အလိုများနှင့် ချင်ခြင်း

အလို သို့မဟုတ် ချင်ခြင်း

အလို ဆိုတဲ့ စကားလုံးကို ကျနော် ပုံဖော်ချင်နေမိတာကြာပြီ . ခု စိတ်ကူးရလို့ အစပြုလိုက်တာပါ ။ အလို တဲ့ နည်းနည်းတော့ ထူးသလိုနဲ့ ရင်းနှီးနေတဲ့ စကားလုံးပါ ..  လူတိုင်းဆီမှာ  စက္ကန့်တိုင်း ထိုအရာနဲ့ ရင်းနှီးပြီးသားပါ ။ အလိုရဲ့ ဝိသေသ လက္ခဏာတွေကို ပြောပြရရင်တော့ ….ကျနော်တို့ ခု လုပ်နေတဲ့ အလုပ်တွေမှာ လုပ်နေရခြင်းက လိုချင်တာ တစ်ခုခု ကြောင့် လုပ်နေရင်းပါ …။ ဥပမာ – စကားပြောတာသည်လည်း လိုချင်မှု တစ်ခုခုရှိနေလို့ပါ .. လူမှုရေး ခိုင်မာဖို့…စီးပွားရေး အဆင်ပြေဖို့ …အချစ်ရေးအဆင်ပြေဖို့… ဒီလို အလိုတွေပေါ်မှာ အခြေခံပြီးတော့ ပြုမူလုပ်ဆောင်နေကြတာပါ ။

အလို ဆိုတာက ခန္ဓာကိုယ်အတွက် လိုအပ်ခြင်း နှင့် တကယ်မလိုသော အရာများအဖြစ် သူ့အလိုကို လိုက်လုပ်ပေးရခြင်းတွေပါ ..။ သေချာစဉ်းစားကြည့်ရင်တော့ အလိုတွေဟာ ဒုက္ခ တော်တော်ပေးပါတယ် ။ တော်သူနဲ့ ညံ့သူ ၊ ဆင်းရဲသူနဲ့ ချမ်းသာသူ ၊ ကောင်းသူနဲ့ မကောင်းသူ ၊ တရားသူနဲ့ မတရားသူ  စတဲ့ စတဲ့ ဆန့်ကျင်ဘက်တွေကို ကွဲပြားစေပါတယ် .. ဒါတွေက အလို ဆိုတဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ပြောင်းလည်းသွားကြတာတွေပါ ။ အလို ဆိုတာက ခန္ဓာကိုယ်က တောင်းဆိုမှုကို စိတ်က သိနေပြီး လိုက်လုပ်ပေးနေရခြင်းပါ…။

အလိုဆိုတာကို သေချာသိလိုက်ခြင်းဟာ ကိုယ့်အတွက် ကျေးဇူးတော်တော်များများ ရသွားစေမယ်လို့ မျှော်လင့်မိပါတယ် ။ ကျနော်မနက် စောစော အိပ်ရာထတဲ့ အချိန်မှာ ကျနော့်စိတ်ဖြစ်နေမှုကို အနည်းငယ် ဖော်ပြချင်ပါတယ် ။ မနက်အိပ်ယာထထချင်း ကျနော်အသိစိတ်မှာ  အိပ်ယာနိုးမြန်းသိပါတယ် ..အဲ့ဒီအချိန်မှာ  စိတ်ကသိပေမဲ့ ခန္ဓာကိုယ်က ဆက်အိပ်ချင်နေပါသေးတယ် ဒီတော့ မထပဲ အိပ်ယာထဲ လူးလှိမ့်ရင်း သူ့အလိုကို လိုက်မိပြန်ရော .. တကယ် သိစိတ်အတွေးက မထရင် အိပ်ရာထ နောက်ကျမယ် နိုးထချိန်နည်းသွားမယ် ဆိုတာသိပါတယ် . ။ ထိုသို့ကြီးစိုးနေတဲ့ အလိုကို ဦးစားပေးမိလိုက်ရင်တော့ လုပ်ချင်ကိုင်ချင်စိတ် အသိတွေက အလကားဖြစ်သွားပါတယ် ။ ထင်ထားတဲ့ အတိုင်းနောက်မှ သိလိုက်ရတာက တော်တော်ဆိုးပါတယ် ။ အဲ့လို နောက်မှ သိလိုက်တာကို အများပြောနေကြ နောင်တ လို့ ခေါ်ပါတယ် ။။ နောင်တ တိုင်း ဘယ်နောင်တ မှ မကောင်းပါ ဘူး …။

အဲ့ဒီလို အလိုများဟာ ကိုယ့်အတွက် တကယ် လိုသလား ဆိုတာကို ထည့်တွက်စေချင်ပါသေးတယ် ။ တချို့ အလိုတွေဟာ တကယ်လက်တွေ့မှာ မလိုပါဘူး ထိုအရာတွေ မပါဘဲနဲ့ တနေ့တာကိုဖြတ်သန်းနိုင်ပါတယ် ။ ကျနော်တို့တတွေအတွက် အနှောက်အယှက်နည်းအောင် တကယ်လိုအပ်တာတွေကိုပဲ လုပ်တတ်ဖို့ လိုပါလိမ့်မယ် …။အဲ့ဒီလို အလိုများနည်းအောင်နေသွားမယ်ဆိုရင် ဘဝဟာ လေးပင်မနေပဲ ပေါ့ပါးနေပါလိမ့်မယ် ပေါ့ပါးခြင်းနဲ့အတူ ဘဝကိုကျေနပ်ခြင်းများပါ ရရှိလာပါလိမ့်မယ် …။

အလိုတွေများနေတဲ့သူတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်ဆက်စပ်မှုမှာ ဟန်ဆောင်ခြင်းများ လိမ်လည်ခြင်းများဖြင့် စခန်းသွားနေပါလိမ့်မယ် …။ အမှန်သူတို့စိတ်မှာ အလို ဆိုတဲ့ အရာတွေသာ နည်းနေမယ်ဆိုရင် သူတို့ဟာ လိမ်ချင်မှာ မဟုတ်ကြပါဘူး လိုချင်မှုများရှိနေလို့သာ ထိုလိုချင်မှုကရှေ့ဆောင်၍ ခပ်ကြောက်ကြောက် လိမ်လည်ခြင်းများ ဖြစ်ပေါ်စေပါတယ် ။ လိမ်ခြင်း ဟန်ဆောင်ခြင်းမှာ ထိုသူဟာ ကြောက်စိတ်ဖြစ်ပေါ်နေပါတယ် … ။ သူလိမ်တာ လူတွေသိသွားမှာ  ၊ သူဟန်ဆောင်တာ လူတွေ ရိပ်မိသွားမှာတွေကို တွေးကြောက်နေတတ်ပါတယ် ။ စိုးရိမ်နေပါလိမ့်မယ် ။ အဲ့ဒါက အလိုရဲ့ သားကောင်ဖြစ်စေတဲ့ အကြောင်း တစ်ခုပါ ….။

လက်ရှိရောက်နေတဲ့ အချိန် ခုလက်ရှိစာဖတ်နေတဲ့ အချိန်မှာပေါ့ စဉ်းစားကြည့်လိုက်ပါ ။ ကိုယ့်စိတ်ထဲမှာ ဘာတွေလိုချင်နေလဲ …ဆိုတာကို သေချာတွေးကြည့်ပါ ။ ထိုအရာသည် တကယ်လိုအပ်တာလား ….။ သက်သက် လိုချင်စိတ်ကြောင့် ဖြစ်လာတာလား ဆိုတာ တွေးကြည့်စေချင်ပါတယ် ..။ လူတစ်ယောက်မှာ အချိန်တိုင်း အဲ့ဒီလိုဖြစ်ပါတယ် ။ ဖြစ်တဲ့အချိန်မှာ တကယ်လိုအပ်လား မလိုအပ်လား ခွဲခြားပြီး လုပ်ဆောင်တတ်ဖို့လိုပါတယ် ။ သို့မဟုတ်ပါက အချိန်ဖြင့် တည်ဆောက်ထားတဲ့ ကိုယ့်ဘဝကြီးကို လိုချင်မှုများ နောက် လိုက်ပြီး အချိန်အပိုင်းလေးတွေ ဆုံးရှုံးမှုများဖြင့် လုံးပါးပါး သွားစေပါလိမ့်မယ် ။ မည်သူမျှ ဘဝကို အပွန်းအပဲ မခံချင်ကြဘူး . အချိန်မတိုတောင်းချင်ကြဘူး .. တန်ဖိုးမမဲ့စေချင်ကြဘူး ။ ဒါပေမဲ့ အဲ့ဒီလို  လတ်တလောဖြစ်နေတဲ့ အချိန်အပိုင်းအစလေးတွေကို သတိမထားတတ်ကြဘူး ဖြစ်နေကြပါတယ်။ ရပ်တည်နေတဲ့ ကိုယ့်စိတ်ကလေးကိုမှ သတိမထားမိဘူးဆိုရင်တော့ မဖြစ်သင့်တဲ့ အကျိုးမဲ့များ ဖြစ်နေပါလိမ့်မယ် .. ။

အလို များနဲ့ ပတ်သက်ပြီး သတိထားမှု ဟာ တော်တော် အရေးပါသွားပါတယ် ။ မိမိဖြစ်နေတဲ့ အချိန်တိုင်း သတိရှိနေတဲ့ လူတစ်ယောက်ဟာ လုပ်သင့်ခြင်း မလုပ်သင့်ခြင်းများကို ခွဲခြားတတ်သွားစေပါတယ် ။ အချိန်လစ်ဟင်းခြင်း မဖြစ်ပေါ်စေပါဘူး ။ လူမှုဆက်ဆံရေးကိုလည်း မည်သို့သော နည်းလမ်းက မိတ်ဖက်စေသလဲဆိုတာ သိလာပါတယ် ။ ဟန်ဆောင်ခြင်းတွေကိုလည်း မကောင်းမှန်းသိလာပါလိမ့်မယ် ။ မိမိကိုယ်ကိုယ်ကိုလည်း လေးစားလာပါမယ် ..။ ထိုမှတဆင့် အချိန်တွေက သူ့ကို အရောင်ပြောင်လက်လာစေပါတယ် ။ ထိုမှတဆင့် သူဟာ တိုးတက်ခြင်း . ချမ်းသာခြင်း ကြီးမြတ်ခြင်းများနှင့် သဘောထား ပြည့်ဝခြင်းတွေပါ ရရှိလာပါလိမ့်မယ် ။ တစ်ဘက်သားသူအတွက်လည်း လေးစားလိုစိတ်တွေ နဲ့ ကြည်ညိုစိတ်တွေ ဖြစ်ပေါ်လာမယ်ဆိုတာ တကယ်လက်တွေက စကားပြောသွားပါလိမ့်မယ် ..။

ထိုသို့ အလိုများ .. လုပ်ချင် စားချင် သွားချင် နေချင် အိပ်ချင် .. ချင်ပေါင်းမြောက်များ စွာကို တားဆီးပေးနိုင်တဲ့ နည်းလမ်းလေးများ ရှိသလား ဆိုပြီးမေးချင်ပါလိမ့်မယ် ..။ ပြီး သူများလေးစားတဲ့ သူတစ်ယောက် ၊ ချမ်းသာတဲ့ သူတစ်ယောက်လည်း ဖြစ်ချင်တဲ့ ဆန္ဒများလည်းပေါ်ပေါက်နေမယ်ဆိုရင် တစ်ခု ပြောချင်ပါတယ် ။ မိမိစိတ်ကို သတိမြဲစေဖို့ လိုပါတယ်လို့ ဆိုချင်ပါတယ် ။ ဘာလို့ သတိမြဲစေသလဲဆိုရင် အချိန်တိုင်း ကိုယ့်အတွက် လုပ်ဆောင်ဖို့ လမ်းနှစ်လမ်း အမြဲရှိပါတယ် ။ ထိုလမ်းတွေကို သတိနဲ့သာ ဖြတ်သွားတတ် ရွေးချယ်တတ်ဖို့လိုပါမယ်…။ ဒါမှ အကျိုးရှိမယ် .လိုရာရောက်မယ် ။ သတိ သည် အရေးကြီးပါတယ် …။ မိမိ အသက်ရှင်နေစဉ်တစ်လျှောက် သေသည်အထိ သတိ မြဲဖို့လိုပါတယ် ။ ထိုသို့မြဲနေဖို့ ဆိုရင် သတိမြဲစေတဲ့ နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ပျိုးထောင်ထားဖို့ လိုပါလိမ့်မယ် …။

ထိုနည်းလမ်းက လွယ်ပါတယ် ။ ဒါပေမဲ့ လုပ်ဖြစ်ခဲပါတယ် ။ ကျနော် အရင်က ပို့စ်တိုင်းမှာလည်း ထိုနည်းကိုပြောပြ ထားခဲ့ဖူးပါတယ် ။ အဲ့ဒါကတော့ သတိပဌာန် ကို ဆိုချင်ပါတယ် ။ ဘယ်လိုလုပ်ရင် သတိပဌာန် ဖြစ်စေသလဲ ဆိုရင် လုပ်ရပ်တိုင်းကို သတိရှိနေရင် သတိပဌာန်ဖြစ်ပါတယ် ။ ဥပမာ လမ်းလျှောက်နေစဉ် … ထမင်းစားနေစဉ် .. တစ်ခုခု လှုပ်ရှားနေစဉ် တွေမှာ ထို ပြုမူမှုကို ကိုယ့်စိတ်မှာ ထပ်တူ သိနေခြင်းပါ …။(ကျနော်ဆို ငါးမိနစ်ပြည့်အောင် မနေဖူးပါဘူး 😛 ) ။ လုပ်ဖို့လွယ်ပေမဲ့ မလုပ်ဖြစ်တာပါ ။ ဘာကြောင့် မလုပ်နိုင်တာလဲဆိုရင် ငယ်ငယ်ကတိုင် ဖြစ်တည်လာတဲ့ စိတ်က ခုထိ ဟိုပြေးဒီပြေး ကစားနေတုန်းမို့ပါ…။ မမောနိုင် မပန်းနိုင်ပါ ။ မောမှန်းလည်းမသိပါဘူး ။

ကိုယ်ကိုယ်တိုင်ကလည်း သူများတွေ ရေးနေတာ ၊ ပြောနေတာတွေ၊ သင်ပြမှုတွေမှာ ၊ လက်ခံမိတယ် ။ သိတုံးခဏမှာ လုပ်ဖြစ်မယ်ပေါ့ ကိုယ့်စိတ်မှာ ထင်ခဲ့မိတယ် ။ တကယ် တနေ့တာဖြတ်သန်းနေတုန်းမှာတော့ ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ စိတ်က ထွေပြား ပြီး…. မရေရာတဲ့ စိတ်စေရာ လုပ်ရပ်တွေနဲ့ စခန်းသွားခဲ့ပေါင်းလည်းများပါပြီ ။ ထပ်ပြီးလည်း အချိန်မကုန်ချင်ဘူးဟု သိသော်လည်း လတ်တလောဖြတ်သန်းခဲ့တဲ့နေ့တွေက ကိုယ်ကိုယ်ကို  လှောင်ရယ်နေသလို ထင်မိပါတယ် ။ တကယ်တော့ ကိုယ်မလုပ်နိုင်ခဲ့ ခြင်းတွေပါ ..။

လိုအပ်ခြင်းနဲ့ လိုချင်ခြင်းတွေကို ကွဲပြားစေဖို့လိုပါတယ် ။ လိုချင်နေမှုတွေကို လျှော့နိုင်သမျှ လျှော့ပါ ထို့နောက် သင် စိတ်ချမ်းသာလာတာကို ထိတွေ့ခွင့် ရလာပါလိမ့်မယ် …။ လောကကြီးအတွင်းမှာ သဘောတရားပေါင်းမြောက်များစွာက ခုန်ပေါက်ပြေးလွှားနေသလို ရပ်တည်ပြီးတော့လည်း မနေတတ်ဘူး .။ မနည်း ထိန်းညှိပြီး ပြုပြင်တတ်ပါမှ တော်ရာကြပါလိမ့်မယ် ..။ ဟုတ်တယ် .. ဒီလောက်ပဲ ကျနော်ပြောနိုင်ပါတယ် … ။ ဘာလို့လဲဆို ဘာမှ မတတ်သေးလို့ပါ ..။

အချိုးအစားကျကျ လောကကို လက်ပေါ်တင်ပြီး လှည့်ကစားနိုင်ပါစေလို့ တောင်းဆုပြုရင်း …. တော်သေးပြီ။

1-2-2011

ဘာနေ  …

Advertisements

3 thoughts on “အလိုများနှင့် ချင်ခြင်း

  1. လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်အသုံးပြုပါ ဆိုတဲ့
    မင်းကွန်းဆရာတော်ရဲ့သြ၀ါဒလေးကို သွားသတိရမိပါတယ် ။ ဒါပေမယ့် ခက်နေတာက စိတ်ပဲ ။
    “စိတ်သည်မကောင်းမှု၌ပျော်မွေ့၏”လို့တရားထဲမှာဖတ်ဘူးပါတယ် ။ ဘုရားကတော့ နိဗ္ဗာန်ရောက်ကြောင်း
    ကလွဲလို့ကျန်တာတွေကို အကျိုးမဲ့တွေလို့ဟောထားပါတယ် ။ အာရုံတွေမှာကျက်စားနေတဲ့စိတ်ကိုထိန်း
    သိမ်းရတာအလွန်ခက်ပါတယ် ။ သင်္ဂဇာဆရာတော်ရဲ့ပုံပြင်ထဲမှာတော့ နွားခြောက်ကောင်နိုင်အောင်ကျောင်း
    လို့ဆိုထားတာဖတ်ဖူးပါတယ် ။ ဒါပေမယ့်နိုင်အောင်ကျောင်းဖို့ရာမလွယ်ပါ ။ ဘ၀တစ်ခုကိုနှစ်ပိုင်းခွဲကြည့်
    ချင်ပါတယ် ။ လောကုတ္တရာအပိုင်းနဲ့ လောကီအပိုင်းပါ ။ လောကုတ္တရာအပိုင်းကလွယ်ပါတယ် ။
    နိဗ္ဗာန်ရောက်ကြောင်းမှာပဲစိတ်နှစ်ထားရင်ပြီးတာပါပဲ ။ လောကီအပိုင်းကခက်ပါတယ် ၊ လူတစ်ယောက်
    ရဲ့ရှင်သန်နေချိန်တစ်ရက်ကို အိပ်ရာထချိန်ကို 6 နာရီနဲ့ အိပ်ချိန်ကို 10 နာရီသတ်မှတ်မယ်ဆိုရင်
    ရှင်သန်ချိန် တစ်နေ့မှာ 16 နာရီရှိမယ် ။ ပညာသင်နေတဲ့အရွယ်တွေကတော့ထားလိုက်ပါ ။
    လူရွယ်ပိုင်းတွေပေါ့ ။ တစ်ဦးနဲ့တစ်ဦှးရှင်သန်နေရပုံခြင်းမတူတော့ အချိန်တွေကိုဖြတ်သန်းပုံကလည်း
    ကွဲပြားသွားပါတယ် ။ ဥပမာအနေနဲ့ အသိတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ် ။
    သူကကျောက်လုပ်ငန်းနဲ့အသက်မွေးသူပါ ။ အိမ်ထောင်မရှိသေးပါဘူး ။ သူရဲ့အချိန်ဖြတ်သန်းကပုံက
    ဒီလိုပါ ။ မနက်အိပ်ရာထ ဘုရားရှိခိုးပါတယ် ။ 7 -နာရီဆို ကျောက်ဝိုင်းသွားပါတယ် ။
    အကြိုက်တွေ့လို့ဝယ်နိုင်ရင်ဝယ် မ၀ယ်နိုင်ရင် 10 -နာရီပြန်လာ ။ နေ့လည် 1-နာရီပြန်သွား ။
    4-နာရီပြန်လာ ။ သူရဲ့အလုပ်လုပ်ချိန်က တစ်နေ့ကို 6-နာရီရှိပါတယ် ။ ဒါက အလုပ်မဖြစ်တဲ့နေ့
    မှာပါ ။ အလုပ်ဖြစ်ရင်ပိုပါတယ် ။ (အလုပ်ရှိရင်နေ့ရောညရောလုပ်ရပါတယ် ) ပြောချင်တာက
    ကျန်တဲ့ရှင်သန်ချိန် 10 နာရီအချိန်ကိုပါ ။ သူအချိန်တွေကိုဘယ်လိုအသုံးချလဲလို့ကြည့်မိပပါတယ်။
    နာရီဝက်လောက်တရားအားထုတ် ။ စာဖတ် ။ လုပ်တာတွေကိုတွေ့ရပါတယ် ။ ကျန်တဲ့အချိန်တွေ
    ကတော့ဖြုန်းတီးပစ်နေတာကိုတွေ့နေရပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင် ၊ အရက်ဆိုင်ရောက်လို့
    ရောက် ၊ ကြွေပစ်လို့ပစ် ၊ ချက်ထိုးရင်ထိုး ပေါ့ ။
    ဘာကြောင့်အချိန်တွေကိုဖြုန်းတီးပစ်နေရသလဲလို့တွေ့ကြည့်မိပါတယ် ။
    နံပါတ်တစ်အချက်က အလုပ်အဆင်မပြေတာပါပဲ ၊ လှေလှော်ရင်းတက်ကျိုးဆိုသလိုပါ ။
    လုပ်တိုင်းမဖြစ်သူတွေတပုံကြီးပါ ။ အလုပ်မရှိတော့ အချိန်တွေပိုပါတယ် ။ ပိုတဲ့အချိန်တွေမှာ
    အာရုံကောင်းတွေမှာပဲစိတ်ကိုနှစ်ထားလို့မရကြပါဘူး ။ ကိုယ်သန်ရာသန်ရာလေးတွေနဲ့အချိန်ကို
    ဖြုန်းမိတတ်ကြပါတယ် ။ (ခိုး လိမ် ညာ သူတွေဘ၀ကတော့ထားလိုက်ပါ ) ။
    ရှင်သန်နေရတဲ့ အချိန် 16 နာရီလုံးမှာ အလေဏတောတွေနဲ့ပဲကုန်ဆုံးသွားမယ်ဆိုရင်တော့
    ဆိုးဝါးစွာရှင်သန်ခြင်းလို့ဆိုရပါမယ် ။ ဖတ်ဘူးတဲ့ကဗျာလေးကိုလက်ဆင့်ကမ်းချင်ပါတယ် ။
    ကုသိုလ် ဥစ္စာ ၊ တတ်ပညာနဲ့ ၊
    ကျန်းမာ သိမ်ဂုဏ် ၊ မရတုံပဲ ၊
    ချိန်ကုန်သွားရာ ၊ ထိုနေ့တာကား ၊
    လွန်စွာနှမြောဘွယ်ပင်တည်း ။ တဲ့ ။
    တစ်နေ့တစ်နေ့မှာတစ်ခုခုရခဲ့ဖို့သာအရေးကြီးပါတယ် ။
    လယ်တီဆရာတော်ဘုရားကြီးကတော့ငမိုက်သားတွေကိုဒီလိုဆုံးမခဲ့ပါတယ်။
    (ဂ)တန်းပြဌာန်းစာအုပ်ထဲလားမသိဘူးပါပါတယ်။
    ငါးအာရုံဘင်အစု ၊ ခင်မှုနှင့်နေ့ကုန် ၊
    နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း ။
    ပါယ်လေးဝသောကဘုံမှာ ၊ မျှောရရုံရှိတော့ခမန်း ။
    အောက်အ၀ီစိသောင်းအငူမှာ ၊ ခေါင်းမပြူစတမ်း ၊
    နှစ်အရှည် နစ်မည်လမ်းကိုလ ၊ နင်မျှော်စမ်း နင့်ကိုယ် ။
    ဒီလောဘစရိုက်အိုကို မလိုက်လိုရှောင်ပစ်လို့ ၊
    နောင်အသစ်တကယ်ပြင်လျင် ကောင်းဖို့အစဉ် ။
    ခွင့်သာခိုက်မှမလိုက်ချင်လျင် ၊ အမိုက်နင့်ပြင်ရှိသေးလေးလိမ့်လား ။
    ခွင့်သာဆဲမှမခဲချင်လျင် ၊ အလွဲနင့်ပြင်ရှိသေးလေလိမ့်လား ။
    ခွင့်သာတုန်းမှ မရုန်းချင်လျင် ၊ အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား ။
    မှားနေရင်တော့ပြင်ဖတ်စေချင်ပါတယ် ။ မိတ်ဆွေကြီးပြောတဲ့ “အလို”ဆိုတာ
    “ဒီလောဘစရိုက်အို”ပါပဲ ။ လောဘဆိုတာ တပ်နှစ်သက်မှုလို့သိရပါတယ် ။ တပ်နှစ်သက်မှုက
    အာရုံတွေပေါ်မှာရှိပါတယ် ။ အာရုံတွေနဲ့ကင်းကွာလို့မရတဲ့စိတ်က အမြဲတမ်းကောင်းမှုဘက် ၊
    အကျိုးရှိမဲ့ဘက် မှာကြီးပဲထားလို့မရတာ လောကီလူသားတွေပဲပေါ့ဗျာ ။
    ရောဂါရမယ်မှန်းသိရက် ဆေးလိပ်သောက်သလိုမျိုးပေါ့ ။
    လေလွင့်အချိန်တွေထဲက ကောင်းတာလေးတွေရနိုင်သမျှသဲ့ယူထားနိုင်ဘို့ပဲလိုတယ်ဗျို့ ။
    ဗဟုသုတပွါးများခြင်းသည်လည်း မင်္ဂလာတစ်ပါးပါပဲလေ။

    1. ကျေးဇူးပါဗျာ .. အဲ့လိုလေးရေးပေးသွားတော့ ပိုပြီး သိလိုက်ရတာပေါ့ဗျာ .. ဟုတ်ပါတယ် လူ့ဘဝရခဲ တယ်ဆိုတဲ့ အသိကို စာပေတွေ တရားတွေထဲမှာပဲ ထားကြတာများတယ်ဗျာ .. တကယ်လက်တွေ့မှာ စိတ်ထဲ မရှိကြဘူး …. 😛 😛

  2. အင်း .. စိတ်ထဲမရှိတာတော့ ပြောမပြောချင်တော့ဘူးကွယ် . . ကိုဘာနေရေးထားတာရော ကိုဂါးရေးထားတာရော သေသေချာချာဖတ်ဖြစ်ပါတယ် . . စာတွေကတကယ်ကိုကောင်းတယ် . အမြဲတမ်းကျင့်ကြံနေဖို့ဆိုတာ ညီမတို့တွေမဖြစ်နိုင်သေးပေမယ့် တခဏအတွက်တော့ စိတ်ကိုအေးချမ်းသွားစေကြောင်းပါ . ဒီ့အတွက်အများကြီးကျေးဇူးတင်မိတယ် . အင်တာနက်အွန်လိုင်းကို တလွဲသုံးနေတဲ့သူတွေကြားမှာ ဒီလိုအကျိုးရှိတဲ့စာမျိုးတွေရေးနေတဲ့ သူတွေရှိနေတာ အရမ်းကိုဝမ်းသာမိတယ် . .

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s