အညာသား

အညာသား

အများအားဖြင့် မြန်မာနိုင်ငံသားတိုင်း အညာသား ဆိုတဲ့ အခေါ်အဝေါ်စကားလုံးကိုသိကြပါတယ် ။ အညာသား ဟာ သာမန်ကြည့်မယ်ဆိုရင်တော့ ညာ ဆိုတာပါတော့ ညာတတ်တဲ့သူလို့ မြင်ချင်သယောင်ပါ .. ဒါပေမဲ့ တကယ်တော့ စကားလုံးရဲ့ အဓိပ္ပါယ်က အဲ့ဒီလိုမဟုတ်ပါဘူး ။ အညာသား ဆိုတာမှာ ညာဆိုတဲ့စကားလုံးကို ပြောချင်ပါသေးတယ် ။ ကျနော်တို့ မြစ်တစ်ခုကို ဆိုလိုကြည့်ပါမယ် . မြစ်ရဲ့ အစကို မြစ်ညာဟု ခေါ်ဝေါ်ပြီး မြစ်အဆုံးဘက်ကို မြစ်အောက်ဘက်လို့ ခေါ်ကြပါတယ် ။ ထိုသို့ အယူမှ မြန်မာနိုင်ငံ အထက်ပိုင်းသားများကို အညာသားဟု သတ်မှတ်ကြပြန်ပါတယ် ။

အညာသား ဆိုတဲ့ အခေါ်အဝေါ်နဲ့အတူ ရိုးသားခြင်း ၊ အခြင်း ၊ သဘောထားပွင့်လင်းခြင်း ၊ အရှိကိုအရှိအတိုင်း နေတတ်ခြင်း ၊ ရိုင်းပင်းကူညီလိုခြင်း ၊ တဖက်သားကို အားနာတတ်ခြင်း ၊ ဘာသာရေး ကိုင်းရှိုင်းခြင်း ၊ ဟန်ဆောင်မှုကင်းခြင်း ၊ ခေတ်ကို မမှီတတ်ခြင်း ၊ နှလုံးသား သဘောထား ရိုးဖြောင့်ခြင်း ရှိကြပါတယ် ။ ဒါတွေဟာ မွန်မြတ်ခြင်းတွေပါ လို့ ဆိုချင်မိပါတယ် .. ဘာကြောင့်လဲဆိုရင် သူများကို ထိခိုက်ခြင်းမရှိတဲ့ လုပ်ရပ်တွေပဲမို့ပါ ။ ဒါတွေဟာ ဘယ်ကနေ ဆင်းသက်လာသလဲဆိုရင် ဗုဒ္ဓဘာသာမှ အရင်းခံလာခြင်းဖြစ်ပါတယ် ။ ဒီလိုပြောလို့ တခြားသူတွေဖြစ်တဲ့ မြို့သူမြို့သား ရန်ကုန်သူ ရန်ကုန်သားတွေကရော ဗုဒ္ဓဘာသာ မဟုတ်တော့ဘူးလားလို့ မေးချင်နေမိပါလိမ့်မယ် ။ ထိုအတွက် အဖြေကတော့ ရိုးရှင်းစွာ ကွာခြားပါတယ် ။

ကျနော်တို့ အညာဒေသ အထက်ပိုင်း ဘက်မှာဆိုရင် ၊ ကျေးလက်တောရွာဘက်တွေမှာပေါ့ဗျာ … အများအားဖြင့် ဘုန်းကြီးကျောင်း မရောက်ဖူးတဲ့သူမရှိပါဘူး ။ ဘုန်းတော်ကြီးတွေရဲ့ ဆုံးမစကားကို မနာကြားဖူးသူ ရှားပါးပါတယ် ။ ကျောင်းသားများဆိုရင် ဘုန်းတော်ကြီးများအဆုံးအမ တွေ ထုံးမွမ်းနေတတ်ကြပါတယ် ။ လူကြီးတွေက အများဆုံးဘုန်းကြီးကျောင်းကို အရောက်များပါတယ် ။ အပတ်စဉ် ဥပုသ်ရက်တွေရှိကြတော့ ဥပုသ် စောင့်ဖြစ်ကြတယ် ဒီတော့ တရားတွေနဲ့ အထိအတွေများကြတယ် ။ သားသမီးတွေအတွက်လည်း အဆုံးအမ ကောင်းတဲ့သူတွေဖြစ်လာကြတယ် ။ ဒီလိုနဲ့ အဲ့ဒီ နယ်ဘက်ကသူတွေက ဗုဒ္ဓအဆုံးအမတွေနဲ့ ကြီးပြင်းလာကြတယ် ။

လူတိုင်းအမှားတော့ ကင်းတာမဟုတ်ပါဘူး ။ တဖက်က ကောင်းသလို တဖက်မှာလည်းညံ့တတ်ကြပါတယ် ။ တချို့တွေ့ကြတဲ့ အညာသားတွေ ရှိကြပါတယ် .. စိတ်ထား ရိုးသလိုနဲ့ စကားပြောရာမှာ အရိုးခံဖြင့် ညင်သာမှု နည်းတတ်ပါတယ် (တချို့ပါ) ။ အများအားဖြင့် သူတို့က နွားကျောင်းသားများ ပါ (ကျနော်လည်း  နွားကျောင်းသားပါ 😛 ) ။ ဘာလို့နွားကျောင်းသားလဲဆိုရင် နွားကျောင်းရာမှာ ကိုယ်လိုရာကို နွားတွေသွားအောင် အော်ရငေါက်ရပါတယ် ဒီတော့ စကားတွေကြမ်းလာပါတယ် (တကယ်တော့ ခက်ထန်တဲ့ အသံမှ နွားက ကြောက်တဲ့သဘောလေ ) ။ အဲ့ဒီအချိန်မှာ လူက ကိုယ်စကားကို မပြင်နိုင်ပါဘူး ဘာလို့လဲဆိုတော့ တဖက်က တုံ့ပြန်ချက်ကြောင့်ပါ ။ တဖက်က ဘယ်လိုတုန့်ပြန်လဲဆိုရင် နွားတွေက စကားမပြောတတ်ပါ ။ အသံမာလေ ပိုသွားရလေ ။ ပိုသွားတာသိလေ အသံကျယ်လေ နဲ့ တဆင့်ထက်တဆင့် အသံကကျယ်လာပါတယ် ။ အဲ့ဒီလိုနဲ့ အသံကျယ်ခြင်း စကားလုံး ရိုင်းခြင်းတွေဟာ  တစတစနဲ့ အကျင့်ဖြစ်လာပါလေရော ။ ထိုမှတဆင့် သူ့စိတ်ကို စွဲပြီး  ကူးစက် ကူးစက် လာခြင်းပါ ။ နောက် ပတ်ဝန်းကျင်ပါ ထိုလှိုင်းဂယက် ခတ်မိသွားတတ်ပါတယ် ။ ဒါ တောသဘာဝပါ ။

မြို့နေလူငယ်တွေမှာဆိုရင်  နွားမကျောင်းရပါဘူး  ။ သူတို့အော်ငေါက်စရာရှိရင် အိမ်မွေးခွေးလေးတွေနဲ့ လူတွေကိုပဲရှိပါတယ် ။ လူတွေကိုငေါက်ရင် လူတွေက တုံ့ပြန်ပါတယ် ။ ထိုတုံ့ပြန်မှုကို လက်တွေ့သိချင်ရင်တော့ လူတစ်ယောက်ကို ဆဲကြည့်ပါ 😛 ။ တုံ့ပြန်ချက်ကို ကောင်းကောင်း သိသာပါလိမ့်မယ် ။ ထိုတုံ့ပြန်ချက်တွေကြောင့် ဆင်ခြင်လာပါတော့တယ် စကားလုံးတွေ လှအောင်သုံးလာပါတယ် နောက် လေချိုသွေးတတ်လာပါတယ် ။ ဒီတော့ ယဉ်ကျေးသဖွယ်ဖြစ်လာပါတယ် ။ လူကဲခတ်တတ်လာတော့ အကင်းလည်းပါးတတ်လာပါတယ် ( အရိပ်အခြေကိုသိသည် )။ အဲ့ဒါ မြို့မှာကြီးပြင်းတဲ့ သူများအပေါ် ကျနော့်ထင်မြင်ချက်ပါ။

တချို့ ပြောကြတယ် အညာသားတွေ ရန်ကုန်ကိုတက်သွားရင် လူလိမ်နဲ့ တွေ့အုံးမယ်တဲ့ ဟုတ်တယ် အယုံလွယ်ရင်တော့  သတိထားစရာပါ (ကျနော်လည်း တွေ့ဖူးလို့ပါ 😛 ) ။ လူ့သဘောသဘာဝက မတောက်တခေါက် သိုင်းတတ်တဲ့ လူငယ်လိုပဲ လူလည်လုပ်တတ်ခါစ လူတွေက ရိုးအသူတွေကို လက်တည့်စမ်းချင်ကြတယ် ။ လိမ်ချင်ကြတယ် ။ အဲ့ဒီမှာ လိမ်တဲ့သူက တရားတာမတရားတာ မကြည့်တော့ဘူး ကိုယ့်လိုဘက်ပဲ ကြည့်ပြီး ချိုင်လိုက်တော့တာပဲ ။ တဖက်က ရိုးအတဲ့သူကလည်း သူ့သဘောရိုးကိုပဲ အားကိုးတာဆိုတော့ ပြောသမျှ အမှန်ထင်တယ်လေ ။ ဒီတော့ ပါလေသမျှ အကုန်ပဲ ။ ပြီးမှ ပါသွားပြီ .. ခုတော့ ပါသွားပြီ ဆိုပြီး စိတ်ထဲက ကြိတ်ပြီး ခဲမလို ခဲမရ ဖြစ်နေခဲ့တာပါ ။ တကယ်တော့ အယုံလွယ်ခြင်းနဲ့ ရိုးအခြင်း တွေကြောင့် ဖြစ်မိတာပါ ။

ဒီနေရာမှာ တချို့ အလိမ်ခံရခြင်း သဘောလေးကို အနည်းငယ်ပြောချင်မိပါတယ် ။ လူအများစုမှ လောဘ ဆိုတာရှိပါတယ် ။ ဘယ်နားက အလကားရတယ်တဲ့ ဆိုရင် ဝိုင်းအုံလို့ လိုချင်ကြတာ ။ ပွဲ တစ်ခုခု မှာဆိုရင်  အလကားရတဲ့ နေရာမှာ လူတွေအစည်ဆုံး ။ နောက် shopping ထွက်ရင်တောင် တန်ရာတန်ကျေးထက် လျှော့ရရင် ပြုံးလို့ ပျော်လို့ပါ ။ တချို့ပြောကြပါတယ် ဘယ်နေ့က ဘယ်ဆိုင်က ငါဘယ်လောက်ပိုရတာ ၊ ဈေးဘယ်လောက်နဲ့ ရတာ ၊ ဘယ်လိုလျှော့ပေးတာ  စသဖြင့် ဂုဏ်ဖော်သလိုနဲ မိမိလောဘကို အသိအသာကြီး ပြနေကြတာတွေ့ဖူးပါတယ် ။ ကျနော်လည်းဖြစ်ဖူးပါတယ် ။ အဲ့ဒီလိုပဲ တုံ့ပြန်ခဲ့ဖူးပါတယ် ။ သို့ပေမဲ့ မဖြစ်သင့်တဲ့ အရာဆိုတာ သိသာစရာပါ ။

ကိုယ်က သူများ ဆီကနေ တန်ရာတန်ကြေးထက်ပိုပြီးရခဲ့ရင် မကောင်းဘူးလို့မြင်ပါတယ် ။ ဘာလို့လဲဆို ကိုယ်က အဆမတန်ဈေးရပြီး တဖက်က ဈေးနည်းနည်းနဲ့ ဖြစ်နေမယ်ဆိုရင် မတရားသလိုဖြစ်နေမယ်လို့ ထင်ပါတယ် ။ ဥပမာ ဆိုင်တစ်ဆိုင်မှာ မုန့်ဝယ်တယ်ပေါ့ ဆိုင်ရှင်က မုန့်ကိုဈေးမှားပြီး ရောင်းလိုက်ပါတယ် ။ အဲ့ဒီအခါ ဝယ်သွားတဲ့သူက ပိုက်ဆံအချောင်ရသလို သက်သာသွားတာပေါ့ ။ ဒီသဘောမှာကြည့်ရင် ဆိုင်ရှင်ကို ပြန်အသိမပေးပဲနေရင် မကောင်းမှုကိုပြုတဲ့သဘော သက်ရောက်သွားပါမယ် ။ ဆိုင်ရှင်ကို အသိပေးပြီး မှားနေပါတယ်ပြောရင်တော့ ကောင်းမှု ရိုးဖြောင့်မှု ကို ဖော်ပြတဲ့သဘော သက်ရောက်ပါမယ် ။

ကျနော်ယခု အညာသားတွေ ရိုးသားတာကိုပြောရခြင်းထက် လူတိုင်းရိုးသားတယ်ဆိုတာကိုပိုမို မြတ်နိုးပါတယ် တကယ်တော့ လူတွေက လူတွေချည်းပါပဲ ။ ရိုင်းပင်းပါ ကူညီပါ အားပေးပါ ဆိုတဲ့ စိတ်ထားအတွေးလေးတွေ ရှိသင့်ပါတယ် ။ ကူညီသင့်သူကိုကူညီပါ။ ကိုယ့်ဘဝလည်းမည်သို့မည်ပုံ ဖြစ်လာမည်ကို ပြောမရပါသောကြောင့် မိမိအနာဂတ်သည်လည်းပဲ မသေချာတဲ့ နယ်မြေပါ ။ ကောင်းတယ်ထင်တာ ကောင်းမွန်တာ ပညာရှိတို့ ချီးမွမ်းကြသည့် လုပ်ရပ်များကို လုပ်ဆောင်ကြပါ။

ဘဝတနေ့တာအတွင်းမှာ နေမင်းကသော်လည်းကောင်း အချိန်ကသော်လည်းကောင်း ရပ်စောင့်ခြင်း ဆိုတာ ဘယ်တုံးကမှ မရှိခဲ့သလို ဘယ်တော့မှလည်း မရှိလာနိုင်ပါ ။

3-3-2011

ဘာနေ

Advertisements

One thought on “အညာသား

  1. အညာနဲ့ရိုးသားခြင်းအကြောင်းသိတာလေး ရေးခဲ့ပါတယ် ။
    အညာ-အကြေ ဆိုတာ အထက်နဲ့အောက်ကို သုံးစွဲခဲ့တဲ့ပေါရာဏစကားလုံးလေးဖြစ်ပါတယ် ။ လယ်တီဆရာ
    တော်ကြီးက မိုက်မလင်းနိုင်လို့လေးချိုးကြီးထဲမှာ “ညာ”ကိုဒီလိုသုံးစွဲခဲ့ပါတယ် ။ (မိုက်မလင်းနိုင်လို့ ၊ မြိုက်ခင်းညာဆီမှာ ၊ ခါတော်မှီသီမဝေ့နိုင်ဘု ) နိဗ္ဗာန်ကို “ညာ”လို့သုံးစွဲခဲ့ပါတယ် ။
    မြန်မာတို့ရဲ့ပင်ကိုယ်စိတ်ရင်းကိုသိချင်ရင် အထက်အညာကိုသွားလို့ဆိုကြပါတယ် ။
    ရေကြည်ရာမျက်နုရာရှာဖွေရင်း အညာသားတွေ မြေနုကျွန်းဒေသအောက်အရပ်ကိုစုန်ဆင်းလာလို့
    အောက်အရပ်မှာ အညာ အကြေသားတွေရောထွေးသွားပါတယ် ။
    ရောထွေးသွားတဲ့လူမျိုးစုံကြောင့်အောက်အရပ်မှာ စရိုက်တွေပိုစုံတယ်လို့ပြောလို့ရမယ်ထင်ပါတယ်။
    အထက်အောက်အစုန်အဆန်သွားလာဖူးတဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင် မတူတာလေးတွေလည်း
    ရှိရဲ့ ၊တူတာလေးတွေလည်းရှိပါတယ် ။ ဖော်ရွေခြင်း ၊ ရိုင်းပင်းကူညီတတ်ခြင်း ဆိုတဲ့ မြန်မာတို့ရဲ့
    ပင်ကိုယ်စိတ်ဓာတ်လေးတွေကို အထက်မှာရော အောက်မှာပါတွေ့ခဲ့ရပါတယ် ။
    ဧည့်ဝတ်ကျေပွန်တဲ့နေရာမှာတော့အထက်ကသာမယ်ထင်ပါတယ် ။ ဧည့်သည်ရောက်လာပီဆို
    သက်ဆိုင်ရာအိမ်ရှင်က ကျွေးမွေးရတာ တစ်ရက်လောက်ပါပဲ ၊ ကျန်ရက်တွေက အိမ်ရှင်အမျိုးနဲ့ရင်းနှီး
    ရာအိမ်တွေက ကျွေးကြတာတွေ့ရပါတယ် ။ (သိသိမသိသိ) ၊ (တစ်ချို့အထက်ဒေသတွေကတော့
    အောက်ပြည်နဲ့မခြားပါ )
    ရိုးသားသူနဲ့မရိုးသားသူကတော့ အထက်မှာရော အောက်မှာပါ တွေ့ရပါတယ် ။
    လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာတဲ့တချို့အညာရွာတွေကတော့ အောက်ပြည်အောက်ရွာထက်
    ပိုပြီးဖွင့်ဖြိုးတိုးတက်လာ ၊ စရိုက်တွေပိုစုံလာတာတွေ့ရပါတယ် ။ ဖွံ့ဖြိုးတိုးတက်လာခြင်းသည်
    မြန်မာတို့ရဲ့ ဖော်ရွေရိုင်းပင်းတတ်တဲ့စရိုက်ကိုယုတ်လျော့သွားစေသလားဆိုတာစဉ်းစားမိပါတယ် ။
    မြန်မာတို့ရဲ့ပင်ကိုယ်စရိုက်မလျော့သွားတဲ့ဖွင့်ဖြိုးမှုကိုတောင့်တမိပါတယ် ။ ဖြစ်တော့မဖြစ်နိုင်ပါ ။
    တစ်ခုတိုးတက်ရင် တစ်ခုတော့ယုတ်လျော့သွားမှာပါပဲ ။ ရိုးသားတဲ့စရိုက်လေးများယုတ်လျော့မသွား
    ပဲဖွံ့ဖြိုးလာပါစေလို့ပဲဆုတောင်းနေမိပါတယ် ။ ရိုးသားခြင်းအကြောင်း post လေးများဆက်လက်ရေး
    နိုင်ပါစေ ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s