အမေသို့ အလွမ်း

အမေသို့ အလွမ်း

အမှတ်ရစရာ သတိရမှုများက ခပ်ဝေးဝေး ဝေးနေမှ ပုံပေါ်လာတတ်ကြတာပါ ။ နီးနေတုန်းက သူတို့ လှုပ်ရှားမှု မရှိ ဝေးကွာခါမှ တမ်းတခြင်း ၊ သတိရခြင်းတွေက ထကြွလာကြတာ သဘာဝပဲ လို့ပဲ ထင်မိပါတယ် ။ ငယ်ငယ်ကဆို အမေနဲ့ ပုံပြောတမ်း ကစားခဲ့တာလည်း အမောပါပဲ ။ အမေက အမြဲ သားငယ်-ကျနော် ပြောသမျှ မငြီးညူပဲ နားထောင်ပေးတယ် ။ ထိုစဉ်အချိန် အမေ့မျက်နှာမှာ အပြုံးပီတိနဲ့ ဖုံးလွှမ်းနေတာ ခုထိ ပြန်မြင်ယောင်မိပါတယ် ။ ကျနော်ပျော်လို့ အမေပျော်တယ် ။ အမေအားပေးလို့ ကျနော်ပျော်ခဲ့တယ် ။ အဲ့ဒီအချိန် အမေနဲ့သား တော်တော် သဘောတွေ့ ပျော်မွေ့မိခဲ့တယ် ။ ဟုတ်ပါတယ် ခုထိ မမေ့သေးပါဘူး ။

ကျနော်ငယ်ငယ် နို့စို့အရွယ်ကဆို အမေဘယ်သွားသွား အမေ့အပါးမှာပဲ ။ ခပ်ဝေးဝေး ခရီးဆိုရင် အမေ့ခါးပေါ်က မဆင်း ။ အိမ်လည်ထွက်ပြီဆိုလည်း အမေ့ခါးပေါ်မှာပဲ … အောက်ကို မဆင်းတော့ … လမ်းလျှောက်ပြီဆိုလည်း မေမေပါရောပြီး သားလို လမ်းလျှောက်တယ် မေမေက ဘေးချဉ်း ယှဉ်လျှောက်တယ် အမေက ပထမဆုံး Training (လေ့ကျင့်) ပေးခဲ့သူပါ ။ အမေနဲ့ဆိုရင် ကျနော့်ကို လာပြီး စနောက်တဲ့သူ အားလုံးကို မကြောက်ခဲ့ဘူး ။ အမေက ကျနော့် ကို အားအပြည့်ပေးခဲ့တယ် ။ စနှောက်တဲ့သူတွေက ဒီကောင်လေး ပါဖောင်းဖောင်းလေးနဲ့ ဆိုပြီး ပါးကို ဆွဲဆွဲသွားကြတာ 😛 ။ အရွယ်ရောက် မိန်မပျိုတွေကဆို သိတယ်မို့လား ပါးကို လိမ်ပြီး နမ်းသွာတာ ။ နမ်းရုံဆို စိတ်မဆိုးဘူး 😛 ။ ပါးကို လိမ်ပြီးတော့ ဖျစ်ဖျစ်သွားတာ ။ အဲ့တော့ နာတာပေါ့  😦 နာတော့ ငိုတယ်လေ အားပြဲကြီးနဲ့ ဝါး.. 😦 ဝါး 😦 . နဲ့ …. 😛 ။ ကျနော်ငိုတော့ အမေက သားကိုချော့တယ် .. “ငိုပါနဲ့သားရယ် .. သူတို့က ချစ်လို့စတာပါ” တဲ့ ။ မငိုပဲနေလို့မရဘူးလေ ကလေးဆိုတော့ ပါးက နုနုလေးရယ် နာတာပေါ့ ။ ခု လာပြီးလုပ်ပါ့လား အမေပြောသလိုပဲ နေလိုက်မှာပေါ့ . 😛 ။ အဲ့ဒါက ကျနော်ငယ်ငယ် နို့စို့အရွယ်က ပတ်ဝန်းကျင် ပါ ။

အဲ့ဒီအချိန်ငယ်ငယ်က .။ ကျနော် ကျောင်း မတက်သေးဘူး ။ ဒါပေမဲ့ စာသင်နေခဲ့ရတယ် ။ သင်ရတာတွေက အများတကာကြားမှာ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ “ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို ၊ မမ၊ ညီလေး ၊ ညီမလေး ၊ ဘဘ ၊ ဖေဖေ ၊ မေမေ ” စသည်ဖြင့် ခေါ်ဝေါ်မှု အမျိုးအစားတွေကို မေမေ သင်တယ်ပေးခဲ့တယ်  ။ ကျနော်လည်း မပီကလာ ပီကလာ အသံနဲ့ လိုက်ဆိုတာပေါ့ 🙂  ။ ကျနော်ဆိုတာ မှားသွားရင် မေမေက ရယ်တယ် . 🙂 . ကျနော်လည်း လိုက်ရယ်မိတယ်  🙂 ။ အဲ့ဒီအချိန် မေမေက သားကို ချစ်လွန်းလို့ အနမ်းပေးတယ် ။ မေမေနမ်းတော့ ကျနော် ပျော်တယ် အားရတယ် မေမေ့ကို အရမ်း ချစ်မိတယ် ။ သားမိနှစ်ယောက်တည်းနဲ့လည်း စကားဝိုင်း တခု ဖြစ်ခဲ့တယ် ။ ဘာမှမသိသေးတဲ့ လောကကြီးထဲက ကျနော် ထင်ရာမြင်ရာတွေကို အမေ့ ကိုမေးခဲ့တယ် ။ လမ်းမှာတွေ့တဲ့ သူတွေကိုတောင် “မေမေ သူတို့က ဘာလုပ်ကြတာလဲဟင် … ဘယ်ကိုသွားကြတာလဲဟင်” ဆိုပြီး တွေ့ကရာ မေးတတ်တယ် ။ မေးခွန်းတိုင်းကို  အမေက  သားအားရကျေနပ်အောင် ဖြေပေးတယ် ။ ထိုသို့ဖြင့် ကျောင်းမတက်သေးတဲ့ ကျနော် မေမေနဲ့ စာတွေသင်ခဲ့ရတယ် ။

သူငယ်ချင်းတွေနဲ့ ကစားတတ်ခါစ ရွာကျောင်းမှာ အတန်းတွေတက်ရမယ်ဆိုတော့ ပျော်မိသွားတယ် သူငယ်ချင်းတွေနဲ့ ကျောင်းကို သွားရမယ်ပေါ့ ဒီလိုနဲ့ ကျောင်းစတက်ဖြစ်တယ် ။ စတက်တဲ့ရက်မှာပဲ ကျောင်းမှာ ငိုတာ . ;( . ဘာလို့လဲဆို အမေ့ကိုလွမ်းတာလေ ။ ဆရာမတွေကလည်း ချော့လို့မရဘူး ။ ဒီကလဲ ဘယ်သိမလဲ ငိုတာအရမ်းပဲ .. နောက်တော့ ကျနော့်မမကြီးက လေးတန်းဆိုတော့ သူက အိမ်ကို ပြန်လိုက်ပို့ပေးတယ် ။ အိမ်ရောက်တော့ အမေက မေးတာပေါ့ “ငါ့သားဘာဖြစ်လို့လဲ .. လဲ … လဲ” လို့ ဆိုပြီး မေးခွန်းတွေနဲ့ မေးတာပေါ့။ ကျနော် ဘာမှ မပြောပဲ အမေ့ရင်ခွင်မှာ ခေါင်းတိုးဝှေ့ပြီး မျက်နှာကို အမေ့ရင်ဘက်ပေါ်မှ အပ်ထားမိတယ် ။ နောက်တော့ မေမေ သိလိုက်တယ် “သားက အမေ့ကို လွမ်းလို့ ငိုတယ် ” ဆိုတာကို။ နောက်နေ့ ကျောင်း ပြန်တက်ဖို့ အမေက သေချာမှာတယ် . သေချာရှင်းပြတယ် . “သား ကျောင်းကို သူများတွေလို လိုက်တက်ရမယ်နော် .. ပညာတတ်အောင်သင်ရမယ် .. ပညာတတ်မှ လူ့အောက်မကျတာ”တဲ့ အမေက အဲ့လို ချော့ချော့ မော့မော့ ကျနော့်ကို ကျောင်းတက်စေဖို့ ရှင်းပြတယ်။ ဒီလိုနဲ့ ကျနော် ကျောင်းဆက်တက်ဖြစ်တယ် ။ အဲ့လိုနဲ့ ဆယ်တန်းအောင် ပြီး ရိုးရိုး အဝေးသင်ဘွဲ့လေး တစ်ခု ရခဲ့တယ်ဆိုပါတော့ဗျာ ။

“အမေဘာလို့ သားကို ကျောင်းတက်စေချင်တာလဲ ” ဆိုတဲ့ အကြောင်းကို ခုမှ သေချာနာလည်ခဲ့ရတယ် ။ ကျနော့် မေမေဟာ တောသူ ဆိုတော့ ငယ်ငယ်က တစ်တန်း(ပထမတန်း)လောက်ပဲ နေခဲ့ရတယ် ။ စာကို ကောင်းကောင်း မဖတ်တတ်ဘူး ။ တစ်ခုခု ဖတ်စရာဆိုရင် မေမေက “သား ဖတ်စမ်း” ဆိုပြီး ပေးဖတ်စေခဲ့တယ် ။ ဆေးညွှန်းတွေဆို မေမေ ကျနော့်ကို ဖတ်ခိုင်းခဲ့တယ် ။ မေမေစာဖတ်တာတွေကို ငယ်ငယ်က နားထောင်ဖူးခဲ့တယ် ။ သူဖတ်တယ်ဆိုရင် တလုံးချင်း စာသံတွေက  ရှေ့ဆက်တယ် ။ စာတွေလည်း ရေးတာ သိပ်မရှိဘူး ။ တောအရပ်ဆိုတော့ စာပေက သိပ်ပြီး မကျယ်ပြန့်ဘူးလေ ။ ဒီတော့ အမေစာကိုသိပ်မဖတ်ဖြစ်ဘူး မြင်သမျှ ကြော်ငြာလောက်ပဲ သူသိလိမ့်မယ်လို့ ထင်တယ် ။

ကျနော်ငယ်ငယ်က အမေစာသိပ်မဖတ်တာကိုသိလို့  အမေ့ကို စာဖတ်ပြပေးဆိုပူဆာခဲ့ဖူးတယ် ။ အစကတော့ မေမေမဖတ်ချင်ဘူး ငြင်းသေးတယ်  နောက် သားကိုချစ်တော့ မေမေ ဖတ်ပြတယ် ။ မေမေဖတ်တာတွေက ဖတ်စမရှိတော့ စာကို စိတ်ထဲက အရင်ပေါင်းပြီးမှ ဖတ်သလိုပဲ မမြန်ဘူး မချောမွေ့ဘူး ။ ဒါပေမဲ့ အမေ့စာဖတ်သံတွေအောက်မှာ ကျနော်ပျော်ခဲ့တယ် ။ တကယ်တော့ မေမေ စာကောင်းကောင်းမတတ်ခဲ့ဘူး သာမန် ကျောင်းတောင် မတက်ခဲ့ရဘူး ။ ဒီတော့ သူ့သားသမီးတွေကို ကျောင်းတက် ပညာတတ်စေချင်ခဲ့တယ် ။  နောက် အချိန်တွေ နှစ်တွေပြောင်းလဲလာခဲ့တယ် ။ ရွာမှာက မူလတန်းကျောင်းအထိပဲ ရှိခဲ့တယ် ။ ဒီတော့ တခြားအရပ်ကို ကျောင်းသွားတက်ခဲ့ရတယ် ။ အဲ့ဒီလိုနဲ့ အမေနဲ့ ခွဲနေရတဲ့ အချိန်ကစပြီး ကျနော် အမေ့ရင်ခွင်ကို လွမ်းတတ်လာတယ် ။ နောက်တော့ အကျင့်ရသွားတယ် ။ ဒါပေမဲ့ သတိရ လွမ်းဆွတ်တာကတော့ မပျောက်တော့ဘူး ။ ခုလိုဝေးနေတဲ့ အချိန်မျိုးမှာ မေမေ့ကို ပိုပြီးလွမ်းတတ်လာတယ် ။ တနေ့က ဖုန်းဆက်ဖြစ်လို့ မေမေ့ကို ပူဆာဖြစ်တယ် ။ တခါမှ စာကောင်းကောင်း မရေးတဲ့ အမေကို စာရေးပြီး သားဖတ်ဖို့ ပို့ပေးပါလို့ ပူဆာဖြစ်တယ် ။ မေမေ စာကောင်းကောင်း မရေးတတ်ပေမဲ့ မငြင်းခဲ့ဘူး ။ မေမေ မရေးတတ်တဲ့ လက်ရေးနဲ့ သားကိုချစ်လို့ သားကိုလွမ်းလို့ ဆိုပြီး စာတစ်စောင်ရောက်အောင် ပို့ပေးခဲ့တယ် ။ အဲ့ဒီစာကို ကျနော် တန်ဖိုးထားတယ် ။

ထိုစာရောက်တဲ့ အချိန် ကျနော် ဖတ်မိတော့ မျက်လုံးအိမ်အတွင်းမှာ မျက်ရည်အပြည့်နဲ့ ပါ ။ အမေရေးပေးတဲ့ စာမျက်နှာပေါ်မှာလည်း  အမေ့မျက်နှာ ထင်ဟပ်နေတယ် ။ အမေ့ကို ကျနော်လွမ်းတယ် ။ ကျနော်သတိရတယ် . ကျနော် အမေ့ကို ချစ်တယ် ။ ထိုအချိန်မှာ ကျနော့်ရင်ခွင်က တုန်ခါမှုတွေနှင့် အတူ ဆည်းလည်းသံညံသွားတာပါပဲ ။ အမေရေးပို့လိုက်တဲ့ စာတမျက်နှာကို ကျနော့အတွက် အမှတ်တရအဖြစ်  မပျောက်ပျက်အောင် သိမ်းထားပါတယ် ။ ခုလည်း အမေ့ကို လွမ်းလို့ ရေးရင်း အမေ့စာလေးကို သတိတရ အမြဲလိုလို ကြည့်ဖြစ်ဖို့ဆိုပြီး စကန်ဖတ်ပြီး တင်ထားတာ မိတ်ဆွေလည်း ဖတ်ကြည့်ပေးပါလား နော် … ။

အဲ့ဒါ ကျနော်ချစ်တဲ့ ကျနော့် အမေလက်ရေးလေးပါ ။

ကျနော့်အတွက်တော့ ကမ္ဘာကျော်ပန်ချီကားတွေထက် ပိုတန်ဖိုးထားပါတယ် ။ အမေဟာ အမေပဲမို့ နှိုင်းယှဉ်စရာ မရှိဘူးလို့ ယူဆထားခြင်းပါ ။ အမေဟာ ကျနော့်နှလုံးသားမှာ အမြဲ အသက်ရှင်ရပ်တည်ပါတယ်။ အမြဲတစေ အမေ့အတွက် ဆုတောင်းပေးနေမိတယ် ။ ညအိပ်ရာဝင်တိုင်း ရှိခိုး ဦးခိုက်မိတယ် ။ ဒီလိုလဲ နှုတ်စိတ်က ဆိုဖူးတယ် “အမေ အစဉ်ကျန်းမာပါစေနော် ။ သားကိုသတိရရင်လည်း သားပြုံးပျော်နေတယ်လို့ အမြဲမှတ်ပေးပါနော်” လို့ အမြဲပဲပေါ့ ..။

အမေဟာ ကျနော့ စိတ်ဝိဥာဉ်မှာ ထာဝရ ရှင်သန်နေမှာပါ ။ အမေ……………………

15-February-2011

ဘာနေ..

Advertisements

10 thoughts on “အမေသို့ အလွမ်း

  1. အရမ်းထိတယ် ထပ်တူထပ်မျခံစားရပါတယ် ညီလေးဘာနေ

  2. ကျွန်တော်ကတော့ အမေေ၇ာ အဖေေ၇ာကို ဘာနဲ့ မှနှိုင်းယှဉ်လို့ မ၇တဲ့လူသားနှစ်ယောက်လို့ ပဲစိတ်ထဲက ထားပါတယ် ကျွှန်တော်ကတော့ သတိ၇ပြီဆို နှစ်ယောက်စလုံးကို သတိ၇တော့တာပဲ ကောင်းပါတယ် အခုလို မိဘမေတ္တာကိုဖော်ပြပေးတာ ဆက်ေ၇းပေးပါ အခုလိုမျိုးလေးတွေ အားပေးလျှက်ပါ

    1. ဟုတ်ကဲ့ဗျာ အမေရော အဖေကိုပါ စိတ်ထဲထားတာပါ .. အမေသို့ အလွမ်းဆိုတာကို အရင်တင်ဖြစ်ပြီး အဖေသို့ ဆိုတာကို နောက်မှ တင်ဖြစ်မှာပါ .. တကယ်တော့ မိဘက မိဘပါပဲ ဗျာ ဟုတ်ပါတယ် .. ကျေးဇူးပါ သူငယ်ချင်း .

    1. ဟုတ်ကဲ့ဗျာ အမြဲလိုလို မိဘတွေကိုမေတ္တာပို့နေပေးပါ သူငယ်ချင်း ကျေးဇူးပါဗျာ

  3. ဒီစာလေးတွေက အားလုံးရင်ထဲမှာတူနေမှာပါ
    အမေ့ကို လွမ်းတယ်
    အမေ့ကို သတိရတယ်
    အမေ့ကို အရမ်းချစ်တယ်…..
    နေမကောင်းဖြစ်ချိန်ဆို အမေ့ကို အရမ်းသတိရတယ်
    မျက်ရည်ကျ၇တယ် အမေ၇ယ်…..
    😥

    1. ဟုတ်တာပေါ့ဗျာ .. လူတိုင်းပါပဲ .. အားငယ်လာတဲ့အခါ မိခင်ရင်ခွင်ကို တမ်းတမိကြတာပါပဲ .. ။ ဘယ်တော့မှ မခြောက်သွေ့တဲ့ အမေ့ရင်ခွင်ပါ .. ။

  4. ကျွန်တော်လည်း..ထပ်တူထပ်မျှပါပဲဗျာ….ကျွန်တော့..အမေကို သတိရလိုက်တာဗျာ..ကျွန်တော်လဲ..ပြန်မျှဝေချင်လို့ ခွင့်ပြုပေးပါဗျာ…

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s