ပြည့်ဝခြင်း

ပြည့်ဝခြင်း

လောကအလယ်မှာ ပြည့်ပြည့်ဝဝနေရခြင်းဟာ ကောင်းမွန်ခြင်းပါပဲ ။ ပိန်ချိအားနည်းတာနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပြည့်ဝခြင်းဟာ စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ် ။ ပြည့်ဝခြင်းကို သက်မဲ့တွေမှာတောင် တိုင်းတာကြည့်ရင် ကွာခြားမှုဟာ သိသာပါတယ် ။ ပြည့်ဝခြင်းဟာ ကောင်းမွန်ခြင်းပါ ပြည့်စုံခြင်းပါ ။ အနာအဆာ ကင်းတဲ့သဘောပါ  သီးနှံတွေမှာဆိုရင် ပိုးကင်း ၊ ရောဂါကင်း ၊ အဟာရချို့တဲ့မှုကင်းခြင်းသဘောပါ ။ ဒါကို ပြည့်ဝခြင်းအဖြစ် တင်စားသုံးနှုန်းကြည့်တာပါ ။

သက်ရှိကျနော်တို့ လူသားတွေ အတွက် ပြည့်ဝခြင်းကို တိုင်းတာမယ်ဆိုရင် မည်သို့ဖြစ်မည်လဲ ဆိုတာ သိထားစရာပါ ။ တချို့တွေ ချီးမွမ်းသလိုနဲ့ ပြောကြပါတယ် “ဒီကလေး စိတ်သဘောထား ပြည့်ဝတယ်” စသဖြင့် ပြောကြ ဆိုကြပါတယ် ။ ဒီလို ပြောဆိုမှုခံရဖို့က သူ့အပြုအမူကြောင့် ပေါ်ထွက်လာတဲ့ သတ်မှတ်ခြင်းပါ ။ ထိုအပြုအမူကလည်း တစ်ခုနှစ်ခုလောက်နဲ့ ဖြစ်လာနိုင်ဖွယ်မရှိပါဘူး သူ့စိတ်က အမြဲလိုလိုကိုပဲ ပြည့်ဝနေမှ တခြားသူ စိတ်ကိုလည်း အမြဲလိုလို ဘဝင်တွေ့နေမှ ခေါ်ဝေါ်သမုတ်ကြတာပါ ။

ကျနော်တို့ လူတွေထဲက လူတွေမှာ ပြည့်ဝသူနဲ့ မပြည့်ဝသူဆိုတာကို ကျနော်တို့ သိထားသင့်ပါတယ် ။ ပြည့်ဝသူ တစ်ယောက်ရဲ့ ပြုမူနေကြ စရိုက်လက္ခဏာတွေကတော့ … အရာရာကို စိတ်ရှည်တယ် ၊ သည်းခံတယ် ၊ နားလည်ပေးတတ်တယ် ၊ အကောင်းမြင်ဝါဒနဲ့ အကောင်းကိုပဲ လက်ခံတယ်၊ အခြေအနေအရပ်ရပ်မှာ ရေရှည်အကျိုးကိုကြည့်တယ် ၊ ဟန်မဆောင်ဘူး ၊ ပြဿနာတွေကို ပြေလည်အောင် ဖန်တီးပေးနိုင်တယ် ၊ အတိုအရှည်ကိုသိတယ် ၊ ထိုသို့သော အသိများနဲ့လူကို ပြည့်ဝသူလို့ ခေါ်ပါတယ် ။

မပြည့်ဝသူကြတော့ရော ဘယ်လိုတွေလဲ ဆိုတာ သိရှိထားတာ ကောင်းပါတယ် ။ ထိုသူတွေဟာ အတွေ့အကြုံနည်းသလို စိတ်ကလည်း နုတယ်၊ အလိုမျကမှု တစ်ခုခုဖြစ်ပေါ်တိုင်း သူ့ကိုယ်ပိုင်စိတ်အိမ်ကို ညစ်ညမ်းတဲ့ အလွှာအဖြစ် ပြောင်းလဲပစ်လိုက်တယ် ။ စိတ်တိုလွယ်တယ် . ၊ ပြဿနာ တစ်ခုခု ဖြစ်တိုင်း သူများအပြစ်ချည်း ပြောတတ်တယ် ။ သူလုပ်ခဲ့လို့ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ဂုဏ်ဖော်လို့ မဆုံးတော့ဘူး ။ ကိစ္စတိုင်းကို အဆိုးဘက်ကနေ အများဆုံးကြည့်တယ် ။ သူ့အကြောင်းကို လူတွေသိမှာလည်း စိုးရိမ်တယ် .. ထို့ကြောင့် သူဟန်ဆောင်တယ် ။ လိုချင်မှုများတယ် ၊ စိတ်မငြိမ်ဘူး ၊ နားလည်မှု မရှိဘူး ၊ လူအများရှေ့မှာ ဆရာလုပ်ပြချင်စိတ် ရှိတယ် ၊ သူကိုယ်တိုင်က အရည်အချင်းမပြည့်ပဲ နေရာတိုင်းမှာ သူမပါရင်မပြီးချင်ဘူး ဖြစ်နေတတ်တယ် ။ သူများတွေအောင်မြင်တာ ပြီးမြောက်တာတွေကို လွယ်လွယ်နဲ့ ဝမ်းမသာတတ်ဘူး ။ အကယ်၍ ဝမ်းသာသောမျက်နှာဖြင့် တွေ့ရရင်လည်း စိတ်ထဲက ကြိတ်ခိုက်နေတတ်ပြီး မနာလို သလို မကြေမချမ်း ဖြစ်တတ်တယ်။ အဲ့ဒီလို စရိုက်မျိုးနဲ့သူကို မပြည့်ဝသူအဖြစ် သတ်မှတ်ပါတယ် ။

လူတွေမှာ အဲ့ဒီလို သဘောကွဲပြားပြီး သတ်မှတ်မှုတွေလည်းကွဲပြားသွားကြပါတယ် ။ ကျနော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စအဝဝ အလုပ်တွေထဲမှာ အဆင်မပြေမှု တစ်ခုခုအတွက် ဒေါသထွက်နေတယ်ဆိုရင် ထိုသူဟာ မပြည့်ဝသူပဲ ။ အဲ့ဒီဒေါသ ထွက်နေတဲ့သူက ကိုယ်ဖြစ်ခဲ့မယ်ဆိုရင်လည်း ကိုယ်ဟာ မပြည့်ဝသူဆိုတာ သိထားပေးစေချင်ပါတယ် ။ ထိုသို့ သိထားမိလိုက်ရင် မိမိဖြစ်နေတဲ့ ဒေါသကို ထိန်းဖို့ သတိရသွားပါလိမ့်မယ် ။ ထိုမှတဆင့် တဖက်သားကို နားလည်လာစိတ်များ ဖြစ်လာပြီး အကောင်းမြင်စိတ်များ ဖြင့် ပြဿနာတွေကို ဖြေရှင်းတတ်လာပါလိမ့်မယ် ။ ထိုသို့ သတိမရှိပါက မိမိဘာဖြစ်နေသည်ကိုပင် သိရှိရန် အချိန်ရတော့မည်မဟုတ်တော့ပါ ။

ဒေါသ စိတ်လိုပဲ လောဘစိတ်မျိုးတွေလည်း ဖြစ်တတ်တာတွေချည်းပါပဲ ။ သူများပိုင်တဲ့ ပစ္စည်းကို ကိုယ်ကပိုင်ချင်နေတဲ့စိတ် ၊ သူများက ကြိုးစားလို့ရတဲ့အရာကို ကိုယ်က မကြိုးစားပဲ အပိုင်စီးချင်တဲ့ စိတ် ၊ အစားအသောက်မှာကိုပဲ တူတူစားနေတဲ့ သူ အချင်းချင်း ကိုယ်က ပိုစားချင်တဲ့ စိတ် ပိုအရသာ ရှိတာကို စားချင်တဲ့ စိတ် ၊ လမ်းအတူတူလျှောက်သွားတာတောင် ကိုယ်သွားတဲ့ လမ်းက သူများသွားတဲ့ လမ်းထက် ပိုကောင်းတယ် ဆိုတဲ့ အထင်အမြင်စိတ် ၊ စသဖြင့် သူများရှိနေတာကို အကောင်းကို မမြင်တတ်ဟာလည်း မပြည့်ဝခြင်းပါပဲ ၊ တကယ်တော့ မုဒိတာ မထားနိုင်တာပါ ။ သူများရှိတာကို ကိုယ့်မှာ မရှိလို့စိတ်ဆင်းရဲ မနာလို ဖြစ်မဲ့ အစား သူနေ့ရာမှာ ဝင်ပြီး ကိုယ်မှာလည်း ရှိသလို စိတ်ထားပြီး မုဒိတာ ပွားများလိုက်ပါက မိမိကိုလည်း သတိပေးရာ ရောက်သလို မိမိဘဝအတွက်လည်း အေးချမ်းတဲ့ လမ်းအဖြစ် အသွင်ပြောင်းသွားစေနိုင်ပါတယ် ။

အဲ့ဒါတွေက ယခု လူမှုဘဝတွေမှာ ဖြစ်တတ်တာတွေပါ ။ ကိုယ်နှင့်မဆိုင်တာကိုလည်း ပိုင်ဆိုင်ချင်ချင် ဖြစ်နေတတ်ပါတယ် ။ ဒါတွေ ဖြစ်နေတာကို ကိုယ့်စိတ်မှာ အမှန်အတိုင်းသိတတ်ဖို့နဲ့ လက်ခံတတ်ဖို့ လိုပါတယ် ထိုသို့မှ မဟုတ်ရင် အများ လက်ခံ ပြောနေကြစကားလုံး ဖြစ်တဲ့ “ရင့်ကျက်ခြင်း” ဟာ ကိုယ့်ဆီ ရောက်မလာပဲ ရှိနေပါလိမ့်မယ် ။ ဘဝ နေဝင်ချိန်ထိသာ ထို အယူအဆ တွေသာ ပါသွားရင်ဖြင့် ထိုသူရဲ့ဘဝဟာ တန်ဖိုးမဲ့ တဲ့ ဘဝ ဖြစ်သွားပါလိမ့်မယ် ။ မည်သူမျှ တန်ဖိုးမဲ့တဲ့ဘဝ ကို မလိုချင်ကြပါဘူး … ဒါပေမဲ့ လုပ်ရပ်တွေကတော့ ထို ဘဝဆီကိုပဲ ဒရွတ်တိုက်ဆွဲခေါ်သွားနေတယ်ဆိုတာ မိမိပတ်ဝန်းကျင်မှာ မြင်မိကြပါမှာပါ ။ ထို အထဲမှာ ကိုယ်မပါရလေအောင် မိမိစိတ်ကို သေချာ ကြည့်ပါ ။ စိတ်တိုဒေါသထွက်နေရင်လည်း မိမိမပြည့်ဝဘူးဆိုတာ သိထားရပါမယ် ။ ထိုသို့ သိပြီး ပြုပြင်ပါ ။ ထို့နောက် သင်သည် အေးချမ်းတဲ့ ဘဝလေးကို အလိုလိုပိုင်ဆိုင်လာတာကို သိမြင်လာပါလိမ့်မယ် ။

ပိုင်ဆိုင်ခြင်းများ ၊ ဆင်းရဲခြင်းများ ၊ အသိပညာများ ၊ မိုက်မဲခြင်းများ ၊ ဘဝတန်ဖိုးကိုနားလည်ခြင်းများ ၊ ဘဝကို မည်သို့ နေမည်လဲ အတွေးများ ၊ မိမိဘဝကို အကောင်းဆုံးဖြစ်အောင် ဖန်တီးခြင်းများ ၊ ချမ်းသာအောင် ငွေဝင်သော လုပ်ငန်းများ လုပ်ခြင်း  ၊ ဒေါသများ ၊ အာဂါတများ ၊ တရားရှုမှတ်ခြင်းများ ၊ သတိဖြင့် နေခြင်းများ ၊ သမာဓိ ကောင်းခြင်းများ ၊ ဘာဝနာပွားခြင်းများ ၊ ပြုံးခြင်းများ ၊ ပျော်ရွှင်ခြင်းများ ၊ ဟန်ဆောင်ခြင်းများ ၊ လိမ်လည်ခြင်းများ ၊ ချစ်ခြင်းများ ၊ မုန်းခြင်းများ ၊ စကားပြောချိုသာခြင်းများ ၊ စိတ်ကို အေးချမ်းအောင် ထားခြင်းများ ၊ ကျေနပ်ခြင်းများ ၊ ဘဝကိုလေးစားခြင်းများ ၊ တန်ဖိုးထားတတ်ခြင်းများ ၊ ခံစားခြင်းများ ၊ အကောင်းမြင်တတ်ခြင်းများ ၊ အဆိုးမြင်တတ်ခြင်းများ ၊ သီလရှိခြင်းများ ၊ သီလမရှိခြင်းများ ၊ စာနာခြင်းများ ၊ မုဒိတာပွားခြင်း ၊ မေတ္တာထားခြင်း စသည့်အစိတ်အပိုင်းများကို လူ့ဘဝအတွင်းမှာ တပ်ဆင်ခွင့်ရှိပါတယ် ။

ထိုအထက်ပါ ကိရိယာ တွေထဲမှာ မိမိဘဝကို မည်သည်များဖြင့်တပ်ဆင်ပြီး ဘဝခရီးကို ဖြတ်သန်းဖို့ ရွေးချယ်မလဲ ဆိုတာကို မိမိမှာ လုပ်ပိုင်ခွင့်ရှိပါတယ် ။ ကြိုက်ရာရွေးပါ ဈေးနည်း ဈေးပေါ့ ရှိပါတယ် ။ လွယ်လွယ်ကူကူလုပ်ယူ၍ ရနိုင်သော အရာသည် ဈေးပေါပြီး ခက်ခက်ခဲခဲ လုပ်ယူရသော အရာသည် ဈေးကြီးပါသည်။ ထိုအထဲမှ ဈေးကြီးများဖြင့် မိမိဘဝကို တန်ဖိုးမြင့်အောင်တည်ဆောက်တတ်ဖို့လိုပါတယ် ။

ကျနော့်စိတ်ကူးထဲမှာတော့ လူသားအားလုံးကို  100% ရှိသော အရည်အသွေးကောင်းများဖြင့် ဘဝခရီးကို ဖြတ်သန်းစေချင်တာပါ ။ အားလုံးကို စိန်စီတဲ့ ဘဝ ဖြစ်ကြစေဖို့  အားပေးလျှက်ပါ ။

 

25-2-2011

ဘာနေ

 

Advertisements

2 thoughts on “ပြည့်ဝခြင်း

  1. တကယ်ကိုတန်ဖိုးရှိတဲ့ ပို့စ်လေးပါ။ စိတ်ထဲမှာ တစ်ခုခု ကျန်ခဲ့ပါတယ်ဗျာ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s