အဖေ

အဖေ

အမေကိုသာ အများစု ခေါ်ဝေါ်တာများလို့ တမ်းတတာ များလို့ အဖေဆိုတာရော မတမ်းတဘူးလား ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း မေးမိပါတယ် ။ တကယ်တွေးကြည့်လိုက်ရင်တော့ အဖေဟာလည်း အမေ့လိုပါပဲ ကျနော့်နှလုံးသားမှာ အမြဲ အုပ်ချုပ် ပဲ့ကိုင်ပေးတဲ့ ကျေးဇူးရှင်ပါ။ အဖေ့မှာ ကျနော့အတွက် ငယ်ငယ်ကတိုင် ကျနော့်ဘဝတစ်လျှောက်လုံးအတွက် ကျနော်နဲ့ သင့်လျှော်မယ်ထင်တာတွေကို သူ ကြိုတင်စဉ်းစားထားပြီးသား တွေးတောထားပြီးသား ။ ငယ်ငယ်ကတိုင် အဖေဟာ ကျနော့အတွက် အားအကိုးရဆုံးသော ပညာရှင်ကြီးပါ ။ ပညာကို သူသိသလောက် ချွင်းချန်ခြင်းမရှိ သင်ပေးတဲ့ ဆရာတစ်ဆူပါ ။ ငယ်ငယ်က သိချင်တာ အရာခပ်သိမ်းအတွက် ခပ်လို့မကုန်နိုင်တဲ့ ရေချိုအိုးကြီးပါ ။

ကျနော်ငယ်ငယ်ကဆိုရင် သိချင်တဲ့ အရာအားလုံးကို အဖေ အဖြေထုတ်ပေးဆဲ ။ အမေနဲ့ မရှိချိန်ဆို အဖေနဲ့ အမြဲ နှစ်ဦးတည်း ဆွေးနွေးခန်းတွေ ဖွင့်ရတာလဲ တဖွဲ့တနွဲ့ပဲ ။ အဖေ ဆီမှာ ….. သားတစ်ယောက်အတွက် အားထားခြင်း ၊ တန်ဖိုးထားခြင်း ၊ ပညာတွေကို ခြွင်းချန်မထားခြင်း  အဲ့ဒီလို စိတ်မျိုးနဲ့  ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကျနော့်ကို သူ့ကိုယ်ပွားအဖြစ် မှတ်ယူထားဆဲပါ ။ ငယ်ငယ်ကဆို အဖေဟာ သားငယ် နေသာဖို့အတွက် ဘာမဆို လုပ်ပေးခဲ့တယ် .. လမ်းလျှောက်ထွက်တိုင်း  အဖေ့ဂုတ်ပိုးပေါ်မှာ စီးပြီး လိုက်ပါဖူးတယ် .. အဲ့ဒီအချိန်ဆို ကိုယ့်ကိုယ်ကိုလည်း ဘယ်သူ့မှ ဂရုမစိုက်သလို ခံစားမိတယ် ။ အားလုံးကို အပေါ်စီးက ကြည့်မိတယ်လေ ။ အဲ့ဒီအချိန်က ရယူလိုခြင်းနည်းပြီး ပိုင်ဆိုင်မှု တွေနဲ့ လောကကြီးကို လက်တဝါးစာ အဖြစ် မြင်ခဲ့တယ် (ကလေးအတွေးပါ) ။

အရွယ်ရောက်လာခဲ့ပြန်တော့ . အဖေနဲ့ ကျနော့်ကြားမှာ စကားလုံးတွေ တင်းမာလာခဲ့တယ် ။ ကျနော်ကလည်း လူငယ်ပီပီ ကိုသိချင်တာ ပြောချင်တာကို ဘာပြောပြောနားထောင်ပေးတဲ့ ဆွေးနွေးပေးတဲ့ အဖေနဲ့ကြမှ စိတ်ကြိုက် ရင်ဖွင့်တယ် ။ အဖေကလည်း သားငယ်အတွက် သူက တဖက်ယူပြီး ဆွေးနွေးပေးတယ် ။ တခါတခါ အဖေ့ကိုအစာမကျေချင်ခဲ့ဘူး ။ ကိုယ်ပြောတဲ့ အတိုင်း လိုက်ပြီး ဟုတ်ပါတယ်လို့ မပြောပေးလို့ လေ 😛 ။ လူဆိုတာကလည်း ကိုယ်ပြောတာကို ခေါင်းညိတ်နေရင် အကြိုက်လေ 😛  ။ ဒါပေမဲ့ အဖေက အဲ့အထဲမှာ မပါခဲ့ဘူး ။ မင်းတွေးတာ မှန်သလား မှားသလာ ဆိုတာ လက်တွေ့မှာ အဖြေပေါ်တာပဲတဲ့ ။ ဟုတ်တယ် သူက သူ့အတွေ့အကြုံနဲ့ လုပ်တာ ပြောတာ ။ ကျနော်က ခေါင်းထဲပေါ်လာတာ ဖြစ်နိုင်တာကို ပြောတာ ။ အဲ့ဒီမှာ တချို့အစိတ်အပိုင်းတွေက အတွေ့အကြုံကနေ ဦးဆောင်သွားကြတာများတယ် ။

အဖေနဲ့နေရတာ ပျော်ပါတယ် ။ ဘာဖြစ်ဖြစ် ဆွေးနွေးစရာ မေးမြန်းစရာ ဖြစ်နေလို့ ။ အခုလို အဖေ့ကို တမ်းတစိတ်တွေက အဝေးရောက်မှ နိုးထလာခဲ့တယ်လေ ။ အမေ့ကိုလွမ်းသလိုပဲ အဖေ့ကိုလည်း လွမ်းတာပါပဲ ။ ဒါပေမဲ့ အများစုက  အမေဆိုတဲ့ စကား ကိုပဲ ရှေ့က အမြဲ ဖြစ်နေမိတာလေ ။ တကယ်တော့ မိဘက မိဘပါပဲဗျာ တူတူပေါ့ ။ အားလုံးဟာ .. ငယ်ငယ်က တိုင် စိတ်ထဲစွဲနေခဲ့ကြတာ အမေဆိုတာပါပဲ ။ ကလေးဘဝတုံးက တစ်ခုခု စားချင် လိုချင်ပြီဆို ပူစာ ဖြစ်တာ အမေ့ဆီကိုပဲ အများဆုံး ဖြစ်ခဲ့တယ်လေ ။ ဒီတော့ စိတ်ထဲမှာ ခလုတ်တိုက်မိတိုင်း အမေ ဆိုတာကို တဖြစ်တယ် ။ နာကျင်မိတဲ့ အခါတိုင်း အမေ့ ဆိုပြီး ရေရွတ်မိတယ် ။ ဒါကြောင့် အမေဆိုတာက ပိုပြီး စကားလုံးအကြောင်းအရာတွေမှာ ဖော်ပြဖြစ်ခဲ့တယ် ။ တကယ်တော့ အမေရော အဖေပါ ကျေးဇူးတရားရှိခဲ့တဲ့သူတွေပါ ။

အဖေနဲ့ တွေ့တဲ့ အချိန်မှာ အဖေ့မျက်နှာမှာ စကားလုံးများ မဖွင့်ဟပဲ စကားတွေပြောနေသလို ထင်နေမိတယ် ။ ထိုစကားတွေက “ ငါသား … မင်းကြီးမြတ်အောင် လုပ်ပါ ၊ နေရာတစ်ခုခုမှာ အဆင့်မြင့်မြင့် နေနေရတယ်ဆို အဖေ ကျေနပ်တယ်၊ မင်းကို စောင့်ရှောက်ကျွေးမွေးရကျိုးနပ်တယ် ၊ စိတ်ကောင်းထားပါ ၊ အဖေ မသေခင်မှာ အဲ့ဒါတွေ မင်း ပိုင်ဆိုင်တာ မြင်ချင်သေးတယ် ” တဲ့ ။ တကယ်တော့ အဖေ ကျနော့်အတွက် အားမလျှော့ခဲ့ဘူး ငယ်ငယ်က ကျောင်းနေဖို့ အဆင်မပြေခဲ့တဲ့ အချိန်မှာတောင် ကျောင်းမနေရင် မင်းဆင်းရဲသွားမှာပေါ့ လို့ ကျနော့်ကို ပြောပြပြီး ကျောင်းတက်စေခဲ့တယ် ။ အဖေ ကျနော့်ဆီကနေ ကျနော့်ဘဝအတွက် အကျိုးကိုပဲ မျှော်လင့်ခဲ့တယ် ခုထက်ထိတိုင်ပေါ့ ။

ခုတော့ အိုမင်းချိန် ၊ နေဝင်ချိန် ရောက်လေတော့ ကျနော် အဖေ့အကြောင်းတွေးမိတယ် ။ အဖေဘယ်လိုနေမလဲ တွေးမိတယ် ။ ကျနော် မပျော်ဘူး ဖြစ်ခဲ့တယ် ။ ခုအချိန်မှာ ကျနော် အဖေနဲ့ နီးနီးကပ်ကပ် ရှိနေသင့်တယ် ။ သူတို့အတွက် သံသရာ မိတ်ဆွေကောင်း ဖြစ်ချင်တယ် ။ အတွေးတွေသာ ကြီးစိုးနေတယ် ။   ခပ်ဝေးဝေးမှာ ရှိနေတဲ့ ကျနော့်အတွက်  မိဘအိမ်ဟာ ဂန္ဓဝင်ထဲက လှပတဲ့ နန်းတော်ကြီးလိုပါပဲ မက်မောမိနေတာပါ ။ အဖေ ဘုရင်ကြီးကို လွှမ်းဆွတ်လို့ပေါ့ 😛 ။

အရင်ရက်က အဖေနဲ့ အမေ့ဆီကနေ စာတစ်စောင်ဆီရောက်လာခဲ့ပါတယ် . အမေ့စာကိုတော့ အမေသို့အလွမ်းမှာ တင်ထားပြီး အဖေ့စာကိုတော့ ဒီနေရာမှာ တင်ထားပါမယ် ။ ခုလိုလုပ်ဖြစ်နေတာကလည်း ကျနော့်မှာ ဒီလိုလုပ်နိုင်ဖို့ အခွင့်ရှိနေလို့ လုပ်ဖြစ်တာပါ ။ ဖိနပ်ပါးပါးဘဝမှာ ဒါတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး ။ အဖေငယ်ငယ်က ဘုန်းကြီး ဝတ်ဖူးတယ်ဆိုတော့  လက်ရေး မဆိုးဘူး ။ ငယ်ငယ်က အဖေ့လက်ရေးကို အတုခိုး ရေးရတာလည်းအမောပဲ .. ။

 

အဲ့ဒါကတော့ အဖေရဲ့ သတိရခြင်းတွေပါ ။ ဘာပဲပြောပြော ဘယ်လိုပဲ နေနေ ဘယ်လိုတွေပဲ ကွဲပြား ကွဲပြား အဖေတိုင်းဟာ ကိုယ့်သားသမီးတွေကို မချစ်ဘူး ဆိုတာ မဖြစ်နိုင်ပါဘူး ။ မချစ်ဘူးလို့ အပြင်မှာ ပြခဲ့ရင်တောင် သူတို့ နှလုံးသားထဲမှာတော့ ဒါငါ့သားသမီးပါလို့ အသိအမှတ် ပြုကြစမြဲပါ ။ အကယ်၍ သင်ဟာ သင့်လက်တဖက်ကို ဖဲ့ပေးပါလို့ တောင်းတဲ့ သူရှိရင် ဘယ်လိုလုပ်မလဲ ပေးမှာလား  … ငြင်းမှာလား ။ ဒီလိုပဲ မိဘတွေဟာ  သူတို့ရဲ့ သားသမီးတွေကို သူတို့ ကိုယ်ကိုယ်နဲ့ ထပ်တူ ချစ်ကြပါတယ် တန်ဖိုးထားကြပါတယ် ။

ကျနော့် သူငယ်ချင်းတွေထဲက အဖေမဲ့နေတဲ့ သူတွေကို တော်တော်သနားသွားပါတယ် . ဘာလို့လဲဆို တမ်းတချိန်မှာ ခေါ်စရာမဲ့နေတဲ့ အခါ အတော်ကို ဝမ်းနည်းဖို့ကောင်းတယ် ။ ဘယ်တော့မှ ရောက်မလာတော့တဲ့ အဖေကို လွမ်းရတာ အလွမ်းခါးကြီးလိုပဲ  လွမ်းရတာ ခါးသက်သက်နဲ့ ချိုမြိန်မှုမရှိဘူး ။ ဟုတ်ပါတယ် .. မိဘဆိုတာ အစားထိုးမရတဲ့ အရာပါ ။ မသေခင်အတောအတွင်းမှာသာ ထိတွေ့ခွင့် ရတာမို့  အခွင့်ရှိတုံး အပြည့်အဝ ချစ်လိုက်ဖို့ မမေ့စေလိုပါ ။ ဟန်မဆောင်ကြပါနဲ့ ချစ်ခြင်းကို ဖော်ကြူးပါ ။ ဘာတွေနဲ့ပဲ ဖြစ်ဖြစ် မိဘက စိတ်မညစ်ကြလို့  ဖြစ်သလို မထားလိုက်ပါနဲ့ ။ ကိုယ့်ကိုယ်ကိုလည်း မေးကြည့်ပါ ငါအချိန်တွေ ရသေးလား ဆိုတာ ။ ဝေးနေရင်လည်း သတိတရရှိလိုက်ပါ … ငါဟာ အဖေနဲ့ အမေတို့ရဲ့ သားတစ်ယောက် ဆိုတာ ဖြတ်သန်းနေတဲ့ နေ့သစ်ကို အသိပေးလိုက်ပါ ။

အဲ့ဒီလို တွေးမိဖို့ ကိုယ်သာ မိဘတွေနေရာမှာဆိုရင်  ကိုယ့်သားသမီးအတွက် ဘယ်လိုတွေမြန်း စိတ်ထားမလဲ ဆိုတာ တွေးကြည့်လိုက်ပါ ။ လက်ရှိ ကုန်လွန်သွားတဲ့ အချိန်တွေကို တောင် နောက်ပြန်ဆုတ်ပစ်ချင်စိတ် ဖြစ်မိမယ်ဆိုတာ သေချာပါတယ် …။

 

21.2.2011

ဘာနေ

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s