ရွက်ဝါတွေကြွေ

ရွက်ဝါတွေကြွေ

ရာသီတွေပြောင်းလို့ နှစ်တွေလည်း ပြောင်းခဲ့ပြီ .. နေခဲ့တဲ့ နှစ်တွေလည်း လက်ချိုးရေလို့ မရတော့ . ။ အဲ့ဒီရာသီပြောင်းချိန် တွေထဲမှာ နွေကိုကူးမဲ့ ဆောင်းနှောင်းအချိန်ဟာဖြင့် စိတ်တွေကို တော်တော်လှုပ်ရှား ပြီး ထူးခြားဆန်းပြားစေပါတယ် .။ သတိထားမိတာကတော့ သစ်ပင်လေးများကိုပါ ..။ ရွက်ဟောင်းတွေကြွေပြီး မြေခ..။ ရွက်သစ်တဖန်ပြန်ထွက်ဖို့ အားယူ ။ လေရူးက တဝူးဝူး တိုက်လို့ ။ ဟန်မပါတဲ့ အတွေးတွေက လေရူးနဲ့ အတူ ထပြီး ကခုန်မိတတ်ကြပါတယ်.  ။

သစ်ရွက်ကလေးတွေဟာ… စထွက်လာကတည်းက ကြွေကြဖို့ ဆိုပြီး မရည်ရွယ်ခဲ့ဘူး ။ သူတို့ဘဝမှာ နေရဲ့အလင်းရောင်ကို အားကိုးပြီး သူ့ကိုယ်ကနေ အောက်ဆီဂျင်တွေ ပြန်ထုတ်ပေးဖို့ သူ အမြဲလုပ်ဆောင်ရင်းဖြင့် သဘာဝကို ပုံဖော်ပေးတယ်လေ. ။ နေရောင်နဲ့ အပြိုင် သူအားမာန်တွေ ပြခဲ့တယ် ။ ဒီလိုနဲ့ ကြာလာတော့လည်း သူ့မှာ အချိန်နဲ့အတူ အရောင်တွေလည်းပြောင်းလာခဲ့တယ် ။ အစိမ်းရောင်မှသည် .. အစိမ်းရင်. ထိုမှသည် အဝါရောင်ဘက်ကို တဖြည်းဖြည်း ကူးပြောင်းလားကာ နောက်ဆုံး အနီရောင်တွေပါရောနှောလို့ ..ကြွေကျဖို့ လေးရူးအလာကို စောင့်နေကြသလို အပင်တွေမှာ မြင်ကာမျှဖြင့် သိနိုင်ပါလိမ့်မယ် ….။ ထိုအချိန်ကတော့ ဆောင်းအကုန်နွေအကူးပါပဲ …။

လေးရူးမှာတော့ဖြင့် ….. ဆောင်းနှောင်းနွေကူး လေရူး က တသုန်သုန် ဆိုသလို .. အဲ့ဒီအချိန်ရောက်ရင်ဖြင့် အေးစိမ့်စိမ့် လေများ ဟိုမှဒီ . ဒီမှ ဟို တိုက်ခတ်ခြင်းသည် စိတ်အတွင်းကိုပါ အငွေ့အသက်လေးတွေ ဝှေ့ဝိုက်သွားစေပါတယ်.။ လေရူးနဲ့ သစ်ရွက် တိုက်ခတ်ပုံများ .. မြင်သူအတွက် နေမထိ ထိုင်မသာဖြစ်စေသလို  ဟိုး…….အတိတ်ကို ပြန်တွေးစေသလား .. လက်ရှိအခြေအနေကိုပဲ ဝေခွဲစေသလား .. တခုခုကိုတော့ ဖြစ်သွားစေတာပါပဲ .. ။ အိမ်ဝေးသူဆိုလည်း အိမ်ကိုလွမ်း …၊ ချစ်သူရှိသူဆိုလည်း ချစ်သူကိုလွမ်း ပေါ့ ၊ တမ်းတခြင်းတွေလည်း နိုးထတတ်ကြပြန်တယ်လေ …။ အဲ့ဒီအချိန်.. အဲ့ဒီအဖြစ်အပျက်မျိုးတွေ တောက်ပြောင်ခြင်းကို… သစ်တပင်ထက် သစ်ရွက်တို့များ လေအဝှေ့မှာ ကြွေကျပုံများဖြင့် ပီပြင်စွာ သရုပ်ဖော်ကြတယ်..။  အဲ့ဒါ လေရူးရဲ့ နွေအကူးပါပဲ …. ။

ကျနော် ဒီရာသီအတွင်းမှာ အဆောင်ရှေ့က ဗန်ဒါပင်ကြီးကို မနက်တကြိမ် ညနေတကြိမ် ကြည့်မိပါတော့တယ်။ မနက်က မြင်ကွင်းနဲ့  ညနေမြင်ကွင်းမတူသလို ဒီနေ့မြင်ကွင်းနဲ့ နောက်တနေ့မြင်ကွင်းလည်း ခြားနားနေလေတော့ စိတ်ထဲမှာ သတိမထားပဲ မနေနိုင်ဖြစ်မိတာ မဆန်းဘူးလို့ ထင်ပါတယ် ..။ ထိုမြင်ကွင်းမှာလည်း အမြင်ဆန်း အသစ်ဆန်းတွေနဲ့ စိတ်တွင်းကို လေရူးနဲ့အတူ ဝေ့ဝိုက်ကာ အတိတ်တွေကိုပါ အရောင်ပြန်တောက်စေတဲ့ အဖြစ် … ဟိုးတနှစ်ကအဖြစ်တွေများ လက်ရှိဖြစ်လာနေသလို စိတ်အစဉ်မှာ အရိပ်ထင်သွားစေတယ်လေ…။ သြော် .. အဲ့ဒီလေရူး .. တော်တော်ထူးတယ်လို့ မှတ်ချက်ပြုမိပါတော့တယ်. ။

အတိတ်ဆိုတာ .. ဘယ်လိုတွေမှန်းလဲပေါ့.. ငယ်ငယ်က ကျောင်းနေစဉ် တွေးခဲ့တာတွေလည်း ပေါ်လာပြန်ပါတယ် ..။  ဒီအချိန်မှာ ဒီလိုတွေးမှုလေးတွေက နှစ်စဉ်ဖြစ်နေကြ အချိန်တွေကို တသီးတခြား ဆက်တွဲပြပါတယ်။ ကျောင်းတက်စဉ် သူငယ်ချင်းတွေကြား … သူများချစ်သူတွေကိုအားကျ လို့ ကိုယ့်ဆီများ ဘယ်လိုသူမျိုး မျက်စိလည် ပြီး ရောက်လာလေမလဲ တွေးခဲ့ဖူးပါတယ် ။ အဲ့ဒါကတော့ စိတ်ကူးမိခဲ့တာပါ ..။

လွမ်းစရာ ဆွေးစရာအဖြစ် နွေအကူးမှာ တွေးလို့ ရသလို ဖြစ်၊ တည်၊ ပျက်သုဉ်း လောကဓမ္မတာကိုလည်း တရားသဘောဖြင့် နှလုံးသွင်းမယ်ဆိုရင်လည်း လေရူးနဲ့ သစ်ရွက်ကြွေတာဟာ ထင်ပေါ်နေပြန်ပါသေးတယ် .။ မြင်တတ်သူအတွက် သစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေခြင်းဟာ သံဝေဂရစရာအဖြစ် စိတ်အထင်ကို ပြုပြင်စေပါတယ် ။ တရားရှုမှတ်သူတွေအတွက်တော့ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ လက္ခဏာရေးသုံးပါကို ထင်မြင်စေလိမ့်မယ်လို့လည်း တရားစကားနဲ့ တွေးမိပြန်ပါသေးတယ် ။

ထူးခြားတဲ့ နွေ ထိုအချိန် အဟောင်းတွေကြွေ အသစ်တွေဝေနေတဲ့ ခေတ်မှာ ဒီလိုဖြစ်စဉ်ပြ အချိန်ဇယားကို မကြည့်မိတတ်ရင် ကိုယ့်မှာ အသိဥာဏ် လိုပါသေးလားလို့ မည်သူမျှ မတွေးမိတတ်ကြပါဘူး ..။ ကိုယ်ဥာဏ်မှီရာ ကိုယ့်ကမ္ဘာထင်ကြတဲ့ သူတွေချည်းပါပဲ..။ သစ်ရွက်ကြွေတယ် လေတိုက်တယ် ကြွေကျတယ် ဒါလေးပါပဲ ဆိုပြီး သာမန်အမြင်နဲ့  မစူးစမ်းတတ်တာတော့ ကိုယ့်ကိုယ်ကိုနဲ့ပဲ ဆိုင်မယ်ထင်ပါတယ် ။

လေရူးတွေတိုက်တိုင်း သတိရမှု သို့မဟုတ် စိတ်ခံစားမှု ဖြစ်တတ်တဲ့ သဘာဝဟာ ကြည်နူးဆန်းကျယ်တဲ့ အဖြစ်ပါ ။ ထိုသို့ မဖြစ်ပေါ်ပါက သူ့နှလုံးသားသည် အကြည်ဓါတ်ခမ်းခြောက်နေတယ်လို့ ယူဆမိပါတယ် ။ လေပြေတွေသည်လည်း နူးညံ့မှုအပြည့်ရှိတယ် ။ ရှူရှိုက်သူအတွက် အားအင်နဲ့ လတ်ဆတ်မှုကို ရစေတယ် ။ လောကကြီးကိုလည်း ကြည့်တတ်သွားစေတယ် ။

ရွက်ဝါတွေကလည်း ကဗျာဆန်နေပါသေးတယ်။သူ့ထက်ငါ အပြိုင်ကြွေပြကြ ။ လေအဝှေ့မှာ လားရာမတူ  ဦးနဲ့ပဲ့ ဟာ နိမ့်ချည် မြင့်ချည် ဖြစ်ပြီး မြေမှာသက်ဆင်း အလှဆင်ပေးတတ်ကြပါတယ် ။ ဒါတွေဟာ သဘဝပါ . ကြည့်တတ်ရင် အလှတရားပေါ်ပါလိမ့်မယ် .။ လူ့ဘဝဟာလည်း ထို့အတူပါပဲ  သဘာဝတရားကို အခြေခံရင်းကြည့်တတ်မှ အလှတရားဆိုတာ ပေါ်လာမှာမို့ ကြည့်တတ်မြင်တတ်ကြပါစေလို့ တောင်းဆုပြုချင်ပါတယ် ။

မြင်မြင်သမျှ ခံစားချင်တတ်တဲ့ စိတ်ကိုလည်း အပြစ်လို့ မဆိုသာပါဘူး ။ စိတ်ကလည်း သူ့သဘာဝနဲ့ သူပဲမို့ ထားတတ်ရင် လှပ လာစေမဲ့ အရာပါ ..။

အခက်တွေ ဆိုတာတွေဟာလည်း အချိန်တန်ရင် နေရာမှန်ကို ရောက်စေတာမို့ တွေးမပူစေလိုပါ ။ ဟန်ချက်ကို စည်းချက်မှီမှီ လိုက်နိုင်ဖို့ ကိုယ့်ကိုယ်ကို အားမွေးကြပါလို့ ဆိုချင်ပါတယ် ။

ဘာရယ်မဟုတ်ပါဘူး စိတ်ကူးကို ဆန့်ကြည့်လိုက်တာ အတွေးများ မတူသွားရင်လည်း ထင်ရာအတွေးနဲ့သာ ဖြေသာတွေးလိုက်ပါ။ တကယ်တော့ ပိုင်ဆိုင်ခြင်းတွေကို နည်းနည်းစီ တိုက်ချွတ်ဆေးကြောရင်း အရောင်လေးများ ပြောင်လေးမလားဆိုပြီး မှန်ရောင်ထိုးကြည့်တာပါ ။ စိတ်နယ်လွန် အတွေးများလို့ မယူဆစေချင်ပါ ( i am not fool 😛 ) ။

စာဖတ်သူ ပျော်ရွှင်ပါစေ …….. ။

4-February-2011

ဘာနေ

Advertisements

2 thoughts on “ရွက်ဝါတွေကြွေ

  1. အလှစစ်ဟာ သဘာဝလောကကြီးပါပဲလေ ။ ကြည့်မြင်နိုင်သလောက် ချမ်းမြေ့စေပါတယ် ။
    ရသအတွေးလေးများ တွေးနိုင်ရေးနိုင်ပါစေ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s