေရမှာ ဘယ်လိုနေ ၊
    ဘယ်လိုကျင့်လို့ နည်းလမ်းမညွှန်ပြနိုင်တာခွင့်လွှတ်စေချင်ပါသည် ) အသင့်အတင့်နှလုံးသွင်းခြင်း
    ဆိုတာကလည်း လူတိုင်းကြားဖူးပါသည် ။ တစ်ယောက်ထဲမျက်စေ့မှိတ်စဉ်းစားတွေးတောနေတဲ့အခါ
    မျိုးမှာ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် အခါကာလသုံးမျိုးထဲက ဘယ်လိုအရာမျိုးတွေမှာ မိမိစိတ်တွေ
    ပျော်မွေ့တာများသလဲလို့ပြန်လည်သုံးသပ်ကြည့်စေချင်ပါသည် ။ မိမိစိတ်ထဲမှာဖြစ်နေတာမိမိသာအသိ
    ဆုံးဖြစ်တဲ့အတွက် အမြဲတမ်းသုံးသပ် ၊ ပြင်ဆင်ပေးနိုင်မယ်ဆိုလျှင် စိတ်ဓာတ်အရည်အသွေးတွေတိုးတက်
    လာပြီး ခံနိုင်ရည်အားတွေပြည့်ဝလာမည်ထင်ပါသည် ။ ခံနိုင်ရည်အားတွေပြည့်ဝလာတဲ့စိတ်ထားပိုင်ရှင်
    ဟာပျော်ရွှင်ချမ်းမြေ့မှုတွေကိုပိုင်ဆိုင်နိုင်မည်ဟုထင်ပါသည် ။ တစ်ခါတစ်ခါ မိမိစိတ်ကို ကာလသုံးပါးမှာ
    ပြေးလွှားမနေစေပဲ တစ်နေရာတည်းမှာ တည့်တန့်နေအောင်လေ့ကျင့်ကြည့်စေလိုပါသည် ။
    (သိသလောက်လေး comment ရေးခြင်းဖြစ်ပါသည် ။ ဖတ်သူအပေါင်းကို ဆရာမလုပ်ပါကြောင်း)

      1. ကျွန်တော်ကတော့ဘယ်အခြေအနေမှာဖြစ်ဖြစ်စိတ်အေးအေးလေးနဲ့ပဲလုပ်သွားချင်တယ်ဗျာ။ပျော်ရွှင်မှုနဲ့စိတ်
        အေးချမ်းမှုဆိုရင်စိတ်အေးချမ်းမှုကိုပဲအရမ်းနှစ်သက်တယ်။ဒါပေမယ့်ဒီအေးချမ်းမှုကတန်ဖိုးရှိတော့ရအောင်
        တော်တော်ကြိုးစားယူနေရတယ်ဗျ။

        1. ဟုတ်ကဲ့ဗျာ အကျင့်လေးရလာရင် အဆင်ပြေသွားပါလိမ့်မယ် .. နောက်မဆုတ်ပဲ လုပ်ကြည့်ပါ အရှုံးမရှိနိုင်တဲ့ လုပ်ရပ်တွေပါ .. နေဝင်ချိန်ရောက်မှ ထင်ထင်ရှားရှားသိလာပါလိမ့်မယ် ..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s